မန္တလေးကနေ ကချင်ဘက် စစ်ကူပို့တဲ့ စစ်ကားတန်းကို ကသာမြို့အနီး တိုက်ခိုက်၊

ကားနှစ်စီး မီးလောင်ကာ စစ်အုပ်စု ခြောက်ယောက် ထက်မနည်း သေ၊
ခါးခါး/MFP၊ အောက်တိုဘာ – ၁၃
မန္တလေးမြို့ကနေ ကချင်ပြည်ဘက် စစ်ကူပို့တဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ ကားအစီး ၆၀ ကျော်ပါ စစ်ကားတန်းကို တော်လှန်ရေးတပ်တွေက ကသာမြို့အနီး ကြားဖြတ်တိုက်ခိုက်ရာ ဒရုန်းဖြတ်စက် (ဂျန်မာ) ကားနှစ်စီး မီးလောင်ပျက်စီးသလို စစ်အုပ်စု ခြောက်ယောက် ထက်မနည်း သေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၁၀ရက်မှာ မန္တလေးကနေ ထွက်လာပြီး မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း – ထီးချိုင့် – ကသာ လမ်းအတိုင်း ကချင်ပြည်ဘက် စစ်ကူပို့တဲ့ စစ်ကားတန်းကို အောက်တိုဘာ ၁၁ရက်က ကသာမြို့အနီးမှာ ဒရုန်းနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကချင် -စစ်ကိုင်းအစပ် အင်းတော်နဲ့ ကသာမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေချိန် ပေါ်တာဆွဲ စစ်သားသစ်တွေ အပါအဝင် စစ်အုပ်စုက စစ်ကူပို့တဲ့ ၁၂ ဘီးကား ၅၉စီး၊ လက်နက်ရိက္ခာတင် ကားရှစ်စီး၊ ကရိန်းကား တစ်စီးနဲ့ ဒရုန်ဖြတ်စက် (ဂျန်မာ) ကားနှစ်စီး၊ စုစုပေါင်း ကားအစီး ၆၀ ကျော် ထီးချိုင့်ကနေ ကသာမြို့နယ်ထဲ ဝင်ရောက်လာချိန် တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
“ဂျန်မာနှစ်စီးကတော့ မီးလောင်သွားတယ်။ ကားအသေးလေးပေါ်မှာ တင်ထားတာ၊ အဲ့ဒါ မီးလောင်သွားတယ်။ ကားတစ်စီးမှာက သုံးလေးယောက်ပါတာ၊ သေတာကတော့ ကားနှစ်စီးဆိုတော့ ခြောက်ယောက်ကျော် လောက်ပဲ နေမှာ”

အာဏာသိမ်း ကာလအတွင်း စစ်ရှုံးထားတဲ့ ထီးချိုင့်၊ အင်းတော်နဲ့ ကသာမြို့နယ်တွေကို ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ရေး စစ်အုပ်စုက ပြီးခဲ့တဲ့ သင်္ကြန်ကာလက စတင်ကာ တန်ပြန်ထိုးစစ်ဆင်နေပြီး လက်ရှိမှာ စစ်အုပ်စုက မြို့ပေါ်ရပ်ကွက်တွေကို ထိန်းချုပ်ထားနိုင်က မြို့အပြင်ထွက်တာနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
အဲ့ဒီ ထီးချိုင့်၊ အင်းတော်နဲ့ ကသာနယ် တိုက်ပွဲတွေမှာ အသေခံ စစ်တိုက်ခိုင်းဖို့ မန္တလေးကတဆင့် ပေါ်တာဆွဲ စစ်သားသစ်တွေကို တောက်လျှောက် ပို့လွှတ်နေကာ သင်္ကြန်ကာလအပြီး စစ်ကိုင်းနဲ့ ကချင်အစပ်ကို စစ်အုပ်စုက စစ်သားသစ် ပို့လွှတ်မှု ၁၀ ကြိမ်ထက်မနည်း ရှိပြီလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
လက်ရှိ မန္တလေးကနေ ကချင်ပြည်ဘက် ဦးတည်တဲ့ စစ်ကားတန်းဟာ ကသာမြို့တွင်း ရပ်နားထားတဲ့ ကုန်တင်ကားနဲ့ လူစီးကားတွေကိုပါ ဖမ်းဆီးချောဆွဲသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကားတွေကတော့ ချောဆွဲထားတယ်လို့ သိရတယ်၊ ကသာကနေ ထီးချိုင့်လမ်းကို ပြန်ဆွဲခိုင်းတာလည်း ရှိတယ်။ အင်းတော်ဘက်ကို တက်ခိုင်းတာလည်း ရှိတယ်”
လက်ရှိမှာ စစ်အုပ်စုက တွေ့သမျှကားတွေကို ချောဆွဲနေလို့ အင်းတော် – ကသာ – ထီးချိုင့် ကားလမ်းကို ပြည်သူတွေ အသုံးမပြုရဲဘဲ မဖြစ်မနေ ခရီးသွားလာဖို့ လိုအပ်သူတွေဟာ ရေကြောင်းလမ်းကို အားထား ဖြတ်သန်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုက အင်းတော် – ကသာ – ထီးချိုင့် ကားလမ်းပေါ် ဂိတ်ဖွင့်ငွေညှစ်နိုင်ရေးနဲ့ အင်းတော်နယ် မဲဇာရွာကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးလို့ မဲဇာရွာအနီးမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ရက်သတ္တပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်နေပါတယ်။
လက်ရှိမှာ မဲဇာကျေးရွာကို စစ်အုပ်စုက ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် ဝန်းသိုမြို့ဘက်ကို ဆက်လက် စစ်ကြောင်းထိုးလို့ မဲဇာ-ဝန်းသိုလမ်းမှာ တိုက်ပွဲ ဆက် ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုလည်း မဲဇာမှာတော့ (စစ်အုပ်စု) တစ်ဖွဲ့တော့ ချန်ထားတယ်လို့ ပြောတယ်။ ဝန်းသိုဘက် သွားတဲ့ အဖွဲ့က သွားတယ်။ မဲဇာမှာထိုင်နေတဲ့ အဖွဲ့က ထိုင်နေတယ်”
တိုက်ပွဲဖြစ်တဲ့ နေရာတွေ အပါအဝင် အင်းတော်၊ ထီးချိုင့်၊ ဝန်းသိုနဲ့ ကောလင်းနယ်တွေကို စစ်အုပ်စုက ဗုံးပတ်ကြဲနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက စစ်ကြောင်းထိုး၊ ဗုံးကြဲနေလို့ မဲဇာရွာ အပါအဝင် အင်းတော်နဲ့ ဝန်းသိုနယ် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

မန္တလေးကနေ ကချင်ပြည်ဘက် တက်လာတဲ့ စစ်ကားတန်း/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #အင်းတော် #ကသာစစ်ကားတန်း



