ပခုက္ကူ မြိုင်နယ်ကို စစ်အုပ်စုက တစ်နေကုန်နီးပါး အကြိမ်ကြိမ် ဗုံးကြဲ၊

စစ်ရှောင်ပြည်သူ သုံးဦး ဒဏ်ရာရ၊
အီသာရမ်/MFP၊ အောက်တိုဘာ-၆
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ တဲကြီးကျေးရွာအနီးဝန်းကျင်နဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ တဲတိုက်တွေကို အာဏာသိမ်း စစ်အုပ်စုက မနေ့က တနေကုန်နီးပါး လေကြောင်းကနေ အကြိမ်ကြိမ် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
အောက်တိုဘာ ၅ ရက် မနေ့က မနက်ပိုင်း မြိုင်နဲ့ပေါက်မြိုနယ်အစပ် တဲကြီးကျေးရွာထဲ ရောက်ရှိနေတဲ့ စစ်အုပ်စု စစ်ကြောင်း အစာရှာထွက်ချိန် တော်လှန်ရေးတပ်တွေက မိုင်းဆွဲကာ အနီးကပ် ပစ်ခတ်ရာ စစ်အုပ်စု အထိနာကာ ကျေးရွာထဲ ပြန်ဝင်ပြေးပြီးနောက် ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ ရဟတ်ယာဉ်၊ ဂျိုင်အိုကော်ပတာ (Gyrocopter) တွေနဲ့ တနေကုန် ဗုံးကြဲတာလို့ ဆိုပါတယ်။
“မိုင်းဆွဲပြီး ပြောက်ကျားစောင့်ပစ်လိုက်တာ နည်းနည်း အထိနာသွားပုံ ရတယ်။ အဲဒါ မနက်လင်း ကတည်းကနေ တနေကုန်ကို လေကြောင်းက တိုက်နေတာပဲ၊ Mi35 က သုံလေးကြိမ်ရှိပြီ၊ ဂျိုင်ရိုက နှစ်ကြိမ် ရှိပြီ၊ Y12 က သုံးကြိမ် ရှိသွားပြီ” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စုဟာ သူတို့ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အဲ့ဒီ တဲကြီးကျေးရွာ အနီးဝန်းကျင်နဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ တောတိုက်တွေကို အဓိက ပစ်မှတ်ထားကာ ဗုံးပတ်ကြဲတာ ဖြစ်ပြီး မနေ့က တိုက်လေယာဉ်နဲ့ ဗုံးကြဲ ခံရချိန် စစ်ဘေးရှောင်ပြည်သူ သုံးဦး ဒဏ်ရာရကာ အမျိုးသမီးတစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“မနက်ကလည်း စစ်ဘေးရှောင်တွေဆီ ကြဲတာပဲ၊ အဲဒါက ပြည်သူတွေ မထိခိုက်လိုက်ဘူး၊ ညဦးပိုင်းကြဲတာက သုံးဦး ထိခိုက်တယ် တစ်ဦးကတော့ စိုးရိမ်ရတယ်လို့ ပြောတယ်”

စစ်အုပ်စုရဲ့ ပစ်မှတ်ထား ဗုံးကြဲခံရတဲ့ စစ်ရှောင်ပြည်သူတွေဟာ သာစည်ကျေးရွာနဲ့ နှမ်းဆီကန် ကျေးရွာတို့က ဖြစ်ပြီး အဲ့ဒီရွာတွေဟာ စစ်အုပ်စု ပျူစခန်းဖွင့်ထားတဲ့ တွင်းမရွာနဲ့ နီးကပ်တာကြောင့် လွန်ခဲ့တဲ့ လေးနှစ်ကျော်ကတည်းက ရွာမှာ မနေရဲတော့ဘဲ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလကစလို့ မြိုင်နဲ့ပေါက်မြို့နယ်ရှိ ရေနံမှော်၊ရေနံတွင်းတွေဆီ ဦးတည်ကာ အင်အား ၅၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး မြေပြင်မှာ တိုက်ပွဲဖြစ်ကာ စစ်အုပ်စု အထိနာ ချိန်တိုင်း လေကြောင်းပစ်ကူ ဗုံးကြဲသလို တိုက်ပွဲဖြစ်ရာ နေရာအနီးရှိ ပြည်သူကို ပစ်မှတ်ထားကာ ဗုံးပတ်ကြဲလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီ စစ်ကြောင်းဟာ မြိုင်နဲ့ ပေါက်နယ်အစပ်ရှိ၊ ရေနံမှော်ဒေသဖြစ်တဲ့ တဲကြီးကျေးရွာထဲ ရောက်ရှိ ခိုအောင်းနေတာ တစ်လကျော်ကြာ ရှိလာပြီး ရှေ့ဆက်မတိုးနိုင်သေးဘဲ ကျေးရွာအနီးအနားရှိ Well-2 ရေနံမြေ ရေနံတွင်းတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ လက်ပံတိုရေနံမြေဆီကို ဦးတည်ချင်နေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေကလည်း နေ့စဉ် စောင့်ဆိုင်းတိုက်ခိုက်နေတာကြောင့် ရှေ့မဆက်နိုင်ဖြစ်နေတာလို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုဟာ အစာရိက္ခာ အလုံအလောက် မပါဘဲ ကျေးရွာတွေကို စီးနင်းလုယက်၊ ဖောက်ထွင်း ခိုးယူ စားသောက်နေတာ ဖြစ်ပြီး လက်ရှိမှာ တဲကြီးရွာထဲ ရှိသမျှ လုယက် စားသောက်ကာ လိုအပ်တဲ့ အစာကို လေကြောင်းကနေ ချပေးနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ စစ်အုပ်စုစစ်ကြောင်းဟာ မြိုင်မြို့နယ်အတွင်းကို ဝင်ရောက်လာတဲ့ လေးလကျော်အတွင်း ရွာ ၁၁ ရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးကာ ဒေသခံ အရပ်သားပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက မြိုင်နယ်ထဲ စစ်အုပ်စု ဗုံးကြဲလို့ ပျက်စီးတဲ့ နေအိမ်တစ်လုံး/Photo – အညာမြေ အရပ်ဘက် လူမှုအဖွဲ့အစည်း – မြိုင်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #မြိုင်နယ်ရေနံတွင်း #ပေါက်နယ်ရေနံမှော်



