မန္တလေးမှာ အသက်မပြည့်သေးတဲ့ ကျောင်းသားတွေ စစ်မှုထမ်းစာရင်းသွင်းခံရ၊အုပ်ချုပ်ရေးမှုးတွေရဲ့ ဆွေမျိုးတွေကို မဲစာရင်းကနေ ထုတ်တာတွေ လုပ်နေတယ်လို့ဆို

Phoenix/MFP၊ စက်တင်ဘာ-၁၇
မန္တလေးမှာ အသက် ၁၈ နှစ်မပြည့်သေးဘဲ အခြေခံပညာအထက်တန်း (Grade 10)တက်ရောက်နေတဲ့ ကျောင်းသားတွေကိုပါ မဲစာရင်းထဲ ထည့်သွင်းထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေ၊ရာအိမ်မှုးတွေရဲ့ ဆွေမျိုးတွေကိုတော့ မဲစာရင်းတွေထဲကနေ ထုတ်ဖို့လုပ်နေတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်က ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်မြင်တန်ရပ်ကွက်မှာလုပ်တဲ့ မဲနှိုက်ပွဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ Grade 10 ကျောင်းသားတွေကိုပါ စာရင်းသွင်းထားသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေရဲ့ ဆွေမျိုးတွေကို မဲစာရင်းကနေ ဖယ်ထုတ်ဖို့ လုပ်ဆောင်တာမျိုးတွေ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် မဲစာရွက်တွေကို ရည်ရွယ်ချက်ရှိရှိ ထပ်မံထည့်သွင်းတာမျိုးတွေနဲ့ တချို့လူတွေကို မဲနှစ်ကြိမ် နှိုက်ခိုင်းတာမျိုးတွေလည်း လုပ်နေတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
စစ်မှုထမ်းမဲစာရင်းတွေထဲမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းလို့ အတန်းတက် နောက်ကျနေကြတဲ့ အခြေခံပညာကျောင်းသားတွေကိုပါ ထည့်သွင်းထားတာကြောင့် မိဘတွေဟာ ကျောင်းထောက်ခံစာ လာရောက်ထုတ်ယူတာတွေ လုပ်နေကြရတယ်လို့လည်း ပညာရေးဝန်ထမ်းတစ်ဦးက MFP ကို ပြောပါတယ်။
“စစ်မှုထမ်းအမည်ပါလို့ဆိုပြီး ဒီရက်ပိုင်း အခြေခံပညာသင်ယူနေဆဲ ကလေးတွေရဲ့ မိဘတွေက ထောက်ခံစာလာယူကြတာတွေ ရှိတယ်” လို့ အဆိုပါပညာရေးဝန်ထမ်းက ပြောပါတယ်။
လက်ရှိအချိန်မှာ အုပ်ချုပ်ရေးမှူးအသစ်တွေက စစ်မှုထမ်းမဲစာရင်းအသစ်တွေ ပြုလုပ်ပြီး ရပ်ကွက်တိုင်းမှာ ဒုတိယအကြိမ်အဖြစ် မဲနှိုက်ခိုင်းနေတာဖြစ်ပြီး ကျောင်းတက်နေဆဲ ကျောင်းသားတွေနဲ့ ယခင်စစ်မှုထမ်း မဲပေါက်လို့ လူစားထိုးခံထားရသူတွေပါ မဲစာရင်းထဲ ပြန်လည်ပါဝင်လာတာပါ။
လက်ရှိအချိန်မှာ စစ်မှုထမ်းကင်းလွတ်ခွင့် ရချင်လို့ အုပ်ချုပ်ရေးမှုးတွေနဲ့ ပျူစောထီးတွေကို ပေးရတဲ့ ငွေပမာဏကလည်း အရင်ကထက် ပိုများလာပြီး တစ်ဦးကို ငွေကျပ် သိန်း ၁၀၀ အထက်ရှိလာတယ်လို့ ဆိုပါတယ်။ အဲဒီလို စစ်မှုထမ်း ကင်းလွတ်ခွင့်ရချင်လို့ ငွေပေးထားသူတွေကလည်း နောက်တစ်ကြိမ် မဲစာရင်းမှာ ပြန်ပါလာတယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
“မိတ်ဆွေတစ်ယောက်လည်း ပထမအကြိမ်မှာ အရင်အုပ်ကြီးက စစ်မှုထမ်းမဲပေါက်လို့ဆိုတော့ ကိုယ်စားဆိုပြီး ပိုက်ဆံပေးလိုက်ရတယ်။ အခု ဒုတိယအကြိမ် မဲစာရင်းမှာ ပြန်ပါလာတယ်။ သက်သက်ကို ငွေရှာနေကြတာပါဗျာ” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့မှာ အုပ်ချုပ်ရေးမှူးအသစ်တွေ နေရာရလာပြီးနောက် စစ်သားသစ်စုဆောင်းမှုတွေ ပိုမိုလုပ်ဆောင်လာသလို လမ်းသွားလမ်းလာနဲ့ အလုပ်သွားအလုပ်ပြန်သူတွေကို ပေါ်တာဆွဲတာ၊ နေအိမ်တွေထဲအထိ စီးနင်းဝင်ရောက်ပြီး ပေါ်တာဆွဲတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်မှုထမ်းမဲနှိုက်ပွဲကို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေ မဖြစ်မနေ လာရောက်ရမှာဖြစ်ပြီး မိဘတွေကိုယ်တိုင် လာရောက်တာမရှိပါက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကိုယ်စားပြု မဲနှိုက်ပေးမယ်လို့လည်း ကြေညာထားပါတယ်။
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပေါ်တာဆွဲခံရသူ ၁၁ဦးရှိရာက ဩဂုတ်လအတွင်းမှာတော့ ၅၅ ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။ အဲဒီစာရင်းဟာ မန္တလေးမြို့ခံ မြေပြင်ကင်းထောက်အဖွဲ့တစ်ခုဖြစ်တဲ့ Voice of Mandalay (Vomdy) ရဲ့ ဖော်ပြချက်နဲ့ MFP က ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံတွက်ချက်ထားတာဖြစ်ပြီး မြေပြင်မှာ ပေါ်တာဆွဲခံရသူအရေအတွက် ပိုမိုများပြားနိုင်ပါတယ်။
လက်ရှိ မန္တလေးမြို့ပေါ် ရပ်ကွက်တိုင်းမှာ ကျောင်းသားတွေကိုပါ မချန် စစ်မှုထမ်းမဲနှိုက်ခိုင်းနေတာဟာ အုပ်ချုပ်ရေးမှူးအသစ်တွေက စစ်အုပ်စုကို မျက်နှာချိုသွေးဖို့နဲ့ ငွေရှာဖို့ အာဏာပြဂွင်ဆင်နေတာဖြစ်တယ်လို့ မြို့ခံတွေက သုံးသပ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်မတ်လကစပြီး နိုင်ငံတဝန်းက လူငယ်တွေကို လမ်းပေါ်တွေ၊အလုပ်သွားအလုပ်ပြန်နေရာတွေ၊ခရီးသွားကားတွေနဲ့ နေအိမ်တွေထဲအထိ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေပြီး ရက်တိုသင်တန်းတွေပေးကာ နိုင်ငံတဝန်းက စစ်မက်ဖြစ်ပွားရာဒေသတွေကို အသေခံပေးပို့ စေလွှတ်နေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ စစ်မှုထမ်းသင်တန်းကျောင်းတွေမှာ ထွက်ပြေးဖို့ ကြိုးပမ်းတဲ့ သင်တန်းသားတွေကို ပစ်ခတ်ဖမ်းဆီးတာတွေလုပ်နေသလို ပြန်လည်ဖမ်းမိတဲ့သူတွေကိုလည်း အပြင်းအထန် နှိပ်စက် ရိုက်နှက်တာတွေ လုပ်နေတာကြောင့် အသက်သေဆုံးသူတွေနဲ့ ကိုယ်လက်အင်္ဂါထိခိုက်သူတွေရှိသလို လစာငွေဖြတ်တောက် ခေါင်းပုံဖြတ်ခံတာတွေလည်း ရှိနေတယ်လို့ စစ်မှုထမ်းအပါအဝင် စစ်ဘက်ဆိုင်ရာ ကိစ္စတွေကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့စည်း Myanmar Defense and Security Institute-MDSI ကထုတ်ပြန်ထားပါတယ်။
ပေါ်တာဆွဲစစ်မှုထမ်းအင်အား လိုအပ်ချက်မြင့်မားနေတဲ့ အာဏာသိမ်းစစ်အုပ်စုဟာ လစဉ် လူငယ်အယောက် (၅၀၀၀)နှုန်းနဲ့ လူသစ်စုဆောင်းနေပြီး လက်ရှိအချိန်မှာ စစ်မှုထမ်းအမှတ်စဉ် (၂၈) အထိ သင်တန်းဖွင့်လှစ်ထားသလို စစ်သင်တန်းကျောင်း (၂၇)ကျောင်းအထိ ထပ်တိုးဖွင့်လာနေတယ်လို့လည်း MDSI အဖွဲ့က ဆိုပါတယ်။
ပြီးခဲ့တဲ့လပိုင်းက မန္တလေးမြို့ပေါ် ရပ်ကွက်တစ်ခုမှာ စစ်မှုထမ်းအတွက် မဲနှိုက်ခိုင်းနေစဉ် /Photo – စစ်အုပ်စု



