
ကလေးနဲ့အဖိုးအိုတို့ သေဆုံးကာ သုံးဦး ဒဏ်ရာရ၊
အီသာရမ်/MFP၊ အောက်တိုဘာ-၉
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုက ပါရာမော်တာ (Paramotor- စက်တပ်လေထီး) နဲ့ အကြောင်းမဲ့ ဗုံးကြဲလို့ ကလေးတစ်ဦးနဲ့ အဖိုးအိုတစ်ဦးတို့ သေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းက သတင်း ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၈ ရက် ညနေ ၅ နာရီခန့်က မင်းတုန်းမြို့ အရှေ့တောင်ဘက် ပုသိမ်-မုံရွာ ကားလမ်းအနီးရှိ ချင်းနစ်ကျေးရွာကို စစ်အုပ်စုရဲ့ လက်နက်စက်ရုံ (ကပစ) -၁၂ က တတ်လာတဲ့ ပါရာမော်တာနဲ့ ဗုံးကြဲချ တိုက်ခိုက်တာလို့ ဆိုပါတယ်။
ဗုံးထိမှန်လို့ ချင်းနစ်ကျေးရွာက မောင်ဝေယံဦး(အသက်-၁၂နှစ်)နဲ့ ဦးထွန်းတင်(အသက်-၈၃နှစ်) တို့ နေရမှာပဲ ပွဲချင်းပြီး သေဆုံးကာ ပြည်သူသုံးဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
မင်းတုန်းမြို့နယ် အနောက်ခြမ်းမှာ ရခိုင်ကို ဦးတည် စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု စစ်ကြောင်းတွေ ရှိနေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပေမယ့် ချင်းနစ်ကျေးရွာကိုတော့ တိုက်ပွဲမရှိ၊ စစ်ကြောင်းလည်း မရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
“ချင်းနစ်ကျေးရွာက စစ်ကြောင်းဝင်နေတဲ့ နေရာတွေ၊ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေနဲ့ ဝေးပါတယ်၊ မနီးပါဘူး။ ရွာက မင်းတုန်းမြို့ရဲ့ အရှေ့တောင်ဘက်လောက်မှာ ကျပြီး ပုသိမ်-မုံရွာလမ်းရဲ့ အရှေ့ဘက်ခြမ်းတွေပါ၊ စစ်ကြောင်းဝင်တာတွေက မင်းတုန်းရဲ့ အနောက်ခြမ်း ပုသိမ်-မုံရွာလမ်းရဲ့ အနောက်ဘက်တွေမှာပါ”

စက်တင်ဘာ ၁၃ ရက်ကလည်း မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာကို စစ်အုပ်စု ကပစ-၁၂ က ပါရာမော်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ခြောက်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါသေးတယ်။
မင်းတုန်းမြို့နယ်ဟာ ရခိုင်ပြည်နဲ့ ထိစပ်နေပြီး စစ်အုပ်စုဟာ ရခိုင်ပြည်နယ်ဘက် ပြန်လည် ထိုးစစ်ဆင် နိုင်ဖို့အတွက် မင်းတုန်းမြို့နယ် ရခိုင်ရိုးမအခြေတကြော အင်အားထောင်နဲ့ချီ အသုံးပြုကာ စစ်ကြောင်းထိုး ထိုးဖောက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
မင်းတုန်းနယ်ထဲ ဝင်ရောက်လာပြီး ရိုးမတကြော ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားတဲ့ စစ်အုပ်စုကို အာရက္ခတပ်တော် – AA နဲ့ မဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်ရာ စစ်အုပ်စု အထိနာ အသေများပြီး ရှေ့မတိုးနိုင်တာကြောင့် ပေါ်တာဆွဲ စစ်သားသစ်တွေ အပါအဝင် စစ်ကူတွေ အဆက်မပြတ် ပို့လွှတ်ကာ လေကြောင်းကနေလည်း ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မင်းတုန်းမြို့နယ်ထဲ အကြောင်းမဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေတာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ လေကြောင်း၊လက်နက်ကြီး အန္တရာယ်တို့ကို သတိထား နေထိုင်ကြဖို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းက သတိပေးထုတ်ပြန်ထားပါတယ်။

မင်းတုန်းနယ် အရှေ့ခြမ်း၊ ချင်းနစ်ကျေးရွာပေါ် စစ်အုပ်စုက ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – သရက်ခရိုင် PDF တပ်ရင်း ၄
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #မင်းတုန်း #သရက်ရခိုင်ရိုးမ



