စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

အင်းတော် မဲဇာမှာ စစ်အုပ်စု အင်အားသုံး စစ်ကြောင်းထိုးလို့ တိုက်ပွဲ အပြင်းအထန် ဖြစ်၊

စစ်အုပ်စုက မန္တလေးကနေ ထီးချိုင့်ဘက် စစ်ကူပို့ကာ ရွှေဘို – မြစ်ကြီးနားလမ်း ထိန်းချုပ်နိုင်ဖို့ ကြိုးစား၊

ခါးခါး/MFP၊ အောက်တိုဘာ – ၆

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မဲဇာစံပြကျေးရွာဘက် အာဏာသိမ်း စစ်အုပ်စုက အင်အား ၅၀၀ လောက် သုံးကာ စစ်ကြောင်းထိုးလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၆ရက် ဒီနေ့မှာ အင်းတော်မြို့ပေါ်ရှိ စစ်အုပ်စုက မဲဇာရွာဘက် စစ်ကြောင်းထိုးလို့ မနက်ပိုင်းကနေ ညပိုင်းအထိ တိုက်ပွဲ ဖြစ်တာလို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

“အင်းတော်ကနေ မဲဇာ(ရွာ)ဘက် ထိုးနေတာ၊ အင်အား ၅၀၀ လောက် ရှိတယ်။ မဲဇာဘက်ထိတော့ မရောက်သေးဘူး။ ဒီနေ့မနက်က စဖြစ်တာ “

တိုက်ပွဲ ပြင်းထန်ကာ စစ်အုပ်စု အသေအပျောက် ရှိနိုင်ပြီး အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

မဲဇာရွာဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ သုံးရက်လောက်က မန္တလေး၊ မတ္တရာမြို့ကနေ အင်းတော်နယ် ပို့လိုက်တဲ့အဖွဲ့ ဖြစ်တယ်လို့လည်း စစ်ရေး သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ အင်းတော်မြို့နယ်ဘက် ဝင်လိုက်၊ ကသသာမြို့နယ်ထဲ စစ်ကူသွားလိုက်နဲ့ လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုဟာ မန္တလေးနဲ့ မတ္တရာမြို့တွေကတဆင့် မန္တလေး – သပိတ်ကျင်း – ထီးချိုင့် ကားလမ်းအတိုင်း စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ထီးချိုင့်၊ ကသာနဲ့ အင်းတော်နယ်တွေဘက် ပေါ်တာဆွဲ စစ်သားသစ်တွေ အပါအဝင် စစ်ကူတွေ အသုတ်လိုက်ခွဲပြီး ပို့လွှတ်နေတယ်လို့ ဆိုပါတယ်။

“ထီးချိုင့်က စစ်ကြောင်းက ကသာကနေ ဖြတ်ပြီး ကသာကနေ အင်းတော်၊ အင်းတော်ကနေ မဲဇာ ဘက်ကို ပြန်ခေါက်တာ၊ စစ်တပ်က မန္တလေး – မတ္တရာဘက်က စစ်သင်တန်းသားတွေကိုရော နည်းနည်းချင်း နည်းနည်းချင်း တက်လာတာ ရှိတယ်။ ထီးချိုင့်ကို ဝင်ထားတာတွေ ရှိတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း ထီးချိုင့်မြို့နယ်ကနေ အင်အား ၁၀၀ ကျော်နဲ့ ကသာ – အင်းတော်ဘက် ဦးတည်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာ သုံးရက်ကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီး စစ်အုပ်စု အနည်းဆုံး ၁၀ ယောက်ကျော် သေပြီး ဒဏ်ရာရသူ အများအပြား ရှိသလို တော်လှန်ရေး တပ်တွေဘက်ကလည်း ရဲဘော်နှစ်ဦး ကျဆုံးကာ ဒဏ်ရာရသူ ငါးဦးကျော် ရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နဲ့ ယခုနှစ်ဆန်းပိုင်းမှာ တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ တန်ပြန် ထိုးစစ်ဆင်ကာ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း စတဲ့ မန္တလေးတိုင်းအတွင်းရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရပြီးနောက် စစ်အုပ်စုက မန္တလေးတိုင်းနဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်၊ ကသာနဲ့ အင်းတော်နယ်တွေ ပြန်ရရေး ဆက်လက် စစ်ကြောင်းထိုးခဲ့သလို ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းကို စိုးမိုးထိန်းချုပ်ကာ လမ်းပေါ် ဂိတ်ဖွင့်နိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။

လက်ရှိ အင်းတော်နယ်ထဲ စစ်ကြောင်း မထိုးခင် စက်တင်ဘာ ၂၁ရက်ကနေ ၃၀ရက်အထိ စစ်အုပ်စုက အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ကောလင်းနဲ့ ဟုမ္မလင်းမြို့နယ်တွင်းရှိ ကျေးရွာတွေနဲ့ ကုန်သွယ်ရေး လမ်းတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲရာ အင်းတော်နယ်၊ ရွှေဘို – မြစ်ကြီးနား လမ်းပေါ် သွားလာနေတဲ့ ယာဉ်မောင်းနဲ့ ကုန်သည်တွေ အပါအဝင် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလ ကတည်းက အင်းတော်နဲ့ ကသာနယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေး ကြိုးစားနေတဲ့ စစ်အုပ်စုဟာ ထီးချိုင့်၊ ကသာနဲ့ အင်းတော်မြို့ပေါ် ရပ်ကွက်တွေကို ထိန်းချုပ် ထားနိုင်ပေမယ့် လမ်းပိုင်းကိုတော့ အပြည့်အဝ စိုးမိုးထိန်းချုပ်နိုင်တာ မရှိသေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ထီးချိုင့်၊ ကသာနဲ့ အင်းတော်မြို့တွေကို ဧပြီနဲ့ မေလတွေအတွင်း ပြန်လည် ထိန်းချုပ်နိုင်တဲ့ စစ်အုပ်စုဟာ Non – CDM ထွေအုပ်နဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်အကြပ်ကိုင်ကာ ပြန်လည် ခေါ်သွင်းလာပြီးနောက် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေသလို စစ်ဘေးရှောင်နေတဲ့ ဒေသခံ ပြည်သူတွေကိုလည်း နေရပ် ပြန်လည် နေထိုင်ခြင်း မရှိပါက နေအိမ်ချိတ်ပိတ်၊ လက်ညှိထိုး ရောင်းစားကာ ခြိမ်းခြောက် အကြပ်ကိုင် ပြန်လည် ဝင်ရောက်နေထိုင်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် နေရပ် ပြန်လည် နေထိုင်သူတွေကိုလည်း စစ်သင်တန်းပေး၊ လက်နက်ထုတ်ပေးကာ ကင်းစောင့်ခိုင်းတာတွေ လုပ်နေတယ်လို့ အင်းတော်နယ်ခံတစ်ဦးက ပြောပါတယ်။

“ထွေအုပ်ကနေ လက်နက် တပ်ပေးတာ ရှိတယ်။ အရပ်သားတွေ ကင်းစောင့်ခိုင်းတာလည်း ရှိတယ်”

စစ်အုပ်စုဟာ တရုတ်အားကိုးနဲ့ ရှမ်းမြောက်ဒေသ စစ်ပွဲတွေ ရပ်နိုင်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှုံး မြို့၊ရွာတွေနဲ့ ကုန်သွယ်ရေးလမ်းတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်း အပါအဝင် မန္တလေး – မုံရွာ-ရွှေဘိုလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ – ကလေး – တမူး လမ်းတွေကိုလည်း အင်အားသုံးကာ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက အင်းတော်နယ် မဲဇာရွာထဲ စစ်အုပ်စု ပြန်လည် ခြေချနိုင်ပြီးနောက် အောင်ပွဲခံနေစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #အင်းတော် ​ #​မဲဇာ

Related Articles

Back to top button