သတင်း

KIA ပူးပေါင်းတပ်တွေ မိုးမိတ်မြို့နဲ့ နှစ်မိုင်အကွာထိ နီးကပ်လာ၊ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်၊

နန်းယု/MFP၊ စက်တင်ဘာ – ၂၉

မန္တလေးတိုင်းနဲ့ရှမ်းပြည်အစပ်၊ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် – KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အာဏာသိမ်း စစ်အုပ်စုကို တိုက်ခိုက် သုတ်သင် ထိုးစစ်ဆင်နေပြီး မြို့နဲ့ နှစ်မိုင်ခန့်အကွာမှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေကာ စစ်အုပ်စုက ဗုံးကြဲခုခံနေတယ်လို့ သတင်းရရှိပါတယ်။

စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက စပြီး မိုးမိတ်မြို့နဲ့ နှစ်မိုင်ခန့်အကွာ၊ ကျေးရွာတွေနဲ့ တောင်ကုန်းတွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြု ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညကလည်း မနားဘူးလေ။ ချနေတာ၊ (မနက်) လင်းတော့ ထပ်ချပေါ့။ ခု ထပ်ချနေတုန်းပဲ တအုန်းအုန်းနဲ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက စတင်ကာ မိုးမိတ်မြို့အနီး တိုက်ပွဲဖြစ်ပွားတာ ဖြစ်ပြီး စစ်အုပ်စုက မြို့တွင်းကနေ လက်နက်ကြီး ပစ်ခတ်တာအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ စက်သေနတ်တွေနဲ့ ပတ်ရမ်း ပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

မနေ့က ညပိုင်းအထိ စစ်အုပ်စုက လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်း လုပ်ခဲ့သလို ဒီနေ့ မနက်ပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ စက်တင်ဘာ ၂၈ ရက်က မိုးမိတ်မြို့အနီးရှိ စစ်အုပ်စုရဲ့ တပ်စခန်းတစ်ခုကို တိုက်ခိုက်ရာ စစ်အုပ်စု သုံးယောက်ကို သုတ်သင်နိုင်ပြီး စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

မိုးမိတ်မြို့အနီးရှိ ရွှေလာလံ၊ ရွှေမျှော်၊ အထက်ညောင်နီ၊ အောက်ညောင်နီ၊ စုကင်နဲ့ သရက်ချို စတဲ့ ကျေးရွာတွေမှာ စစ်အုပ်စုက အထိုင်ချ တပ်စွဲကာ ဂိတ်ဖွင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးမိတ်မြို့ကို ၂၀၂၄ အတွင်း KIA နဲ့ တအာင်းတပ်မတော် – TNLA တို့က နှစ်ကြိမ် သိမ်းပိုက်ခဲ့ဖူးပါတယ်။

၂၀၂၅ နိုဝင်ဘာလကုန်ပိုင်းမှာ တရုတ်က အကြိပ်ကိုင် ခြိမ်းခြောက်လို့ မြို့ကို သိမ်းပိုက်ထားတဲ့ TNLAက မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို အာဏာသိမ်း စစ်အုပ်စုလက်ထဲ ပြန်လည်ထိုးအပ်ခဲ့တာ ဖြစ်ပါတယ်။

Related Articles

Back to top button