
အာဏာသိမ်းပြီးနောက် စစ်အုပ်စုက မန္တလေးမှာ စည်ပင်အခွန်အခတွေ ဆတိုးကောက်ခံနေ၊
မာကျူရီ/MFP၊ အောက်တိုဘာ – ၉
မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စုရဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) က အမှိုက်ကားတွေ ပုံမှန် စေလွှတ်ကာ အမှိုက်သိမ်းတာတွေ မလုပ်ပေမဲ့ သန့်ရှင်းရေး အခွန်အခကိုတော့ စက်တင်ဘာက စပြီး နှစ်ဆ တိုးကောက်လို့ ပေးဆောင်နေရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
ဩဂုတ်လမတိုင်မီအထိ သန့်ရှင်းရေးခွန်အဖြစ် စည်ပင်ထံ ကျပ် ၅၀၀၀ ပေးဆောင်ရပြီး စက်တင်ဘာမှာ ကျပ် ၁၀၀၀၀ တောင်းယူသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“အမှိုက်ကားက လာချင်သလို လာတာ၊ တခါတလေ လနဲ့ချီ ပျောက်နေတာ၊ ဒါကို အခုသန့်ရှင်းရေး အခွန်ကျ နှစ်ဆ တက်တယ်တဲ့လား။ မြောင်းတွေဆိုတာ နေရာတိုင်း ရေလျံနေတာ၊ ဒါကိုတောင် တောင်းရဲတယ်၊ ဆရာကြီး ဦးရဲလွင် Smart City ခေတ် က စည်ပင်ကို သတိရတယ်”
စစ်ဗိုလ်ဟောင်းတွေ ကြီးစိုးထားတဲ့ မန္တလေးစည်ပင်ဟာ အာဏာသိမ်းပြီးကတည်းက အမှိုက်သိမ်းတာ၊ လမ်းပြင်တာ၊ မြောင်းဖော်တာ၊ စတဲ့ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်နိုင်တာ မရှိပေမယ့် အခွန်အခတွေကိုတော့ ဆတိုးနဲ့ တောင်းယူနေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့တွင်း စျေးတွေ၊ လမ်းတွေမှာ ယာဉ်ရပ်နားခနဲ့ ယာဉ်အပ်နှံခတွေ ကောက်ခံရာမှာလည်း စစ်အုပ်စု စည်ပင်နဲ့ လေလံရတဲ့ လုပ်ငန်းရှင်တို့ ပေါင်းကာ လူမိုက်တွေ ငှားရမ်းပြီးနောက် မိုက်ကြေးခွဲသလို တောင်းယူနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့တွင်း စည်ပင်က ယာဉ်ရပ်နားခ ကောက်ခံဖို့ သတ်မှတ်ပြီး လေလံပေးထားတဲ့ နေရာတွေမှာ ယာဉ်ရပ်နားပါက တစ်နာရီစာအတွက် ဆိုင်ကယ် ၂၀၀ ကျပ်၊ ကား/အိုးဝေ – ၄၀၀ ကျပ် ကောက်ခံမယ်လို့ စာတွေ ကပ်ထားပေမယ့် ငွေကောက်သူတွေက စိတ်ထင်တဲ့အတိုင်း တောင်းယူနေတာလို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ ၈လပိုင်းတုန်းက လာကောက်တဲ့သူကို ၂၀၀ လားလို့ မေးလိုက်တာ၊ ဘောပင် နဲ့ ၄၀၀ ပေါ်မှာ ၅၀၀ ရေးထားတဲ့ စာရွက် ထုတ်ပေးတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ယာဉ်ရပ်နားခနဲ့ ယာဉ်အပ်နှံခတွေ ကောက်ခံရာမှာ မိုက်ကြေးခွဲသလို ကောက်ခံနေကြတာ ဖြစ်ပြီး စည်ပင်ကလည်း စိစစ်ကြပ်မတ်မှု မရှိသလောက် အားနည်းတယ်လို့ မြို့ခံတွေက ဝေဖန်ပါတယ်။
‘ကားလေးခနရပ်ပြီး ကလေးက စားချင်လို့ လမ်းဘေးက မီနီမတ်တစ်ခုမှာ ရေခဲချောင်း ဆင်းဝယ်တာ၊ ရေခဲချောင်းက ၁၀၀၀၊ ရပ်နားခက ၁၀၀၀ ပေးခဲ့ရတယ်၊ ပစ္စည်းမရလို့ မြို့ထဲကို လေးငါးနေရာသာ ပတ်ဝယ်ရရင် ယာဉ်ရပ်နားခ တစ်ခုတည်းနဲ့ကို မခံသာဘူး” လို့ မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

အများပြည်သူ ဆင်းရဲကြပ်တည်းချိန် စည်ပင်က အခွန်အခတွေ ဆတိုးကောက်ခံနေတာလို့ ဆိုပါတယ်။
စည်ပင်က အခွန်အခတွေ တိုးမြှင့်ကောက်ခံနေပေမယ့် မြောင်းမဖော်လို့ မိုးရွာချိန် မြို့အနှံ့ ရေကြီးတာ၊ အမှိုက်မသိမ်းလို့ အမှိုက်ကန်ရှိတဲ့ရပ်ကွက်တွေ အနံ့အသက်ဆိုးရွားတာ၊ လမ်းမပြင်လို့ လမ်း ပျက်စီးတာတွေ ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
စစ်အုပ်စုဟာ အိမ်ခြံမြေ ရာဖြတ်နှုန်းထားတွေကိုလည်း နှစ်စဉ် တိုးမြှင့် သတ်မှတ်ကာ အခွန်အခတွေကို တိုးမြှင့်ကောက်ခံနေတာ ဖြစ်ပါတယ်။
မန္တလေးစည်ပင်မှာ ဌာန ၁၄ ခုရှိပြီး အာဏာမသိမ်းခင် လွန်ခဲ့တဲ့ နှစ်တွေကကတည်းက စည်ပင်ဌာနမှူး၊ ဌာနစုမှူး စတဲ့ ရာထူးနေရာတွေကို မိုးကျရွှေကိုယ် ခေါ် စစ်တပ်ဘက်က ပြောင်းလာတဲ့ စစ်ဗိုလ်၊ စစ်သားတွေက အုပ်စီးနေရာယူထားတာ ဖြစ်ပါတယ်။


မန္တလေးမြို့မှာ တွေ့ရတဲ့ အမှိုက်ပုံတွေ၊ ပိတ်ဆို့နေတဲ့ ရေမြောင်းတွေနဲ့ ပျက်စီးနေတဲ့ လမ်းတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #MCDC #မန္တလေး #စည်ပင်အခွန်အခ



