
နန်းယု/MFP၊ စက်တင်ဘာ – ၁၄
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေးရွာတွေကို စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံနှစ်ဦး ထိခိုက်သွားခဲ့ပြီး တစ်ဦးက လက်ချောင်းတွေ ပြတ်တောက်သွားခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၁၄ရက်နေ့ မနက်ပိုင်းမှာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကျွန်းကြီးရွာဘက်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဝက်လက်နယ် အရှေ့ခြမ်း ကိုင်းဖြူရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၅၂ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး လက်ချောင်းတွေ ပြတ်တောက်သွားသလို အမျိုးသားတစ်ဦးလည်း လက်မှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
“စဉ့်ကူးမြို့နယ် ကျွန်းကြီးရွာကနေ ပစ်တဲ့ ၈၁ လက်နက်ကြီး တစ်ချက်က ဝက်လက်မြို့နယ်အရှေ့ခြမ်းက ကိုင်းဖြူရွာထဲမှာ ကျပြီးတော့ စစ်ဘေးရှောင် အမျိုးသမီး အသက် ၅၂ နှစ်အရွယ်တစ်ဦး လက်ချောင်းတွေ ထိမှန်ပြီး လက်ချောင်းတွေ ပြတ်သွားတယ်လို့ သိရတယ်။ နောက်တစ်ယောက်ကိုလည်း ထိမှန်ထားတယ်လို့ သိရပေမယ့် အရမ်းကြီး မစိုးရိမ်ရဘူး” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဲဒီကျေးရွာတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ အခုလိုပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်အုပ်စုက လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်လက်လုပ်လာနိုင်သေးတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ကိုလည်း ဝက်လက်မြို့နယ် ပကဖက အသိပေးထားပါတယ်။
စစ်အုပ်စုဟာ ဒီနှစ်အတွင်းမှာ ဝက်လက်နယ်ကို အခုလို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာအပြင် လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ကလည်း ဆိုးရွားတဲ့ရေဘေး ကြုံနေစဉ်အတွင်းမှာပဲ အသေခံဒရုန်းတွေနဲ့ ဝက်လက်မြို့အရှေ့ခြမ်းကို ဗုံးသီးချတိုက်ခိုက်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့မေလ၊ဇွန်နဲ့ ဇူလိုင်လတွေအတွင်းမှာလည်း အသေခံဒရုန်းတွေနဲ့ ဗုံးကြဲခဲ့လို့ ဝက်လက်နယ်အတွင်းက ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံ ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
စစ်အုပ်စုဟာ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းကတည်းက ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုး၊ မီးရှို့၊ဗုံးကြဲသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ကျေးရွာ ၁၄ ရွာက ပြည်သူ ၈,၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးသူတွေ အများအပြား ရှိနေသေးတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။



