ယင်းမာပင်နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုး၊ လုယက် ဓားပြတိုက်နေလို့ ဒေသခံတွေ ထွက်ပြေးနေရ၊

ယင်းမာပင်မြို့ထဲကနေ သုံးဖွဲ့ခွဲကာ နေ့စဉ် ဓားပြတိုက်ထွက်နေ၊
မောင်သက်/MFP၊ အောက်တိုဘာ – ၂၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဒေသတွင်း နယ်မြေ စိုးမိုးနိုင်ရေး နေ့စဥ် စစ်ကြောင်းပတ်ထိုးကာ ကျေးရွာတွေကို စီးနင်းလုယက် ဓားပြတိုက်နေလို့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ယင်းမာပင်မြို့ထဲနေ စစ်အုပ်စုဟာ သုံးဖွဲ့ခွဲကာ မြို့အနီးဝန်းကျင် ကျေးရွာတွေကို နေ့စဉ် ဓားပြတိုက် ထွက်နေတာ ဖြစ်ပြီး ပြည်သူကို တွေ့ရင် ဖမ်းဆီး၊ သတ်ဖြတ်၊ ပါသမျှပစ္စည်း ဓားပြတိုက်သလို ကျေးရွာတွေ ကနေလည်း တန်ဘိုးရှိပစ္စည်းမှန်သမျှ စစ်ကားပေါ် ဆွဲတင်ကာ ယင်းမာပင်မြို့ထဲ သယ်ယူသွားတာလို့ ဆိုပါတယ်။
“စစ်ကြောင်းက နေ့တိုင်းထွက်တာ၊ လည်ငေါက်ရွာဆို အထိုင်ပါ ချထားတယ်။ အများဆုံး စစ်ကြောင်း ရောက်တာက လည်ငေါက်၊ နှောရိုး၊ ရွာသာယာရွာ တွေပဲ” လို့ ဒေသခံ ရပ်ကျေး ပကဖ အဖွဲ့ဝင် တစ်ဦးက MFP ကို ပြောပါတယ်။
ယင်းမာပင်မြို့တွင်းနေ စစ်အုပ်စုဟာ ယခင်လတွေက ရိက္ခာပြတ်ပြီး ငတ်လာချိန်မှ အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးကာ အစာရှာထွက်လေ့ရှိပေမယ့် သြဂုတ်လဆန်းပိုင်းက စလို့ ခပ်စိပ်စိပ် စစ်ကြောင်းထိုးလာပြီး ယခု အောက်တိုဘာမှာတော့ နေ့စဉ် သုံးဖွဲ့ခွဲကာ စစ်ကြောင်းထိုး၊ ဓားပြတိုက် ထွက်နေတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ယင်းမာမင်မြို့ပတ်လည်ရှိ လည်ငေါက်၊ တမာပင်ခွနဲ့ မင်းကံတိုက်ရွာတွေဘက်ကို တစ်ဖွဲ့၊ နှောရိုးနဲ့ ရွာသာယာကျေးရွာတွေဘက် တစ်ဖွဲ့၊ မြို့ပေါ်နဲ့ မြေကြက်ဆူရွာတွေဘက်ကို တစ်ဖွဲ့၊ သုံးဖွဲ့ခွဲကာ စစ်ကြောင်းထိုး ဓားပြတိုက်ထွက်လေ့ရှိတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းက ခြေလျင်လာတဲ့အခါ လာတယ်၊ ကားနဲ့လာတဲ့အခါ လာတယ်၊ လည်ငေါက်ဖက်တော့ ညအိပ် တပ်စွဲတာ များတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ယင်းမာပင်မြို့ရဲ့ အနောက်အရပ်ကို ဓားပြတိုက်ထွက်တဲ့ စစ်အုပ်စုဟာ ပြောင်းပြာ၊ လက်လှုပ်၊ စားတော်ပြင် ရွာတွေအထိ တခါတရံ ရောက်လေ့ရှိပြီး ရွာတွေထဲက စားနပ်ရိက္ခာ၊ ဆိုင်ကယ်၊ ဖုန်း စတဲ့ တန်ဘိုးရှိပစ္စည်းတွေ ဓားပြတိုက်လုယက်သွားတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၅ရက်က ယင်းမာပင်မြို့ထဲကနေ ဓားပြတိုက်ထွက်တဲ့ စစ်အုပ်စုဟာ ရွာသာယာရွာကို စီးနင်း ပြီးနောက် တန်ဘိုးရှိပစ္စည်း ဓားပြတိုက် လုယက်သလို လမ်းပေါ်သွားလာနေတဲ့ ဆီကား သုံးစီးကို ဖမ်းဆီးကာ ငွေကျပ်သိန်း ၉၀၀ နဲ့ ရွေးခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်မြို့ ပတ်လည်ရှိ မြို့သစ်၊ နှောရိုး၊ ကောင်းဆင့်၊ ရွာသာယာ၊ မြေကြက်ဆူ၊ ရွာထောင်မြို့ပေါ်၊ ရုံးလေးပင်၊ လက်လှုပ်၊ ပြောင်းပြာ၊ စားတော်ပြင်၊ တမာပင်ခွ၊ မင်းကံတိုက်၊ လည်ငေါက်၊ သရက်ကန်၊ ငါးမောင်း စတဲ့ ကျေးရွာနေ ပြည်သူတွေ နေ့စဥ်ရက်ဆက် စစ်ဘေးရှောင် နေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ယင်းမာပင်နယ်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားချိန် စစ်အုပ်စု အနေနဲ့ မြို့ပေါ်မှာ ခိုအောင်းနေခဲ့ပြီး ရွေးကောက်ပွဲပင် မလုပ်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ပေါ်တာဆွဲ စစ်သားသစ်တွေနဲ့ အင်အားဖြည့်ကာ ဒေသတွင်း နယ်မြေစိုးမိုးနိုင်ရေးအတွက် နေ့စဉ် စစ်ကြောင်းပတ်ထိုးကာ ဓားပြတိုက် လုယက်နေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ယင်းမာပင်နယ်က ပြည်သူတွေ/Photo – ဒေသခံ (ပေးပို့)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ယင်းမာပင် #စစ်ကြောင်းထိုးဓားပြတိုက်



