
အီသာရမ်/MFP၊ နိုဝင်ဘာ-၁၃
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက အင်အားဖြည့်ကာ စစ်ကြောင်း ထပ်ထိုးဖို့ ပြင်နေလို့ စစ်ဘေးရှောင်ပြည်သူတွေ မိုးထဲရေထဲ နှစ်ထပ်ကွမ်း စစ်ရှောင်ဖို့ ပြင်ဆင်နေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ လကုန်ပိုင်းက စတင်ကာ ပေါက်နဲ့ မြိုင်နယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက စီးနင်း လုယက်၊ အိမ်မီးရှို့၊ ရန်ပြုနေလို့ ပေါက်မြို့နယ်ရှိ ဝန်ခြုံး၊ ကျောက်ခွက်၊ အိုင့်ကျယ်၊ သီးချောက်၊ သရဖီနဲ့ လယ်လန်း စတဲ့ ကျေးရွာတွေက ထောင်ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေကြရတာ ဖြစ်ပါတယ်။
ယခုရက်ပိုင်း ပေါက်နဲ့မြိုင်နယ်ထဲ နေ့စဉ်ရက်ဆက် မိုးရွာနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရေး၊ စားသောက်ရေးနဲ့ သွားလာရေး အခက်အခဲ ကြုံနေရသလို စစ်အုပ်စုက နေ့စဉ် ဗုံးကြဲ နေတာကြောင့် လေကြောင်းအန္တရာယ်လည်း ကြုံနေကြရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“အရင်က တောတဲလေးတွေ ရှိတာပေါ့၊ လေကြောင်းက တစ်မျိုးနဲ့ဆိုတော့ အဲဒီတဲတွေမှာ မနေနိုင်တော့ ဘဲနဲ့ ကျန်တဲ့ လွတ်ရာလေးတွေမှာ မိုးကာတဲလေးတွေနဲ့ တချို့ကျလည်း ပီနံအိတ်တွေကို ချုပ်ပြီး နေနေကြရတာ”
ပခုက္ကူခရိုင်အတွင်း အချိန်အခါမဟုတ် မိုးရွာနေတာ လေးရက်ခန့် ကြာမြင့်လာပြီး စစ်ဘေးရှောင် ပြည်သူတွေထဲက ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ ဖျားနာတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ပေါက်မြို့နယ် တောင်ပိုင်းရှိ စစ်အုပ်စုရဲ့ လက်နက်စက်ရုံ ကပစ ၂၂ ကို စစ်အုပ်စုက နိုဝင်ဘာ ၁၁ ရက်မှာ ကားအစီးရေ ၁၅ စီးနဲ့ ထပ်မံ အင်အား ဖြည့်ကာ စစ်ကြောင်း ထပ်ထိုးဖို့ ပြင်နေလို့ စစ်ဘေးရှောင် ပြည်သူတွေ နှစ်ထပ်ကွမ်း စစ်ရှောင်ဖို့ ပြင်ဆင်နေကြရတယ်လို့လည်း ဆိုပါတယ်။
စစ်အုပ်စုဟာ ပေါက်နဲ့မြိုင်နယ်က ပြည်သူတွေကို ပစ်မှတ်ထားကာ နေ့စဉ်နီးပါး ဗုံးပတ်ကြဲနေပြီး နိုဝင်ဘာလ ၃ ရက်က ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေပေါ် တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဂျိုင်အိုကော်ပတာတွေနဲ့ ဗုံးကြဲလို့ ကျောက်ခွက်ကျေးရွာက ဒေသခံပြည်သူ ခြောက်ဦးနဲ့ လယ်လန်း ကျေးရွာက ပြည်သူတစ်ဦး၊ စုစုပေါင်း ခုနှစ်ဦး သေဆုံးကာ ဒဏ်ရာရသူလည်း အများအပြား ရှိခဲ့ပါတယ်။
စစ်အုပ်စုဟာ လွန်ခဲ့တဲ့ ခြောက်လလောက်က စတင်ပြီး ပေါက်နဲ့ မြိုင်နယ်ရှိ ရေနံမှော်၊ ရေနံတွင်းတွေဘက် ဦးတည်ကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့လည်း နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ရေနံမှော်တွေဘက် ဦးတည် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲမှာ အထိနာ အသေများတိုင်း ဒေသခံပြည်သူကို ပစ်မှတ်ထားကာ ကျေးရွာတွေနဲ့ စစ်ရှောင်တဲတွေကို ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ပုဂံ-ညောင်ဦး လေဆိပ်ကို သုံးကာ ပေါက်နဲ့မြိုင်နယ်ထဲ ဗုံးပတ်ကြဲနေသလို ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀ ခြေမြန်တပ်မဌာနချုပ်ကနေလည်း ပေါက်နယ်ထဲကို ဒရုန်းတွေနဲ့ တိုက်ခိုက် နေတာကြောင့် ဒေသခံပြည်သူတွေ ရပ်ရွာထဲ မနေရဲဘဲ တောတိုက်တွေမှာ ဖြစ်သလို နေထိုင်နေကြရပြီး ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် စစ်ဘေးရှောင်တွေ ဒုက္ခမျိုးစုံ ကြုံနေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဆိုပါတယ်။
ပေါက်နယ်က စစ်ဘေးရှောင်ပြည်သူတွေ/Photo – ပေါက်မြို့နယ် လူသားစာနာ



