မကွေးသတင်းအညာမြေ တော်လှန်ရေး

မြိုင်နဲ့ပေါက်နယ်အစပ် ရေနံမှော်ကို စစ်အုပ်စု ငါးရက်ဆက် ဗုံးကြဲလို့ ပြည်သူ ထိခိုက်သေဆုံး၊

တဲကြီးရွာထဲ ခိုအောင်းပြီး ရေနံတွင်းမီးရှို့၊ အစာရှာထွက်တဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်၊

အီသာရမ်/MFP၊ အောက်တိုဘာ – ၁၁

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ပေါက်မြို့နယ်အစပ် ရေနံမှော်ဒေသကို အာဏာသိမ်း စစ်အုပ်စုက ငါးရက်ဆက် ဗုံးကြဲတိုက်ခိုက်နေပြီး ဒီကနေ့ ဗုံးကြဲချိန် ပြည်သူတစ်ဦး ထိမှန်သေဆုံးကာ တဲအိမ် ပျက်စီးမှုတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အောက်တိုဘာလ ၁၁ ရက် ဒီနေ့ နေ့လည် ၁၂ နာရီခန့်က မြိုင်နဲ့ ပေါက်မြို့နယ်အစပ်၊ ရေနံမှော်ဒေသ သရက်ကန်ကျေးရွာနဲ့ လက်ပံတိုရေနံမြေအနီးကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ (Gyrocopter) သုံးစီးနဲ့ ဗုံးပတ်ကြဲသလို Mi35 နဲ့ပါ ရမ်းကားပစ်ခတ် ဗုံးကြဲတာကြောင့် ဒေသခံပြည်သူ အမျိုးသားတစ်ဦး နေရာမှာပဲ သေဆုံးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“၁၂ နာရီလောက်က ဂျိုင်ရိုသုံးစီးနဲ့ 35 နဲ့ပဲ၊ အဲဒီနား ချာချာရမ်းနေအောင် ချတာရော၊ ပစ်တာရော လုပ် သွားတာ။ အဲဒါ ပြည်သူတစ်ယောက် အသက်ဆုံးရှုံးသွားရတာပေါ့”

ပုဂံ – ညောင်ဦးမြို့ကနေ တက်လာတဲ့ ရဟတ်ယာဉ်နဲ့ ဗုံးပတ်ကြဲတာဖြစ်ပြီး ဒေသခံပြည်သူ အမျိုးသားတစ်ဦး သေဆုံးသလို တဲအိမ်တွေလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလကစလို့ အင်အား ၅၀၀ ကျော်နဲ့ မြိုင်နဲ့ ပခုက္ကူနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး အဓိကအားဖြင့် နယ်မြေမစိုးမိုးနိုင်တော့လို့ ဆက်ကြေး မကောက်နိုင်တော့တဲ့ ရေနံတွင်းတွေကို လိုက်လံ မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ပေါက်နဲ့မြိုင်နယ်အစပ်၊ လက်ပံတို ရေနံမြေအနီး၊ တဲကြီးကျေးရွာထဲ ရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်လို့ တဲကြီးရွာကနေ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေကာ တစ်လကျော်ကြာပြီ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

တဲကြီးရွာထဲ ခိုအောင်းနေရာကနေ ရွာအပြင်ထွက်ဖို့ ကြိုးစားတဲ့ စစ်အုပ်စုကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာ အောက်တိုဘာ ၄ ရက်ကစလို တဲကြီးကျေးရွာအစပ်မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်အုပ်စု အထိနာတာကြောင့် နေ့စဉ် ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။

တဲကြီးကျေးရွာထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေရဲ့ အလစ်အငိုက်ကို ချောင်းကာ ကျေးရွာထဲက ထွက်လာပြီးနောက် ရွာအနီးဝန်းကျင်ရှိ ရေနံတွင်းတွေကို လိုက်လံ မီးရှို့ဖျက်ဆီးလေ့ ရှိသလို ပြည်သူပိုင် အစားအစာ ရိက္ခာတွေကို လိုက်လံခိုးယူစားသောက်နေတာလို့ ဆိုပါတယ်။

အဲဒီ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလအတွင်း ပခုက္ကူမြို့ကနေ စတင်ထွက်လာကတည်းက အစာရိက္ခာ အလုံအလောက် မပါဘဲ ပြည်သူပိုင်ပစ္စည်းတွေ လုယက်စားသောက်နေတာ ဖြစ်ပြီး မြိုင်မြို့နယ်ထဲ ဝင်ရောက်လာတဲ့ လေးလအတွင်း ကျေးရွာ ၁၀ရွာကျော် စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သလို အဲ့ဒီ ရွာတွေက ဒေသခံ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

စစ်အုပ်စုက လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးနဲ့ထု၊ လစ်ရင်လစ်သလို ကျေးရွာတွေနဲ့ ရေနံတွင်းတွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီး၊ တွေ့သမျှပြည်သူ ဖမ်းဆီးသတ်ဖြတ်နေလို့ မြိုင်နဲ့ ပေါက်နယ်အစပ်ရှိ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရသလို ရေနံတွင်း လုပ်ငန်းတွေလည်း မလုပ်ကိုင်ရဲဘဲ ရပ်နားထားရပါတယ်။

အောက်တိုဘာ ၁၁ရက် နေ့လည် ၁၂နာရီအချိန် မြိုင်နဲ့ပေါက်မြို့နယ်အစပ်၊ တဲကြီးရွာအနီး ရေနံတွင်းတွေ ကို စစ်အုပ်စုက ရဟတ်ယာဉ်၊ ဂျိုင်အိုတွေနဲ့ ဗုံးပတ်ကြဲလို့ သေဆုံးသူနဲ့ ပျက်စီးမှုတွေ/Photo – ဒေသခံ (ပေးပို့)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #မြိုင် ​ #​ရေနံမှော်ရေနံတွင်း

Related Articles

Back to top button