
မှူးအိန်ဂျယ်လ်/MFP၊ စက်တင်ဘာ ၁၇
မန္တလေးမြို့ဂေါဝိန်ဆိပ်ကမ်းကနေ ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေရာ ဒီနေ့ မနက်ပိုင်းမှာလည်း ရွှေကူမြို့အနီးမှာ ရေယာဉ်တစ်စီး ထပ်မံတိုက်ခိုက်ခံရကာ မီးလောင်ပျက်စီးခဲ့ပြီး တိုက်ခိုက်ခံရတဲ့ စစ်ရေယာဉ်အစီးစုစုပေါင်း၂၀ နီးပါးရှိလာပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက MFPကိုပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၇ ရက် မနက် ၉ နာရီခွဲခန့်မှာ ရွှေကူကနေ ဗန်းမော်ကိုတက်မယ့် စစ်သင်္ဘောနှစ်စီးကို ရွေကူမြို့အနီး ကျွန်းတော်ကျေးရွာဘက်ကို ကပ်လာချိန်မှာ တော်လှန်ရေးတပ်တွေက FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ တစ်စီးမီးလောင်သွားတယ်လို့ ရွှေကူနယ်မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။



“ဒီမနက်က ရွှေကူလောက်ကနေ ၉ နာရီခွဲလောက်မှာ FPV နဲ့ နှစ်စီးတိုက်တာ၊ တစ်စီးမီးလောင်သွားတာ။ မီးလောင်သွားတော့ သူတို့က မီးသတ်ကားနဲ့ရေဖြန်းနေတာ။မီးသတ်ကားကိုလည်း ဝင်ကျုံးထားတယ် ။ရွှေကူကနေ ကျွန်းတော်ဆိုတဲ့ ရွာရှိတယ်။ အဲဒီရွာကိုကပ်တာ။ အဲဒီအချိန်မှာ မော်တော်ဘုတ်တွေက ဟိုသွားလိုက် ဒီသွားလိုက်၊ ဟိုပြေးလိုက် ဒီပြေးလုပ်တဲ့အခါကျတော့ ကျွန်တော်တို့ဆီက FPV နဲ့ သွားတိုက်တာပါ” လို့ ၎င်းက ပြောပါတယ်။
မနေ့က စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာလည်း ရွှေကူမြို့ကနေ ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောသုံးစီးကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ တစ်စီးနစ်မြုပ်ခဲ့သလို မနေ့က မနက်ပိုင်းမှာပဲ ဗန်းမော်မြို့ကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘော ငါးစီးကိုလည်း ဗန်းမော်အောက်ဘက် စာဝတီး၊ မြလယ်နဲ့ စင်းခန်းတံတားအကြားမှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး သင်္ဘောအများစု ထိခိုက်ပျက်စီးကာ တချို့နစ်မြုပ်ခဲ့တယ်လို့ ရွှေကူနယ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
KIAလက်အောက်ခံ LAIZA TV ရဲ့ ထုတ်ပြန်ချက်အရလည်း စက်တင်ဘာ ၁၆ ရက်မှာ ဗန်းမော်ဘက်ကနေ စုန်ဆင်းလာတဲ့ သင်္ဘောငါးစီးကို စင်းခန်းတံတားအနီးနဲ့ ဇင်းဘုံအနီးမှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ သင်္ဘောလေးစီး နစ်မြုပ်သွားတယ်လို့ ဆိုပါတယ်။
KIA ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၄ ရက် မနက် ၇ နာရီခန့်မှာလည်း ဗန်းမော်မြို့ကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သွားသလို စက်တင်ဘာ ၁၃ ရက်ကလည်း ရွှေကူနဲ့ ဗန်းမော်အကြား ဧရာဝတီမြစ်ကြောင်းမှာ သင်္ဘောလေးစီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIAလက်အောက်ခံ LAIZA TVက ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၁ ရက်ကလည်း ရွှေကူမြို့အနီးမှာ တွန်းတွဲရေယာဉ် ၂ စီးနဲ့ Speed Boat ၁ စီး စုစုပေါင်း ရေယာဉ် ၃ စီး တိုက်ခိုက်ခံခဲ့ရတယ်လို့ ရွှေကူစစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။
စက်တင်ဘာ ၂ရက်ကလည်း ရွှေကူနယ် စင်းခန်းတံတားအကျော်မှာလည်း စစ်ရေယာဉ် သုံးစီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကာ စစ်ရေယာဉ်နှစ်စီး အလံဖြူထောင် ကမ်းကပ်ခဲ့ပြီး တပ်မှုး၊အရာခံဗိုလ်၊တပ်ကြပ်ကြီး၊ တပ်ကြပ်၊ဒုတပ်ကြပ်နဲ့ တပ်သားစုစုပေါင်း ၈၄ ဦး၊အဓမ္မစစ်မှုထမ်းစုဆောင်ခံရသူ လူငယ်တွေနဲ့ တပ်မိသားစုဝင်တွေအပါအဝင် စုစုပေါင်း (၁၅၁)ယောက် အလင်းဝင်လာခဲ့ပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့က မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ၁၅စီးပါ စစ်ရေယာဉ်အုပ်စုထဲက ရှစ်စီးထက်မနည်းတိုက်ခိုက်ခံခဲ့ရပါတယ် ။ အဲဒီနောက် စက်တင်ဘာ ပထမပတ်အတွင်း မန္တလေးဘက်ကနေ ၃၁စီးပါ ဒုတိယ စစ်အုပ်စုရေယာဉ်တွေ ထပ်မံ ဆန်ဆက်လာခဲ့ပြီး လေးစီးက ကချင်ဘက်ကို ဆက်တက်လာခဲ့ရာမှာလည်း ထပ်မံတိုက်ခိုက်တာတွေ ရှိခဲ့တာပါ။
ဒီနေ့အချိန်အထိ မန္တလေးကနေ ဗန်းမော်ကို တက်လာတဲ့ စစ်အုပ်စုရေယာဉ်အကြီးအသေးနဲ့ စက်လှေ အစီး(၂၀)နီးပါး တိုက်ခိုက်ခံထားရပြီလို့လည်း LAIZA TVနဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
အဲဒီလို စစ်သင်္ဘောတွေ တိုက်ခိုက်ခံရလို့ အထိနာနေတဲ့စစ်အုပ်စုဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း ရွှေကူနဲ့ဗန်းမော်အကြားကို လေကြောင်းကနေ နေ့ရောညပါ ဗုံးပတ်ကြဲတာတွေပြုလုပ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဗန်းမော်ဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ရွှေကူဘက်မှာတော့ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ မြေပြင်ရဲဘော်တစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ တစ်လနီးပါးအတွင်း ကချင်ပြည်နယ် ရွေကူနဲ့ ဗန်းမော်တလျှောက် ရေကြောင်းနဲ့ မြေပြင်တိုက်ပွဲတွေကြောင့် စစ်အုပ်စုဘက်က သေဆုံးသူအရေအတွက် ရာနဲ့ချီရှိတယ်လို့လည်း ရွှေကူနယ်မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
“သူတို့မြှုပ်ထားတာ။ အလောင်းတွေ ပုံနေလို့ ကျွင်းတောင်နက်နက်တောင် မတူးနိုင်ဘူး ပုပ်စော်တွေလည်းနံလို့ဗျာ။”လို့ မြေပြင်ရဲဘော်တစ်ဦးကပြောပါတယ်။
မန္တလေးမြို့ကနေ ဗန်းမော်မြို့ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်စုတွေထဲမှာ တိုက်ခိုက်ရေးသင်္ဘော၊ တွန်းသင်္ဘော၊ စပိဘုတ်နဲ့ ကုန်တင်ရေယာဉ်တွေ ပါဝင်ပြီး KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ရွှေကူမြို့အနီး ပတ်ဝန်းကျင်ကျေးရွာ (၁၀)ရွာထက်မနည်း စစ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်အုပ်စုသင်္ဘာတွေ တိုက်ခိုက်ခံခဲ့ရစဉ်/ ဓာတ်ပုံ-မြေပြင်စစ်ရေးသတင်းရင်းမြစ်



