ဗန်းမော်က စစ်သင်္ဘောအုပ်စု စုန်ဆင်းလာချိန် မိုးတားလေးရွာကို ဗုံးကြဲလို့ အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

နန်းယု/MFP၊ စက်တင်ဘာ – ၁၈
ဗန်းမော်ကို လူ၊လက်နက်၊ရိက္ခာတွေပို့ပြီး ပြန်လာတဲ့ စစ်သင်္ဘောအုပ်စုတွေ ပြန်လည်စုန်ဆင်းလာချိန်မှာ ဝေဟင်ကနေ လုံခြုံရေးယူနေတဲ့ စစ်အုပ်စုက စစ်ကိုင်းတိုင်း ၊ကသာမြို့နယ်၊မိုးတားလေးရွာအရှေ့ဘက်ကို ဗုံးကြဲခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရသွားတဘ်လို့ ကသာမြို့နယ် စစ်ရေးသတင်းရင်းမြစ်က MFPကို ပြောပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့က စစ်အုပ်စုရဲ့ တိုက်ခိုက်ရေးသင်္ဘောတွေအပါအဝင် (၁၉)စီးပါ သင်္ဘောအုပ်စုဟာ ဗန်းမော်နဲ့ ရွှေကူကနေ မန္တလေးဘက်ကို ပြန်လည်စုန်ဆင်းလာချိန် ညနေ ၃ နာရီလောက်မှာ ကသာမြို့နယ်၊ မိုးတားလေးရွာအရှေ့ဘက် မြစ်ကမ်းတလျှောက်ကို တိုက်လေယာဉ် လေးစီးနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
“မနေ့က ရွှေကူကနေ ဆင်းလာတဲ့ သင်္ဘောတွဲတွန်း၊ ကမ်းကပ်အပါ စုစုပေါင်း ၁၉ စီး ဆင်းတာပါ။ မိုးတားလေးအရှေ့ရပ်ဘက်မှာ လေကြောင်းကျလို့ လူတစ်ဦးက သေပြီး တစ်ယောက်က ခြေပြတ်၊ လက်ထိတာကလည်း တစ်ဦးပါ။ ပြည်သူတွေပါ။ ဂျက်ဖိုက်တာနဲ့ ချတာပါ။ Y-12 ကတော့ အမြဲလုံခြုံရေးယူပြီး ပျံသန်းပေးနေတာပါ” လို့ ကသာမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်သွားသလို နောက်ထပ်အမျိုးသားတစ်ဦး လက်မှာထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်လို့ ဆိုပါတယ်။
ဗန်မော်နဲ့ ရွှေကူဘက်ကနေ စုန်ဆင်းလာတဲ့ သင်္ဘောအုပ်စုမှာ တိုက်ခိုက်ရေးသင်္ဘောတွေ၊ ဖလပ်သင်္ဘောတွေနဲ့ တွဲတွန်းသင်္ဘောတွေ အပါအဝင် စုစုပေါင်း သင်္ဘော ၁၉ စီးခန့်ပါပြီး သင်္ဘောအုပ်စု စုန်ဆင်းလာချိန်မှာ မြစ်ကမ်းဘေးက ပြည်သူတွေ အထူးဂရုစိုက်နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။
အဲဒီသင်္ဘောအုပ်စုဟာဟာ ဗန်းမော်၊ရွှေကူဘက်ကနေ ကသာဘက်ကို စုန်ဆင်းလာတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာ ကသာမြို့နယ် သဖန်းကိုင်းအနီးကို ရောက်ရှိနေတယ်လို့ ကသာမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်ကလည်း မိုးတားလေးနဲ့ ဗောဓိကုန်းအနီးကနေ သင်္ဘောတွေ စုန်ဆင်းလာချိန်မှာ စစ်အုပ်စုက သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့လို့ မိုးတားလေးရွာက နေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
အခုလို စစ်အုပ်စု သင်္ဘောတွေ စုန်ဆင်းလာချိန်တိုင်းမှာ မြစ်ကမ်းဘေးတလျှောက် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာ၊လေကြောင်းတိုက်ခိုက် ရန်ပြုတာတွေ လုပ်နေတာကြောင့် မြစ်ကမ်းနံဘေးကျေးရွာတချို့က ပြည်သူတွေ ရှောင်တိမ်းနေကြတယ်လို့ ဆိုပါတယ်။
မနေ့က စက်တင်ဘာ ၁၇ ရက် ည ၈ နာရီခွဲခန့်မှာလည်း စစ်ကိုင်းတိုင်း၊ မတ္တရာမြို့နယ်၊ ဗိုလ်ကြီးကုန်းရွာက ဘုန်းကြီးကျောင်းကို အူဒိန်ရွာအနောက်ဘက်ကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး သံဃာတော်တစ်ပါး ဒဏ်ရာရရှိခဲ့တယ်လို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်တာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတာဖြစ်ပြီး အာဏာသိမ်းကာစကနေ ဇွန်လကုန်အထိ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ် (၁၂၈၉၆)ကြိမ် ရှိခဲ့ပြီး နိုင်ငံတဝှမ်းက ဆေးရုံ၊ဆေးခန်းနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့နေရာ (၃၅၀)ကျော် အပါအဝင် အရပ်သားပိုင် အဆောက်အအုံ (၁၄၄၈)ခု ဖျက်ဆီးခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်သင်္ဘောအုပ်စုတွေ ပြန်လည်စုန်ဆင်းလာချိန်မှာ ဝေဟင်ကနေ လုံခြုံရေးယူနေတဲ့ စစ်အုပ်စုက စစ်ကိုင်းတိုင်း ၊ကသာမြို့နယ်၊မိုးတားလေးရွာအရှေ့ဘက်ကို လေကြောင်းတိုက်ခိုက်သွားစဉ်/ဓာတ်ပုံ-ဒေသခံ



