စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ရွှေဘို မဟာစည်ဆရာတော်ကြီးရဲ့ မဟာစည်ကျောင်း အပါအဝင် ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်နေ့ တရားနာ နေသူတွေကို စစ်အုပ်စု ဗုံးပတ်ကြဲသတ်ဖြတ်၊

နှစ်ဦး သေဆုံးကာ ရှစ်ဦးထက်မနည်း ဒဏ်ရာရ၊

ဒေါ်လာ/MFP၊ အောက်တိုဘာ – ၁၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ မဟာစည်ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့တဲ့ သမိုင်းဝင် မဟာစည်ကျောင်းနဲ့ အင်ကြင်းပင် ဘုန်းတော်ကြီးကျောင်းတို့မှာ ဒီကနေ့ တော်သလင်းလကွယ် ဥပုသ်နေ့ တရားနာနေသူတွေကို အဓိက ပစ်မှတ်ထား​ပြီး အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်ရာ ဥပုသ်ယူ တရားနာနေတဲ့ သက်ကြီးရွယ်အိုနဲ့ စစ်ရှောင် ပြည်သူ အနည်းဆုံး နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ ရှစ်ဦးထက်မနည်း ရှိတယ်လို့ သတင်းရရှိပါတယ်။

အောက်တိုဘာ ၁၁ ရက် ဒီကနေ့ နေ့လယ် ၁၁ နာရီ ၄၄ မိနစ်မှာ စစ်အုပ်စုက မန္တလေးမြို့ တံတားဦးကနေ ပျံတက်လာတဲ့ တိုက်လေယာဉ်နဲ့ ရွှေဘိုမြို့အနောက်ဘက်၊ ဆိပ်ခွန်ကျေးရွာရှိ သမိုင်းဝင် မဟာစည်ကျောင်းနဲ့ အင်ကြင်းပင်ကျောင်းတို့အား သုံးကြိမ်တိုင်တိုင် ဗုံးပတ်ကြဲ သတ်ဖြတ်တာလို့ ဆိုပါတယ်။

ဗုံးထိမှန်လို့ ဘုန်းကြီးကျောင်းအတွင်း ဥပုသ်သီလယူနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဘုန်းကြီးကျောင်းအတွင်း စစ်ဘေးရှောင်ခိုလှုံနေထိုင်ကြသူတွေထဲက ပွဲချင်းပြီး နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ ရှစ်ဦးထက်မနည်း ရှိတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဓမ္မာရုံတွေ၊ တရားရိပ်သာဆောင်တွေ၊ ဇရပ်စောင်းတန်းနဲ့ ဘုန်းကြီးကျောင်းတွေအတွင်းရှိ သာသနိက အဆောက်အဦး အများအပြား ပျက်စီးဆုံးရှုံးတယ်လို့ ဆိုပါတယ်။

“အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများနှင့် ဘုရားကျောင်းကန်၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းများအား ပစ်မှတ်ထားတိုက်ခိုက်နေခြင်းများအား အချိန်မရွေး ပြုလုပ်နေသဖြင့် မိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်တို့ကို သတိပြု နေထိုင်ကြပါရန်၊ လေယာဉ်သံနှင့် လက်နက်ကြီးပစ်ခတ်သံများ ကြားရပါက လုံခြုံစိတ်ချရသော နေရာများသို့ အမြန်ဆုံး ရွှေ့ပြောင်းရှောင်ရှားကြပါရန်နှင့် မလိုအပ်ဘဲ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြပါရန်” လို့ ရွှေဘိုမြို့နယ် ပကဖ က သတိပေးတိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်၊ ဝါခေါင်လဆန်း ၈ ရက် ဥပုသ်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ ဘုန်းကြီးကျောင်းကို အဓိက ပစ်မှတ်ထားပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက မန္တလေးမြို့ တံတားဦးကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ရာ တရားနာနေသူ ၁၄ ဦး ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူ ၂၇ ဦး ရှိခဲ့ပါတယ်။

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ မဟာစည်ကျောင်းနဲ့ အင်ကြင်းပင်ကျောင်းရှိ တရားနာနေသူတွေကို စစ်အုပ်စုက ဥပုသ်နေ့ ဗုံးကြဲသတ်ဖြတ်စဉ်/Photo – ရွှေဘို ပကဖ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မဟာစည်ကျောင်း ​ #​ရွှေဘို

Related Articles

Back to top button