
ရက်သတ္တပတ်ကျော်ကြာအထိ မိသားစုနဲ့ အဆက်အသွယ် မရ၊
မောင်သက်/MFP၊ အောက်တိုဘာ – ၂၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သင့်ဝံရွာက ဦးမြင့် (အမည်လွှဲ)ကို မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိ လက်နက်ကိုင် လေးယောက်က ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရက်သတ္တပတ်ကျော်ကြာအထိ မိသားစုနဲ့ အဆက်သွယ် မရဘဲ ဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၁၃ရက် ည ၇ နာရီအချိန်တွင် ဦးမြင့် စစ်ဘေးရှောင်နေထိုင်ရာ နေရာကို လက်နက်ကိုင် ထားပြီး အနက်ရောင် မျက်နှာဖုံးစွပ်ထားသူ လေးယောက် ရောက်လာပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
“လာဖမ်းတာ ဘယ်အဖွဲ့ကဆိုတာလဲ မသိရဘူး၊ ကျေးရွာ ပအဖ၊ ပကဖလည်း မပါဘူး။ ဘာကြောင့် ဖမ်းတာလည်းမေးတော့ စစ်ဆေးစရာရှိလို့ လာဖမ်းတာ ပြောပြီး ဖမ်းခေါ်သွားတယ်”လို့ မိသားစုနဲ့ နီးစပ်တဲ့ လူငယ်တစ်ဦးက MFP ကို ပြောပါတယ်။
ကနီနယ် သင့်ဝံ့ရွာဟာ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းဘေးမှာ တည်ရှိပြီး သင်္ကြန်ကာလ ကတည်းက စစ်အုပ်စုက မကြာခဏ စီးနင်းလုယက် ဓားပြတိုက်၊ တွေ့သမျှပြည်သူကို ရန်ပြုနေလို့ ပြည်သူတွေ ရွာထဲ မနေရဲဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကာ ရွာအနီး တောတိုက်တွေမှာ စစ်ရှောင် နေထိုင်နေကြရတာလို့ ဆိုပါတယ်။
တောတိုက်မှာ စစ်ဘေးရှောင်ရင်း တောင်သူလုပ်ကိုင် စားသောက်နေတဲ့ သင့်ဝံရွာက ဦးမြင့်ကို လက်နက်ကိုင် လူတစ်စုက လာဖမ်းချိန် ဇနီးဖြစ်သူက ဘာကြောင့်ဖမ်းတာလဲ၊ ရပ်ရွာအဖွဲ့စည်းတွေ ဘာကြောင့်ပါမလာလဲ မေးတဲ့အခါ လူကြီးတွေနဲ့ အဆက်သွယ်ရှိတယ်၊ ကျန်တာဘာမှ မမေးနဲ့လို့ ပြောကာ ဖမ်းခေါ်သွားတာလို့ အထက်ပါ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။
“ကနီမြို့နယ်မှာရှိတဲ့ ပအဖ၊ပကဖနဲ့ အဖွဲ့စည်းတွေကိုလည်း ဦးမြင့် ဖမ်းဆီးခံရတာနဲ့ ပက်သက်လို့ ကူညီပေးကြဖို့၊ အမှုမှန်ပေါ်ပေါက်ဖို့ ဝိုင်းကူကြဖို့ ပြောထားတယ်”
ဦးမြင့်ကို ဖမ်းခေါ်သွားမှုနဲ့ပတ်သက်ပြီး မိသားစုက ရွာခံ ပအဖကို သွားရောက်မေးမြန်းရာ ဘယ်အဖွဲ့က ဘယ်သူ ဖမ်းတာလဲ မသိသလို သူတို့ကို လာရောက်အသိပေးတာ မရှိဘူးလို့ ပအဖက ပြန်ပြောတယ်လို့ ဆိုပါတယ်။
ဦးမြင့် ဖမ်းဆီးခံရပြီး ရက်သတ္တပတ်ကျော်ကြာချိန်အထိ မိသားစုနဲ့ အဆက်သွယ် မရရှိသေးဘဲ သေလား၊ ရှင်လား မသိရတာကြောင့် မိသားစုက စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ကနီ #သင့်ဝံရွာ



