သတင်း

ချင်းတောင်ပိုင်းထိုးစစ်ကို ခုခံထားနိုင်သေးတယ်လို့ CDF-ပလက်ဝ စစ်ဦးစီးချုပ်ပြော

ဒံယေလ/MFP၊စက်တင်ဘာ-၁၈

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို စစ်အုပ်စုက လေးလကျော်အကြာ အင်အားအလုံးအရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် အခုအချိန်အထိ ခုခံထားနိုင်သေးတယ်လို့ CDF-ပလက်ဝ စစ်ဦးစီးချုပ် Salai Joshua က ပြောပါတယ်။

စက်တင်ဘာ (၁၁) ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ (IKACC/PC) အဖွဲ့ရဲ့ ရန်ပုံငွေရှာဖွေပွဲမှာ ပြောဆိုလိုက်တာပါ။

“တောင်ပိုင်းဘက်မှာ​တော့ မေလကနေစပြီးတော့ လောင်းရှည်တို့ ဆောဘက်ကနေ ကံကြီးတို့ဘက်ကနေ စစ်ကြောင်းသုံးကြောင်းနဲ့ တက်လာတဲ့အနေအထားတွေရှိပြီးတော့မှ အခုချိန်ထိ အထူးသဖြင့် နယ်မြေခံဖြစ်တဲ့CPU/CPAအပါအဝင် တခြားမဟာမိတ်တွေလည်း ပူးပေါင်းပါဝင်ပြီးတော့မှ ယနေ့အချိန်ထိကို ခုခံနိုင်တဲ့အနေအထားလည်း ရှိတာပေါ့လေ” လို့CDF-ပလက်ဝ စစ်ဦးစီးချုပ် Salai Joshua က ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းမှာတော့ စစ်အုပ်စုရဲ့ တန်ပြန်ထိုးစစ်တွေကြောင့် ဖလမ်းအပါအဝင် မြို့ကြီးတချို့ကို လက်လွှတ်ခဲ့ရပြီး လက်ရှိအချိန်မှာလည်း စစ်အုပ်စုက အင်အားဖြည့်တင်းနေကာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ရိဒ်ဘက်ကို စစ်ကြောင်းထိုး နိုင်သလို၊ ဟားခါးဘက်ကနေ ထန်တလန်ဘက်ကိုလည်း စစ်ကြောင်းထိုးနိုင်တဲ့အတွက် ချင်းမြောက်ပိုင်းစစ်ရေးကတော့ ခက်ခဲကျပ်တည်းတဲ့ ကာလမှာရှိနေတယ်လို့ Salai Joshua ကပြောပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း စစ်ရေး၊ နိုင်ငံရေးအခြေအနေမှာလည်း စစ်အုပ်စုနဲ့ ဆွေးနွေးညှိနှိုင်းနေတဲ့ အဖွဲ့အစည်းတွေရှိနေပြီးတော့ ထိုးစစ်ရပ်တန့်ထားတဲ့ အဖွဲ့အစည်းတွေရှိသလို ခံစစ်ကို ကောင်းကောင်းမလုပ်နိုင်တဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်လို့ CDF-ပလက်ဝ စစ်ဦးစီးချုပ် Salai Joshua က ထည့်သွင်းပြောကြားသွားပါတယ်။

“ချင်းပြည်ကို စစ်ကြောင်းထိုးတာကို သုံးသပ်ကြည့်တဲ့အခါမှာ အထူးသဖြင့် မြန်မာနိုင်ငံ စစ်ရေးအခြေအနေမှာ ရခိုင်ရယ်၊ ချင်းရယ်၊ ကချင်ရယ်လောက်ကပဲ ကောင်းကောင်းလေး ခုခံပြီးတိုက်နေတဲ့ အခြေအနေကာလ ဖြစ်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့ဘက်မှာဆိုရင် စကစနဲ့ ဆွေးနွေးတဲ့ အခင်းအကျင်းတွေ ရှိတယ်။ ပြီးတော့ ထိုးစစ်ကို ရပ်ထားတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ ခံစစ်တောင်မှ ကောင်းကောင်းလေး မလုပ်နိုင်တဲ့ အဖွဲ့အစည်းတွေလည်း အများကြီးရှိတယ်။ ဒါတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားထဲမှာပေါ့”လို့ သူကဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို အဓိက ပစ်မှတ်ထား စစ်ကြောင်းထိုးနေပြီး မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ဟာလည်း ပလက်ဝမြို့နယ်ရဲ့ ခြံတံခါးဝဖြစ်တာကြောင့် သတိထားရမယ့် အခြေအနေဖြစ်တယ်လို့ CDF-ပလက်ဝ စစ်ဦးစီးချုပ် Salai Joshua က ဆက်ပြောပါတယ်။

“ရခိုင်ကိုလည်း ဖိနေတယ်လို့ သိရတယ်။ အထူးသဖြင့် ချင်းပြည်တောင်ပိုင်းမှာ စကမတွေ စစ်ကြောင်းထိုးလာတယ်ဆိုတာ တောင်ပိုင်းတစ်ခုတည်းကို မဟုတ်ဘူး။ အထူးသဖြင့် ရည်ရွယ်ချက်က (Target) ထားတာက AA တွေကို ဖြစ်တယ်။ ရခိုင်ပြည်နယ်ကို ရည်ရွယ်ချက်က (Target) ထားတယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို သူတို့ လိုအပ်တာကြောင့် သူတို့ ဦးတည်ချက်က ရခိုင်ကို ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပလက်ဝအနေနဲ့လည်း ကျွန်တော်တို့ ခြံတံခါးက မင်းတပ်၊ ကန်ပက်လက် ဖြစ်နေတာကိုး။ ဆိုတော့ ကျွန်တော်တို့လည်း သတိထားရမယ့် အခြေအနေထဲမှာ ပါပါတယ်”လို့ သူကဆိုပါတယ်။

ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ပြီးခဲ့တဲ့ မေလလယ်ကစပြီး အင်အားထောင်ချီသုံးပြီး စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတော်လှန်နေခဲ့ရာ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေမှာ မေလနဲ့ ဇွန်လ တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ရာချီသေဆုံးခဲ့ပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရရှိထားတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော်( CPU/CPA)က ဇူလိုင် (၂) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။

မြေပြင်စစ်ရေးမှာ အခြေအနေမကောင်းတဲ့ စစ်အုပ်စုဟာ အရပ်သားပြည်သူတွေနေထိုင်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦတွေနဲ့ ဆေးခန်းတွေ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ အကြိမ်ရေများစွာ လုပ်ဆောင်နေခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့ကိုလည်း ချင်းတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

လက်ရှိအချိန်မှာလည်း ချင်းတောင်ပိုင်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စုက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေခဲ့ရာ တချို့ရက်တွေမှာတော့ ဗုံးအလုံးရေ (၁၀၀)ကျော်အထိ ကြဲချတိုက်ခိုက်နေတာပါ။ သြဂုတ် (၃၀)ရက် ညနေပိုင်းကလည်း ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ် ၊မရှိန်းလှော်အုပ်စု၊ ဝုမ်းခုမ်ကျေးရွာကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မူလတန်းကျောင်းသားတွေနဲ့ သက်ကြီးရွယ်အိုတွေ ဒေသခံပြည်သူ (၈)ဦး သေဆုံးခဲ့ပြီး ပြည်သူ (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့အခြေစိုက် လှုပ်ရှားတပ်ရင်းဖြစ်တဲ့ CDF-ပလက်ဝနဲ့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ (IKACC/PC) ဟာ ချင်းလဲန်းကောင်စီရဲ့ အဖွဲ့ဝင်ဖြစ်ပြီးတော့ ချင်းပြည်သူ့အစည်းအရုံး – Chin People Union/Chin People Army (CPU/CPA)၊ မဟာမိတ်တပ်အဖွဲ့တွေနဲ့အတူ ချင်းတောင်ပိုင်းမှာကော မြောက်ပိုင်းမှာပါ စစ်အုပ်စုထိုးစစ်တွေကို ခုခံတိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

Related Articles

Back to top button