
ရွှေဥ/MFP၊အောက်တိုဘာ-၁
စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်နဲ့ ရွှေဘိုမြို့နယ်အတွင်းက မန္တလေး-ရွှေဘို-မုံရွာကုန်သွယ်ရေးလမ်းမကြီး တလျှောက်ကို စစ်အုပ်စုက သူ့တို့ဆီ ပူးပေါင်းအညံ့ခံလာသူတွေကို လမ်းပြခိုင်းပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကိုပြောပါတယ်။
စစ်အုပ်စုတပ်တွေက စက်တင်ဘာ (၃၀)ရက် မနေ့ကစတင်ကာ စစ်ကိုင်းမြို့ပေါ်ကနေ အင်အား(၁၆၀)ဝန်းကျင်နဲ့ စစ်ကြောင်းတစ်ကြောင်း ၊ရွှေဘိုမြို့က အင်အား(၃၀၀)ကျော်နဲ့ စစ်ကြောင်းတစ်ကြောင်းတို့နဲ့ မန္တလေး-ရွှေဘို-မုံရွာ ကုန်သွယ်ရေးလမ်းမကြီးတလျှောက်ကို နှစ်ဘက်ညှပ် ထိုးလာခဲ့တာပါ။


အဲဒီစစ်ကြောင်းနှစ်ခုထဲက စစ်ကိုင်းမြို့ကထွက်လာတဲ့ စစ်ကြောင်းက ဆားတောင်မြို့နယ်အထိ ရောက်ရှိလာပြီလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဆားတောင်မြို့ကနေ စစ်အုပ်စုထံ အညံ့ခံ ပူးပေါင်းသွားတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ (LPDF)အဖွဲ့ဝင်တွေနဲ့ ဝက်လက်-ပကဖ အဖွဲ့ဝင်တွေ ပါဝင်ပြီး စစ်အုပ်စုက သူတို့ကို လမ်းပြအဖြစ်ခေါ်ဆောင်ကာ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“အခုက ဆားတောင်ကို စစ်ကြောင်းရောက်နေတယ်။ အင်အား ၁၆၀လောက်ရှိတယ်။ လမ်းကြောဖြန့်ထားတာဆိုတော့ ။လမ်းကြောတစ်လျှောက်က စစ်ကိုင်းကနေ ဆားတောင်အထိက သူတို့ စိုးမိုးထားတဲ့ အနေထားဖြစ်နေတယ်။အခုစစ်ကြောင်းထဲမှာက ဟိုရက်က စစ်တပ်နဲ့ပေါင်းသွား (LPDF)ဂျိမ်းစိုးဆိုတဲ့ အဖွဲ့လည်းပါတယ်။သူတို့က လမ်းပြလာတာ။ဂျိမ်းစိုးက ဆားတောင်သားပဲ “
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက စစ်ကိုင်းမြို့ကနေ ဆားတောင်မြို့အထိ ကုန်သွယ်ရေးလမ်းမကြီးတလျှောက် စိုးမိုးထားပြီး စစ်ကြောင်းထိုးနေချိန် တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ဆားတောင်မြို့ ကားလမ်းမကြီးဘေး ဝဲယာက ကျေးရွာလေးရွာကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အလားတူ ရွှေဘိုမြို့နယ်ကနေ အင်အား(၃၀၀)ပါတဲ့စစ်ကြောင်းကလည်း မန္တလေး-ရွှေဘို-မုံရွာ လမ်းမကြီးကို တပ်ဖြန့်စစ်ကြောင်းထိုးလာနေပြီးတော့ စစ်ကြောင်းတချို့ကတော့ ရွှေဘိုမြို့နယ် ချီပါကျေးရွာအနီးကို ရောက်လာပြီလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒီလိုစစ်ကြောင်းထိုးချိန်မှာ စစ်အုပ်စုတပ်တွေက လမ်းမကြီးတလျှောက် ကျေးရွာတွေက ပြည်သူ့နေအိမ်တွေက တန်ဘိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူတာတွေရှိသလို လမ်းဘေးဝဲယာက PDFစခန်းငယ်တစ်ခုကိုလည်း ဖျက်ဆီးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဆိုပါကုန်သွယ်ရေးလမ်းပိုင်းတွေကို တော်လှန်ရေးတပ်တွေက အာဏာသိမ်းပြီး သုံးနှစ်နီပါးအထိ စိုးမိုးထိန်းချုပ်ထားရာက ၂၀၂၅နှစ်လယ်ပိုင်းက စတင်ကာ စစ်အုပ်စုက စစ်ကြောင်းတွေ မကြာခဏထိုးကာ လမ်းပိုင်းအရ ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားလာခဲ့ပြီး လက်ရှိအချိန်မှာလည်း အင်အားအလုံးအရင်းသုံးကာ ထိုးစစ်ဆင်လာနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်တွေက ဝက်လက်-ရွှေဘို-စစ်ကိုင်း -ခရိုင်ချင်းဆက်လမ်းမှာလည်း ကာကင်းစခန်းတွေ တည်ဆောက်ပြီး ပြည်သူတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာတော့ စစ်အုပ်စုတပ်တွေက ကုန်သွယ်ရေးလမ်းပိုင်းတွေ ပြန်လည်စိုးမိုးနိုင်ဖို့ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းဖြစ်တဲ့ ထီးချိုင့်မြို့နယ်ကနေ ကသာမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို ကနီမြို့နယ်အတွင်းက အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းမကြီးကို မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်တာတွေ ကျူးလွန်နေစဉ်(ပုံဟောင်း)/ဓာတ်ပုံ- ဒေသခံ



