မကွေးသတင်း

မြိုင်မြို့နယ်မှာ စစ်အုပ်စု ဒရုန်းနဲ့ တိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

အီသာရမ်/MFP၊အောက်တိုဘာ-၂၂

မြိုင်မြို့နယ်၊ ဖန်းကန်ကျေးရွာကို စစ်အုပ်စုက လေကြောင်းကနေ ဒရုန်းနဲ့ တိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာလ ၂၁ ရက် မနေ့ည ၈ နာရီဝန်းကျင်က မြိုင်မြို့နယ်မြောက်ပိုင်းက ဖန်းကန်ကျေးရွာကို ပခုက္ကူ တပ်မ ၁၀၁ က တက်လာတဲ့ ဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆူဆိုက်ဒရုန်းနှစ်စီးနဲ့ တွယ်သွားတာပဲ၊ကျေးရွာတွေထဲ ထင်ရာတွယ်သွားတော့ သေတာပေါ့ ၊ညဆိုတော့ မရှောင်နိုင်မတိမ်းနိုင်တွေရော ဖြစ်တာပေါ့”

တိုက်ခိုက်ခံရတဲ့နေရာဟာ စစ်အုပ်စုစစ်ကြောင်းထိုးတဲ့နေရာနဲ့ မနီးသလို တိုက်ပွဲဖြစ်ပွားတာမျိုးလည်း မရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မြိုင်နယ်အတွင်းကို စစ်အုပ်စုဘက်ကလည်း အင်အားတွေ ထပ်မံစေလွှတ်ကာ စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတာပါ။

မြိုင်မြို့နယ် ကျောက်ခွက်ရေနံမှော်အနီး တဲကြီးကျေးရွာမှာလည်း စစ်အုပ်စု စစ်ကြောင်းတွေ ရောက်ရှိနေတာ ၂ လခန့် ကြာမြင့်နေပြီဖြစ်ပြီး တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် ရှေ့ဆက်မရနိုင် ဖြစ်နေပါတယ်။

အဲဒီစစ်အုပ်စုစစ်ကြောင်း ရှေ့ဆက်ဖို့အတွက် မြိုင်မြို့နယ် တောင်ပိုင်းမှာ အင်အားအလုံးအရင်း ထပ်မံ ဖြည့်တင်းကာ မြိုင်နဲ့ ပေါက်နယ်အစပ်က ရေနံမှော်ကို ဦးတည်စစ်ကြောင်းထိုးလာနေပြီး တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြိုင်နယ်အတွင်းမှာ စစ်အုပ်စုက လေယာဉ်မျိုးစုံနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေခဲ့ပြီး အရပ်သားပြည်သူ သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ မြိုင်နယ်အတွင်းမှာ စစ်အုပ်စု အင်အားဖြည့်လာတဲ့ စစ်ကြောင်းတွေနဲ့ ပေါင်းရင် စုစုပေါင်းအင်အား ၈၀၀ ဝန်းကျင်ရှိနေပြီး ပြည်သူတွေအနေနဲ့ ‌စစ်ကြောင်းရွေ့လျားမှု အခြေအနေနဲ့ လေကြောင်းအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
အောက်တိုဘာ ၂၁ရက်နေ့ ညပိုင်းက စစ်အုပ်စုက မြိုင်နယ်ဖန်းကန်ရွာကို ဒရုန်းနဲ့တိုက်ခိုက်သွားစဉ်/ဓာတ်ပုံ- ဒေသခံ

Related Articles

Back to top button