စစ်ကိုင်းသတင်း

မုံရွာမှာ ပေါ်တာအဆွဲကြမ်းနေပြီး တချို့ရက်တွေ စစ်အုပ်စုက တမြို့လုံးပိတ်ဆို့ ပေါ်တာဆွဲ၊နေ့စဉ် လူဒါဇင်ချီ ပေါ်တာဆွဲခံရပြီး ကား၊ ဆိုင်ကယ်၊ ထွေလာဂျီ၊ လှေဆိပ် ရတဲ့နေရာက ရသလို ဆွဲနေ၊

မောင်သက်/MFP၊ စက်တင်ဘာ – ၂၅

စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုက နေ့စဉ်ရက်ဆက် ပေါ်တာပတ်ဆွဲနေပြီး တချို့ ရက်တွေမှာ တမြို့လုံးကို ပိတ်ဆို့ကာ ပေါ်တာဆွဲတာမျိုးတွေပါ ကျူးလွန်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ နေ့စဉ် လူ ဒါဇင်ချီ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံနေရပြီး စစ်အုပ်စုက သူတို့ လိုသလောက် လူဦးရေ မရသေးပါက တမြို့လုံးကို ပိတ်ဆို့ကာ ကား၊ ဆိုင်ကယ်၊ ထွေလာဂျီတွေ ပါမကျန် တားဆီးကာ ပေါ်တာဆွဲသလို ချင်းတွင်းမြစ်ဆိပ်ရှိ စက်လှေတွေကိုလည်း တားဆီးကာ ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။

စက်တာဘာ ၂၂ ရက် မနက်ပိုင်း ၈နာရီခွဲ ဝန်းကျင် အများပြည်သူ အလုပ်သွားချိန်မှာ စစ်အုပ်စုက မုံရွာ တမြို့လုံးကို ပိတ်ဆို့ကာ မြို့နေရာအနှံ့မှာ တပြိုင်တည်း ပေါ်တာဆွဲခဲ့တယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

“ချင်းတွင်းတံတား အရှေ့ဖက် သုံးထောင့်ချွန်းမှာ ဆီထုတ်လာတဲ့ ဆိုင်ကမောင်းသူ အမျိုးသားနဲ့ ကြက်သွန်တိုက်လာတဲ့ ထွေလာဂျီမောင်းသူတစ်ဦး ပါသွားတယ်” လို့ ကိုယ်တိုင်ကြုံရသူ အမည်မဖော်လိုသူ တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ မုံရွာမြို့ မြို့ပတ်လမ်း၊ ကမ်းနားလမ်း၊ ကျောက္ကာလမ်းမီးပွိုင့်၊ ရန်ကင်းမီးပွိုင့်၊ သာစည်လမ်းမီးပွိုင့်၊ ချင်းတွင်းတံတားအနီး သုံးထောင့်ချွန်း၊ ကျွဲရဲ အဝိုင်းပတ်၊ မြိူ့ပေါ်ရှိ ဓာတ်ဆီဆိုင် စတဲ့ နေရာတွေမှာ ပေါ်တာဆွဲလေ့ ရှိတယ်လို့ ဆိုပါတယ်။

“စားဝတ်နေရေးအရ ဆီထုတ်နေကြတဲ့သူတွေလည်း ပြန်လှည့်ပြီး ပြန်ကြတယ်။ စက်တင်ဘာ ၁၇ ရက် ကလည်း လက်ဖက်ရည်ဆိုင်ထဲထိပါ ဝင်ဆွဲတာ၊ မြင်ရတဲ့အခြေနေက ကြောက်စရာကောင်းတာနဲ့ အိမ် အမြန်ပြန်ရတယ်” လို့ စစ်အုပ်စု ပေါ်တာဆွဲတာကို ကိုယ်တိုင်မြင်ရတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ညပိုင်းတွေမှာလည်း မုံရွာမြို့ပေါ် ရပ်ကွက်တွေကို စီးနင်းဝင်ရောက်ကာ ပေါ်တာဆွဲနေပြီး အဓိက အားဖြင့် အင်းရွာသစ်တို့လို့ မြို့အစွန်ကျတဲ့ ရပ်ကွက်တွေမှာ ပိတ်ဆို့စီးနင်း ပေါ်တာဆွဲတာလို့ မြို့ခံတွေက ပြောပါတယ်။

“ပေါ်တာဆွဲတာ လွန်တယ်။ ဆီထုတ်တဲ့သူတွေကိုပါ ဆွဲတာဆိုတော့ လတ်တလော အမျိုးသားတွေ ဆီထုတ် မသွားရဲဘူး”လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ ရပ်ကွက် လမ်းကြိုလမ်းကြားပါမကျန် လှည့်ပတ်ကာ ပေါ်တာဆွဲနေတာ ဖြစ်ပြီး လမ်းပေါ် လူမတွေ့ရင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဓာတ်ဆီဆိုင်မှာ ဆီတိုးသူနဲ့ မြစ်ဆိပ်ရှိ စက်လှေတွေပေါ်အထိ တက်ကာ ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။

စစ်အုပ်စုက နေ့စဉ်ရက်ဆက် ပေါ်တာဆွဲကာ လူသစ်စုနေတာကြောင့် မုံရွာမြို့အစွန် ရပ်ကွက်တွေနဲ့ တခြား မြို့၊ရွာတွေကနေ မုံရွာမြို့ပေါ် နေ့စဥ် အလုပ်လာရောက်လုပ်ကိုင်သူ လူငယ် အများစု အလုပ် မသွားရဲကြတော့ဘဲ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

မုံရွာမြို့မှာ သြဂုတ် ၂၉ ရက်ကနေ စက်တင်ဘာ ၉ရက်အထိ လူငယ်လူရွယ် အနည်းဆုံး ၁၂၀ ကျော် ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရတယ်လို့ စောင့်ကြည့် စာရင်းပြုစုထားသူတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ မုံရွာ အပါအဝင် နိုင်ငံတဝန်းမှာ ပေါ်တာဆွဲပြီး လစဉ် လူ ၅၀၀၀ နှုန်း စစ်သားသစ် စုဆောင်းတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ပေါ်တာဆွဲ စုဆောင်း ရရှိလာသူတွေကို တိုက်ပွဲဖြစ်တဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်တိုက်ခိုင်းဖို့ ရက်တိုစစ်သင်တန်း ပို့ချနေပြီး လက်ရှိမှာ အမှတ်စဉ် ၂၈ အထိ သင်တန်း ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

မုံရွာမြို့တော်ခန်းမအနီး တွေ့ရတဲ့ စစ်အုပ်စု/Photo – ဒေသခံ

Related Articles

Back to top button