စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်မှာ စစ်အုပ်စုက ပါရာမော်တာ သုံးစီးနဲ့ ဗုံးကြဲလို့ တစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရ၊

ဗုံးကြဲအပြီး နာရီဝက်အတွင်း ရွာထဲ စစ်ကြောင်းထိုးဝင်ရောက်၊

ယခင်ရက်ကလည်း ပါရာမော်တာနဲ့ ဂျိုင်အို စုစုပေါင်း ၁၀ စီးနဲ့ ယင်းမာပင်နယ်ထဲ ဗုံးပတ်ကြဲခဲ့၊

မောင်သက်/MFP၊ အောက်တိုဘာ – ၁၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ရွာကို အာဏာသိမ်း စစ်အုပ်စုက မနေ့က နေ့လည်ပိုင်း ဂျိုင်အိုကော်ပတာ (Gyrocopter) သုံးစီးနဲ့ ဗုံးပတ်ကြဲရာ လမ်းသွားလမ်းလာ ဆီတင်ကားနဲ့​ နေအိမ်တွေ ထိမှန် ပျက်စီးပြီး ဆီကားမောင်းသူ သေဆုံးကာ အရပ်သားပြည်သူ လေးဦး ဒဏ်ရာ ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၁၀ရက် နေ့လည် ၁နာရီခွဲအချိန် စစ်အုပ်စုက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ ကနေ ပျံတက်လာတဲ့ ဂျိုင်အိုကော်ပတာ သုံးစီးနဲ့ ယင်းမာပင်နယ် ပြန်လှည့်ရွာ၊ ဘုန်းကြီးကျောင်း၊ ရွာလမ်းမပေါ်ရှိ ကားတန်းနဲ့ နေအိမ်တွေပေါ် ဗုံးပတ်ကြဲခဲ့တာလို့ ဆိုပါတယ်။

“ဘုန်းကြီးကျောင်းပေါ် တည့်တည့်တစ်လုံး ကျတယ်၊ ဆီကားတစ်စီး ခေါင်းပျက်စီးတယ်၊ ဘေးက ဆီကားတွေကတော့ ဗုံစထိမှန်ပြီး ဘီးတွေ ပေါက်တာတွေ ရှိတယ်၊ ကံကောင်းလို့ မီးတွေ ထ မလောင်တာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဗုံးထိမှန်လို့ ဆီကားမောင်းသူတစ်ဦး သေဆုံးကာ ဆီကားယာဉ်နောက်လိုက် အမျိုးသားတစ်ဦး၊ ရွာခံပြည်သူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား နှစ်ဦး၊ စုစုပေါင်း လေးဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ပြန်လှည့်ရွာပေါ် ဗုံးကြဲပြီး မိနစ်ပိုင်းအကြာ ယင်းမာပင်မြို့ကတဆင့် စစ်သား ပြည့်ပါ ကားကြီး နှစ်စီးနဲ့ အဲ့ဒီ ပြန်လှည့်ကျေးရွာထဲ စီးနင်းဝင်ရောက်ပြီးနောက် နေအိမ်တွေ ဖောက်ထွင်း လုယက်တာ၊ ပြည်သူတွေဆီက ဖုန်း၊ဆိုင်ကယ်နဲ့ ငွေတွေ ဓားပြတိုက် လုယက်တာတွေ ကျူးလွန်သလို ဆီကားတွေကိုလည်း ဖမ်းဆီးမောင်းယူသွားတယ်လို့ ဆိုပါတယ်။

“လေကြောင်းတိုက်ပြီး စစ်ကြောင်းပါထိုးလို့ ရှောင်လိုက်ရသေးတယ်၊ မောင်းလို့ရတဲ့ ဆီကား သုံးစီး ဖမ်းသွားတယ်၊ ရွာသာယာရွာက ရှောင်ရင်း ပက်ပင်းတိုးတဲ့ ပြည်သူတွေရဲ့ ဖုန်းနဲ့ ဆိုင်ကယ်တွေ လုယူ သွားတယ်” လို့ အထက်ပါ ဒေသခံက ထပ်မံ ပြောပါတယ်။

စစ်အုပ်စုဟာ ယင်းမာပင်နယ်ထဲ နေ့စဉ် ဗုံးကြဲ၊ ကင်းထောက်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

အောက်တိုဘာ ၄ရက် နေ့လည် ၁ နာရီကျော်အချိန်ကလည်း မုံရွာ နမခကနေ ပျံတက်လာတဲ့ ဂျိုင်အိုကော်ပရာ ခြောက်စီး၊ ပါရာမော်တာ (Paramotor) လေးစီး၊ စုစုပေါင်း ၁၀ စီးနဲ့ ယင်းမာပင်နယ် သပြေးအေးရွာက ပြည်သူတွေရဲ့ စစ်ရှောင်တဲတွေကို ဗုံးပတ်ကြဲခဲ့ပါသေတယ်။

အဲ့ဒီလို ပါရာမော်တာနဲ့ ဂျိုင်အို စုစုပေါင်း ၁၀ စီးနဲ့ ဗုံးကြဲလို့ စစ်ရှောင်တဲတွေ ပျက်စီး၊မီးလောင်ကာ မပြေးနိုင်တဲ့ အသက် ၈၀ အရွယ် အဖွားအိုတစ်ယောက် ခြေထောက်ထိမှန် ဒဏ်ရာရတယ်လို့ ဒေသခံ အမျိုးသား တစ်ဦးက MFP ကို ပြောပါတယ်။

“စစ်ရှောင်တွေနေတဲ့ တောထဲက တဲတိုက်တွေကို လာပစ်တာ၊ စစ်ရေးလည်း မရှိဘဲ လာပစ်တာ၊ ဆိုင်ကယ်တွေ၊ တဲတွေ၊ တောင်သူ စိုက်ပျိုးရေးက ထွက်တဲ့ သီးနှံတွေ မီးလောင်ပျက်စီးကုန်တယ်”

အဲ့ဒီ ဗုံးကြဲခံရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ၂၀၂၂ ကတည်းက ယင်းမာပင်နယ်၊ သပြေအေးရွာကို စစ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲသတ်ဖြတ်၊ ရွာကို စစ်ကြောင်းထိုး စီးနင်းလုယက်ကာ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးလို့ ရွာထဲမှာ မနေရဲဘဲ တောတောင်ထဲ စစ်ဘေးရှောင်နေထိုင်ကာ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေကြတဲ့ ပြည်သူတွေ ဖြစ်ပါတယ်။

မုံရွာမြို့ရဲ့တဖက်ကမ်း၊ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ်ထဲနေ စစ်အုပ်စုဟာ နေ့ခင်းဘက် အချိန်တွေ ခရီးသွားပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်ပြီးနောက် ရလာတဲ့ ငွေနဲ့ မူးရူး သောက်စားကာ ညဦးပိုင်းကစလို့ ယင်းမာပင်နယ် ကျေးရွာတွေဘက် လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်နေပြီး ယခု အောက်တိုဘာလအတွင်း အဲ့ဒီ အောင်ဇေယျမြို့သစ်ကနေ ကျေးရွာတွေဘက် လက်နက်ကြီး အလုံး ၁၀၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်နယ် ပြန်လှည့်ရွာကို စစ်အုပ်စုက ပါရာမော်တာ သုံးစီးနဲ့ ဗုံးပတ်ကြဲလို့ ထိခိုက်ဒဏ်ရာရ၊ ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ (ပေးပို့)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ယင်းမာပင် ​ #​ပြန်လှည့်ရွာ

Related Articles

Back to top button