စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာမှာ စစ်အုပ်စုက ပေါ်တာဆွဲရုံမက နည်းမျိုးစုံသုံးကာ အသေခံ စစ်သားသစ် စုဆောင်းနေ၊

ရပ်ကွက်ရုံး ဖွင့်နိုင်တဲ့ ရပ်ကွက်တွေမှာ လူသစ်ဆင့်ခေါ်စာတွေ ပို့၊

ပေါ်တာအဆွဲကြမ်းလို့ လူငယ်တွေ အပြင်မထွက်ရဲဘဲ အလုပ်အကိုင် ဆုံးရှုံး၊

မာကျူရီ/MFP၊ အောက်တိုဘာ – ၂၁

စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုက အသေခံ စစ်သားသစ် ရရှိရေး ပေါ်တာဆွဲ ဖမ်းဆီးတာအပြင် ပုံစံမျိုးစုံ၊ နည်းမျိုးစုံသုံးကာ ကြိုးစားလာတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုက မုံရွာမြို့ပေါ်ရပ်ကွက်တွေအတွင်း အိမ်စီးကားမျိုးစုံ၊ သတင်းပေး ဒလန်တွေနဲ့ ခြေချင်းလိမ်အောင် လှည့်ပတ်ကာ ပေါ်တာဆွဲနေသလို မြို့ပေါ်ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးရုံးတွေ ဖွင့်ပြီး အသေခံစစ်သားသစ် ဆင့်ခေါ်တာ၊ ရပ်ကွက်ထဲ စားသုံးဆီခွဲတမ်းနဲ့ ရောင်းပေးပြီးနောက် အိမ်ထောင်စု စာရင်းကောက်ကာ အသေခံစစ်သားသစ် စုဆောင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

မုံရွာမြို့ဟာ စစ်ကိုင်းတိုင်းရဲ့ မြို့တော်ဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်း လမ်းဆုံလမ်းခွဖြစ်ကာ ကုန်သွယ်ပွဲရုံ လုပ်ငန်းတွေနဲ့ စည်ကားခဲ့တဲ့ မြို့ကြီးဖြစ်ပေမယ့် ယခုလတွေအတွင်း စစ်အုပ်စုက တွေ့သမျှလူ ပေါ်တာဆွဲကာ အသေခံ စစ်သားသစ် စုဆောင်းနေတာကြောင့် တခြားဒေသကနေ မုံရွာကို လာရောက်သူ သိသိသာသာ လျော့သွားသလို မြို့ပေါ်မှာလည်း ညနေ ၅ နာရီ နောက်ပိုင်း လမ်းပေါ် အသွား၊အလာ မရှိသလောက် ခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အခုပေါ်တာဆွဲတဲ့ အချိန်က ရှေ့တိုးလာပြီ၊ အရင်က အလုပ်သိမ်းချိန် ၅ နာရီနောက်ပိုင်း ဆွဲတာ၊ အလုပ်သမားတွေက အလုပ်ချိန်စောပြန်ကြတော့ ပေါ်တာဆွဲတဲ့ အချိန်ကလည်း ရှေ့တိုးပြီး ဆွဲတာ၊ အခုဆို ညနေ ၄ နာရီနောက်ပိုင်း ပတ်ကင်းကားတွေနဲ့ တွေ့သမျှ လူငယ် ဆွဲတင်တာပဲ” လို့ မုံရွာမြို့ခံ ကုန်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက လမ်းပေါ်တွေ့သမျှလူ ပေါ်တာဆွဲဖမ်းဆီးကာ အသေခံစစ်သားသစ် စုဆောင်းနေတာကြောင့် လမ်းမကြီး မေးတင်မှာရှိတဲ့  ဆိုင်ပိုင်ရှင်တွေအနေနဲ့ ဈေး၀ယ် လူငယ်တွေ ပါလာတဲ့အခါ လမ်းမကြီးဘေး ဆိုင်ကယ်ပေါ်ထိုင်ပြီး စောင့်မနေကြဖို့အထိ သတိပေးနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်ကတည်းက မဖွင့်နိုင်တဲ့ မုံရွာမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ စစ်အုပ်စုက ပြန်ဖွင့်ကာ လူသစ်ဆင့်ခေါ်စာတွေ ပို့တာ၊ ရပ်ကွက်ထဲ စားဆီတွေ ခွဲတမ်းနဲ့ ရောင်းပေးမယ်လို့ဆိုပြီး အိမ်ထောင်စုစာရင်း ကောက်ယူကာ လူသစ်စုတာတွေလည်း အရှိန်မြှင့် လုပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေက အပြိုင်အဆိုင်လိုကို ဖွင့်လာကြတာ၊ အခုနှစ်ထဲမှ ပြန်ဖွင့်တာ၊ အုပ်ကြီးရုံးဖွင့်ပြီး စစ်မှုထမ်းစာရင်းကို ပေါ်တင် ကောက်တာ ရှိတယ်၊ တချို့ရပ်ကွက်တွေကြ ဆီ (စားသုံးဆီ) စာအုပ် လုပ်ပေးမယ်ဆိုပြီး အိမ်ထောင်စုစာရင်း ယူကြတာရှိတယ်” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

လူလတ်တန်းစားတွေကို စားသုံးဆီ ထုတ်ပေးမယ်လို့ဆိုကာ အိမ်ထောင်စုဇယား ရယူနေသလို ငွေကြေး တတ်နိုင်သူတွေရဲ့ မိသားစု၀င်တွေရဲ့ အိမ်ထောင်စုဇယားရရှိနိုင်ဖို့ အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေကို စည်းရုံးသိမ်းသွင်းကာ ထောက်ပံ့ကြေးပေးပြီး ရယူနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု အနေနဲ့ မုံရွာမြို့ပေါ် ရပ်ကွက်တိုင်းမှာ အုပ်ချုပ်ရေးရုံးမဖွင့်နိုင်သေးဘဲ ဖွင့်နိုင်တဲ့ ရပ်ကွက်တွေမှာ အထက်ပါအတိုင်း လူသစ်ဆင့်ခေါ်တာ ပို့တာ၊ အိမ်ထောင်စုစာရင်း ကောက်ယူတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“မြို့ပေါ်ရပ်ကွက် အကုန်တော့ မဟုတ်သေးဘူး၊ စစ်မှုထမ်းစာရင်း စာရွက်ပို့တာက။ ပြည်တော်သာတို့၊ ကွေ့ကြီး၊ ရုံးကြီး၊ ထန်းတော အဲ့ဒီ ရပ်ကွက်တွေကတော့ စစ်မှုထမ်းစာရင်း၀င်တဲ့ အိမ်တွေ စာရွက် ပို့တယ် ကြားတယ်၊ ဒီရပ်ကွက်ထဲတော့ မလာသေးဘူး၊ ပေါ်တာဆွဲတာကတော့ နေ့တိုင်း ရှိတယ်၊ ကိုယ့် ရှေ့မှာတင် ကားပေါ်ဆွဲတင်တာမျိုး တွေ့ဖူးတယ်”လို့ မြို့ခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ နေထိုင်ကြတဲ့ သာမန်လက်လုပ်လက်စား လူငယ်လူရွယ်တွေကို စစ်အုပ်စုက စစ်သားသစ် စုဆောင်းကာ အသေခံ စစ်တိုက်ခိုင်းဖို့ နည်းမျိုးစုံသုံး ကြိုးပမ်းနေလို့ လူငယ်တွေအနေနဲ့ အပြင်မထွက်ရဲ၊ မသွားလာရဲဘဲ အလုပ်အကိုင်တွေ ဆုံးရှုံးနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုက မုံရွာမြို့ပေါ် ဘုရားပွဲ၊ စျေးပွဲ စတဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကာ ပေါ်တာဆွဲဖို့ ကြိုးစားနေပြီး ကိုဗစ်ကာလကတည်းက မလုပ်နိုင်တဲ့ မုံရွာမြို့ရဲ့ သီတင်းကျွတ် ဘုရားကြီးပွဲတော်ကို ဒီနှစ်မှာ လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လကစလို့ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စုဆောင်းကာ ရက်တို သင်တန်းပေးပြီးနောက် တိုက်ပွဲဖြစ်တဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ လစဉ် လူ ၅၀၀၀ နှုန်း အသေခံ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး နှဟ်နှစ်ကျော် အတွင်း လူ တစ်သိန်းကျော် စစ်သားသစ် စုဆောင်းခဲ့ပြီး ဖြစ်သလို လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် ၂၉အထိ ဖွင့်လှစ်ထားပြီးလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစက မုံရွာမြို့လယ် နာရီစင်ကို တွေ့ရစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#MandalayFreePress #အညာ #မုံရွာ #စစ်ကိုင်း #ပေါ်တာဆွဲ

Related Articles

Back to top button