စစ်ကိုင်း မင်းကင်းနယ် ချင်းတွင်းမြစ်ရိုးက ရွာပေါ် စစ်အုပ်စု ဗုံးပတ်ကြဲ၊

ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သားပြည်သူ ရှစ်ဦး ဒဏ်ရာရ၊
အညာတခွင် စစ်ရှုံးလို့ ခြေမချနိုင်တဲ့ မြို့၊ရွာတွေကို စစ်အုပ်စု နေ့စဉ် ဗုံးပတ်ကြဲ သတ်ဖြတ်နေ၊
လှိုင်း / MFP၊ အောက်တိုဘာ – ၂၁
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ(Gyrocopter) နှစ်စီးနဲ့ ဗုံးကြဲလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ရွာခံ အရပ်သားပြည်သူ ရှစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၂၁ ရက် ဒီကနေ့ မနက် ၁၁ နာရီကျော်အချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာချုပ်(နမခ) ကနေ ပျံတက်လာတဲ့ ဂျိုင်ရိုကော်ပတာ နှစ်စီးနဲ့ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ မြောက်ချွန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ ရုတ်တရက် ဗုံးကြဲတာလို့ ဆိုပါတယ်။
ကျေးရွာအတွင်း နေအိမ်တွေပေါ် ဗုံးတွေကျရောက်ပေါက်ကွဲကာ ရွာခံအရပ်သားပြည်သူ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား ခြောက်ဦး၊ စုစုပေါင်း ရှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး အဲ့ဒီအထဲက သုံးဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲဖြစ်တာမျိုး ဘာမှမရှိပါဘူး။ ဒီလိုပဲ လျှပ်တပျက် လာကြဲသွားတာပါ။ ရှစ်ဦး ဒဏ်ရာရပါတယ်။ လက်ရှိ အခြေအနေက လေကြောင်းပစ်ခံရတော့ အနီးအနားရွာတွေရောပါ သတိအနေအထားနဲ့ နေရတာပေါ့ဗျာ” လို့ ဒေသခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင် မတ်လထဲမှာလည်း အဲ့ဒီ မြောက်ချွန်းကျေးရွာအနီး ရွှေမျောဖောင် နေရာတွေကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါသေးတယ်။
စစ်အုပ်စုဟာ စစ်ရှုံးလို့ သူတို့ ခြေမချနိုင်တဲ့ စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ရိုးတလျှောက် အပါအဝင် အညာဒေသ မြို့၊ရွာတွေကို နေ့စဉ် ဗုံးပတ်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၀ ရက် မနေ့ကလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ချင်းတွင်းမြစ်ကမ်းရှိ ကွမ်းခြံကျေးရွာကို နမခကနေ ပျံတက်လာတဲ့ ဂျိုင်ရိုကော်ပတာ တစ်စီး အပြင် ဒရုန်းနဲ့ပါ ဗုံးကြဲရာ မိသားစုဝင် လေးဦး အပါအဝင် ရွာခံပြည်သူ အမျိုးသမီး ခြောက်ဦး သေဆုံးခဲ့ပါတယ်။
အောက်တိုဘာ ၁၉ ရက်ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက နဂါးဗွက်နဲ့ သာစည်ကျေးရွာအနီးကို ဂျိုင်ရိုကော်ပတာ ရှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ၁၈ ရက်ကလည်း ပခုက္ကူမြို့နယ်ထဲက အုန်းတောကျေးရွာကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် အပါအဝင် ဒေသခံအရပ်သားပြည်သူ ငါးဦး သေဆုံးခဲ့ရပါသေးတယ်။

စစ်အုပ်စုဟာ အညာတခွင် တိုက်ပွဲမရှိ၊ စစ်ရေးလှုပ်ရှားတာ မရှိတဲ့ အရပ်သား နေထိုင်ရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသန အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

မင်းကင်းနယ် ချင်းတွင်းမြစ်ကမ်းရှိ မြောက်ချွန်းကျေးရွာပေါ် စစ်အုပ်စုက ဗုံးပတ်ကြဲလို့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို တွေ့ရစဥ်/Photo – ဒေသခံ (ပေးပို့)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မင်းကင်း #မြောက်ချွန်းရွာ



