စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

အင်းတော် မဲဇာမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊

စစ်အုပ်စုက လေကြောင်းပစ်ကူဗုံးကြဲပြီးနောက် မဲဇာရွာထဲ ဝင်ရောက်၊

ခါးခါး/MFP၊ အောက်တိုဘာ – ၉

ကချင် – စစ်ကိုင်းအစပ်၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မဲဇာစံပြကျေးရွာမှာ အာဏာသိမ်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ လေးရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက လေကြောင်းကနေ အဆက်အပြတ် ဗုံးကြဲတိုက်ခိုက်ကာ ဒီနေ့မှာပဲ  စစ်ကြောင်းတချို့ မဲဇာရွာအတွင်း ဝင်ရောက်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၆ရက်မှာ အင်းတော်မြို့ကတဆင့် မဲဇာရွာဘက် စစ်ကြောင်းထိုးတဲ့ အင်အား ၅၀၀ လောက်ပါ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတာ ဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၉ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

မဲဇာရွာ ပြန်ရရေး ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ လေကြောင်းပစ်ကူသုံးကာ တရစပ် ဗုံးပတ်ကြဲပြီးနောက် အောက်တိုဘာ ၉ရက်မှာ စစ်အုပ်စုတချို့ မဲဇာရွာအတွင်း ဝင်ရောက်တယ်လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

“မဲဇာရွာထဲ ဝင်သွားပြီ။ မနေ့က PDF တွေက စစ်သားတွေကို ဝိုင်းထားလို့ တိုက်လေယာဉ် နှစ်ကြိမ် လာတယ်။ မနက်တစ်ကြိမ်၊ နေလည်တစ်ကြိမ်။ ညပိုင်းရယ် လက်နက်ကြီးတွေနဲ့ ချတယ်။ လေယာဉ်ကတော့ ပေါင်၅၀၀ ဗုံးတွေ ချတယ်။ အခုလည်း တဂျိမ်းးဂျိမ်းနဲ့ ချနေတာ”

လက်ရှိမှာ စစ်အုပ်စုတချို့ မဲဇာရွာထဲ ဝင်လာပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး စစ်အုပ်စုကလည်း မဲဇာစံပြကျေးရွာ အပါအဝင် တိုက်ပွဲဖြစ်ရာ နေရာအနီး ကျေးရွာတွေကို နေ့ရောညပါ ဗုံးပတ်ကြဲနေတယ်လို့ မဲဇာကျေးရွာ စစ်ဘေးရှောင်တစ်ဦးက MFP ကို ပြောပါတယ်။

“ရွာမီးလောင်တာကိုပဲ အဝေးက မြင်ရတာ။ မီးလောင်တာကနေ အနည်းဆုံး သုံး၊လေးနေရာ လောင်တယ်။ ရွာထဲ မဝင်ရဲကြဘူး “

စစ်အုပ်စုက ကျေးရွာတွေပေါ် ဗုံးပတ်ကြဲနေတာကြောင့် မဲဇာ၊ လယ်နောင်၊ နန့်သဲ၊ အလယ်ဆိပ်၊ ပင်သချေ၊ နောင်မိုး၊ သံဘို၊ စက်တောကုန်း စတဲ့ ကျေးရွာရှစ်ရွာက ထောင်သောင်းချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရပြီး တောတောင်တွေထဲ ခိုလှုံနေကြရကာ အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းထိုးပြီလို့ ကြားကတည်းက ရှောင်ကြရတာ၊ အထုပ်တွေ ထမ်းပြီး။ အစားအသောက်က ချက်ပြုတ်လို့လည်း မရတော့ အခက်တွေ့နေရတာ “

မဲဇာစံပြကျေးရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ တိုက်နယ်အဆင့်ရွာကြီးဖြစ်ပြီး မန္တလေး – ရွှေဘို – မြစ်ကြီးနား ရထားလမ်းဘူတာရှိကာ တော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ မဲဇာရွာကို ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ပြီးခဲ့တဲ့ ဇူလိုင် ၄ရက်မှာ ပထမအကြိမ် စစ်ကြောင်းထိုးကာ ကျေးရွာအတွင်း ရောက်ရှိလာပြီးနောက် ဇူလိုင် ၂၀ရက်မှာ ကျေးရွာအတွင်းက ပြန်ဆုတ်သွားပြီး အခု အောက်တိုဘာ ၆ရက်မှာ နောက်တစ်ကြိမ် စစ်ကြောင်းထိုးတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ မဲဇာရွာမှာ အထိုင်ချကာ ထီးချိုင့် – အင်းတော် လမ်းပိုင်းကို ထိန်းချုပ်ပြီး ဂိတ်ဖွင့်နိုင်ဖို့ ကြိုးစားတာလို့ ဒေသခံတွေက သုံးသပ်ပါတယ်။

မဲဇာရွာကို စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေး၊ မတ္တရာမြို့ကနေတဆင့် အင်းတော်နယ် ပို့လိုက်တဲ့အဖွဲ့ ဖြစ်ပြီးတော့ အဲ့ဒီ စစ်အုပ်စုဟာ အင်းတော်မြို့နယ်ဘက် ဝင်လိုက်၊ ကသာမြို့နယ်ထဲ စစ်ကူသွားလိုက်နဲ့ လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်တယ်လို့ ဒေသခံတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ထီးချိုင့်နဲ့ကသာမြို့နယ်အစပ်မှာ တော်လှန်ရေး တပ်တွေက သုံးရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့ စစ်အုပ်စု အနည်းဆုံး ၁၀ ယောက်ကျော် သေပြီး ဒဏ်ရာရသူ အများအပြား ရှိသလို တော်လှန်ရေး တပ်တွေဘက်ကလည်း ရဲဘော်နှစ်ဦး ကျဆုံးကာ ဒဏ်ရာရသူ ငါးဦးကျော် ရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကချင်-စစ်ကိုင်းအစပ် ထီးချိုင့်၊ ကသာနဲ့ အင်းတော်နယ်တွေကိုတော့ စစ်အုပ်စုတပ်တွေက မန္တလေးနဲ့ မတ္တရာမြို့တွေက တဆင့် မန္တလေး – သပိတ်ကျင်း – ထီးချိုင့် ကားလမ်းအတိုင်း စစ်ကူတွေ ပို့ဆောင် နေပြီးတော့ အင်အားဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ထီးချိုင့်က စစ်ကြောင်းက ကသာကနေ ဖြတ်ပြီး ကသာကနေ အင်းတော်၊ အင်းတော်ကနေ မဲဇာ ဘက်ကို ပြန်ခေါက်တာ၊ စစ်တပ်က မန္တလေး – မတ္တရာ ဘက်က စစ်သင်တန်းသားတွေကိုရော နည်းနည်းချင်း နည်းနည်းချင်း တက်လာတာ ရှိတယ်။ ထီးချိုင့်ကို ဝင်ထားတာတွေ ရှိတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၅ နဲ့ ယခုနှစ်ဆန်းပိုင်းမှာ တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ တန်ပြန် ထိုးစစ်ဆင်ကာ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း စတဲ့ မန္တလေးတိုင်းအတွင်းရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရပြီးနောက် မန္တလေးတိုင်းနဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်၊ ကသာနဲ့ အင်းတော်နယ်တွေ ပြန်ရရေး စစ်အုပ်စုက ဆက်လက် စစ်ကြောင်းထိုးခဲ့သလို ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းကို စိုးမိုးထိန်းချုပ်ကာ လမ်းပေါ် ဂိတ်ဖွင့်နိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။

လက်ရှိ အင်းတော်နယ်ထဲ စစ်ကြောင်း မထိုးခင် စက်တင်ဘာ ၂၁ရက်ကနေ ၃၀ရက်အထိ စစ်အုပ်စုက အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ကောလင်းနဲ့ ဟုမ္မလင်းမြို့နယ်တွင်းရှိ ကျေးရွာတွေနဲ့ ကုန်သွယ်ရေး လမ်းတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲရာ အင်းတော်နယ်၊ ရွှေဘို – မြစ်ကြီးနား လမ်းပေါ် သွားလာနေတဲ့ ယာဉ်မောင်းနဲ့ ကုန်သည်တွေ အပါအဝင် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလ ကတည်းက အင်းတော်နဲ့ ကသာနယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေး ကြိုးစားနေတဲ့ စစ်အုပ်စုဟာ ထီးချိုင့်၊ ကသာနဲ့ အင်းတော်မြို့ပေါ် ရပ်ကွက်တွေကို ထိန်းချုပ် ထားနိုင်ပေမယ့် လမ်းပိုင်းကိုတော့ အပြည့်အဝ စိုးမိုးထိန်းချုပ်နိုင်တာ မရှိသေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ တရုတ်အားကိုးနဲ့ ရှမ်းမြောက်ဒေသ စစ်ပွဲတွေ ရပ်နိုင်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှုံး မြို့၊ရွာတွေနဲ့ ကုန်သွယ်ရေးလမ်းတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်း အပါအဝင် မန္တလေး – မုံရွာ-ရွှေဘိုလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ – ကလေး – တမူး လမ်းတွေကိုလည်း အင်အားသုံးကာ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၈ရက်က အင်းတော်နယ် မဲဇာရွာထဲ စစ်အုပ်စု ဗုံးကြဲလို့ မီးလောင်နေတာကို မဲဇာချောင်း တံတားပေါ် တွေ့ရမှုနဲ့ ဇူလိုင်လက မဲဇာရွာထဲ စစ်အုပ်စု ခြေချနိုင်လို့ အောင်ပွဲခံနေစဉ်/Photo – ဒေသခံ၊ စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #အင်းတော် #မဲဇာ

Related Articles

Back to top button