စစ်ကိုင်းသတင်း

ကန့်ဘလူနယ် ပျူစခန်းသိမ်းတိုက်ပွဲ အလောင်းနဲ့ လက်နက်တွေ ရ၊

ဝင်းသိန်း/MFP၊ စက်တင်ဘာ – ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပျဥ်းတော်ရွာ ပျူစောထီး ဂိတ်စခန်းကို ဒီမနက်ပိုင်း စီးနင်းဝင်ရောက် တိုက်ခိုက်ရာ အချိန်နှစ်မိနစ်နဲ့ စခန်းသိမ်းနိုင်ပြီး အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ သတင်းရရှိပါတယ်။

စက်တင်ဘာ ၂၄ရက် ဒီကနေ့ မနက် ၂နာရီအချိန် ကန့်ဘလူနယ်၊ ပျဉ်းတော်ရွာ ပျူစောထီးဂိတ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နှစ်မိနစ်အတွင်း စခန်းသိမ်းနိုင်ကာ အလောင်းနှစ်လောင်း၊ ကာဘိုင်ငါးလက်၊ ကျည်၊ ခဲယမ်းနဲ့ ဆိုင်ကယ်ငါးစီး သိမ်းဆည်း ရရှိခဲ့တာလို့ တိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ ညောင်ပေါင်ရင်းကျေးရွာ ပကဖ တာဝန်ခံ ဗိုလ်ချုပ်သူက MFP ကို ပြောပါတယ်။

“ပျဉ်းတော် ပျူခြံမှာက အင်အား ခုနှစ်ယောက်လောက် ရှိပါတယ်။ စစ်ကောင်စီ တပ်သားတော့ မပါဘူး။ ပျူတွေပဲ။ တိုက်ပွဲက မနက် ၂နာရီလောက်မှာ စပါတယ်။ မနက် ၂နာရီကနေ စလိုက်တာ ၂နာရီ ၂မိနစ်နေတော့ အပြီးအပိုင် ချေမှုန်းနိုင်ခဲ့ပါတယ်။ နှစ်မိနစ်ပဲ ကြာလိုက်ပါတယ်။ တိုက်ပွဲမှာ ခွေးကတော့ နှစ်ကောင် သေတယ်” လို့ ဗိုလ်ချစ်သူက ပြောပါတယ်။

ပျဉ်းတော်ပျူရွာဟာ အာဏာသိမ်းစ ၂၀၂၂ လောက်ကတည်းက ပျူစခန်းဖွင့်ထားတဲ့ ရွာဖြစ်ပြီး ဒီမနက်ပိုင်း စီးနင်းတိုက်ခိုက်ခဲ့တဲ့ ပျူစခန်းဟာ ဂိတ်အနေနဲ့ပါ တွဲဖွင့်ထားပြီး လမ်းကြေးနဲ့ ဆက်ကြေးငွေ ကောက်ခံနေတဲ့ ဂိတ်စခန်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ပျဉ်းတော်ရွာ ပျူစခန်းသိမ်းတိုက်ပွဲကို ဗိုလ်ချစ်သူ ဦးဆောင်တဲ့ ညောင်ပေါင်ရင်းပကဖအဖွဲ့၊ ဗိုလ်စူပါသီး ပကဖအဖွဲ့၊ ကိုးမြို့ပကဖအဖွဲ့၊ ဖိုက်တာဒိုး (TTT)ပကဖအဖွဲ့၊ ဦးလေးဦးဆောင်တဲ့ ကျောင်းကုန်းပကဖအဖွဲ့၊ ဗိုလ်ချွန်ကြီးပကဖအဖွဲ့၊ ဗိုလ်မုန်တိုင်းပကဖ နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကန့်ဘလူနယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ထောက်ခံသူ များတဲ့ ကျေးရွာတွေမှာ စစ်အုပ်စုက ဒေသခံတွေကို စစ်သင်တန်းပေး၊ လက်နက်ထုတ်ပေးကာ ပျူစောထီးတွေအဖြစ် လက်သပ်မွေးထားတာ ဖြစ်ပါတယ်။ ကန့်ဘလူနယ်ရှိ ပျူတွေကို သင်္ကန်းဝတ် ဝါသဝ က ဦးဆောင်ပြီး စစ်အုပ်စုနဲ့အတူ ဒေသတွင်း ရွာမီးရှို့၊ လူသတ်၊ လုယက်တာတွေ ကျူးလွန်ကာ ခိုးရာပါပစ္စည်းတွေ ခွဲဝေရယူနေတာ ဖြစ်ပါတယ်။

ကန့်ဘလူနယ် ပျုစခန်းသိမ်းတိုက်ပွဲက သိမ်းဆည်းရရှိတဲ့ လက်နက်တွေ/Photo – ဗိုလ်ချစ်သူ

Related Articles

Back to top button