ကနီနယ် ရွာတွေပေါ် စစ်အုပ်စုက ဂျိုင်ရို၊ ပါရာမော်တာတွေနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်လို့ အရပ်သား နှစ်ဦး သေဆုံး၊

ကနီနယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုး၊ လူသတ်၊ ဓားပြတိုက်နေလို့ ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတာ ခြောက်လကျော်ကြာ ရှိလာ၊
လှိုင်း / MFP၊ အောက်တိုဘာ – ၂၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ နတ်လာပို့(တောင်)နဲ့ နွားခြံကုန်းကျေးရွာတွေပေါ် အာဏာသိမ်း စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ (Gyrocopter)၊ ပါရာမော်တာ (Paramotor) တွေနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ဒေသခံ အရပ်သား ပြည်သူ နှစ်ဦး သေဆုံးကာ နေအိမ်တွေလည်း ပျက်စီးတယ်ကို သတင်းရင်းမြစ်တွေက ပြောပါတယ်။
အောက်တိုဘာ ၂၂ ရက် ဒီကနေ့ မနက် ၁၀ နာရီခွဲဝန်းကျင် မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) ကနေ ပျံတက်လာတဲ့ ဂျိုင်ရိုကော်ပတာ နှစ်စီးနဲ့ နတ်လာပို့(တောင်)ကျေးရွာကို ဗုံးကြဲပြီးနောက် ပါရာမော်တာတစ်စီးကလည်း နွားခြံကုန်းကျေးရွာကို ဗုံးကြဲတယ်လို့ ဆိုပါတယ်။
“ကနီအရှေ့တောင်ခြမ်း ဂျိုင်ရိုရော၊ ပါရာရော။ နတ်လာပို့ရွာ နောက်ကျော ချသွားတယ်၊ ဂျိုင်ရိုကော်ပတာ နှစ်စီးက။ နွားခြံကုန်း အရှေ့တောင်ဘက် ပါရာမော်တာတစ်စီး ကြဲသွားတယ်။ အသေအပျောက် ရှိတယ်။ နတ်လာပို့ရွာက အမျိုးသမီး တစ်ယောက်၊ အမျိုးသား တစ်ယောက်ပါ” လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
နတ်လာပို့(တောင်)ကျေးရွာနဲ့ နွားခြံကုန်းကျေးရွာကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာနှစ်စီး၊ ပါရာမော်တာ တစ်စီးနဲ့ တပြိုင်တည်း ဗုံးကြဲတိုက်ခိုက်တဲ့အပြင် မွန်းတည့် ၁၂ နာရီဝန်းကျင် အထိလည်း ဒရုန်းတစ်စီး ပျံဝဲခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၁ ရက် မနေ့ကလည်း ကနီနဲ့ မြို့နယ်ချင်းထိစပ်နေတဲ့ မင်းကင်းမြို့နယ်၊ ချင်းတွင်း မြစ်ကမ်းမှာရှိတဲ့ မြောက်ချွန်းကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ နှစ်စီးနဲ့ ဗုံးကြဲ တာကြောင့် အမျိုးသမီးတွေ အပါအဝင် အရပ်သားပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
လက်ရှိမှာ စစ်အုပ်စုက ကနီမြို့နယ်အတွင်းမှာရှိတဲ့ ကနီမြို့၊ အလယ်ကျွန်း၊ ဘန့်ဘွေးကျေးရွာ တို့အပြင် ချောင်းမ၊ မုဌောနဲ့ အောင်မင်္ဂလာ ကျေးရွာတွေမှာလည်း တပ်စွဲအထိုင်ချထားပြီး လက်နက်အားကိုးနဲ့ ဒေသတွင်း ရွာစဥ့်လှည့်လည် စီးနင်းကာ လူသတ်၊ လုယက်၊ ဓားပြတိုက်နေပြီး အရပ်သားပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းတွေကိုလည်း ခိုးယူလုယက်ကာ နမခဆီ စစ်ကားတွေနဲ့ သယ်ထုတ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် စစ်ရှုံးလို့ သုံးနှစ်ကျော်ကြာ ခြေမချနိုင်တဲ့ မုံရွာ – ချောင်းမ – ယာကြီး – ကလေးဝ လမ်းပိုင်းကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် သင်္ကြန်ကာလ ဧပြီလက စတင်ကာ ကနီနယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
ကနီနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ အစာရိက္ခာ သယ်ယူမလာဘဲ ပြည်သူပိုင် ပစ္စည်းတွေ လုယက် ဓားပြတိုက် စားသောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းလုယက် ဓားပြတိုက်ချိန် တွေ့သမျှလူကို ဖမ်းဆီးတာ၊ ရန်ပြု သတ်ဖြတ်တာတွေ ကျူးလွန်တာကြောင့် ကနီမြို့နယ်၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက် ကျေးရွာပေါင်း ၃၀ နီးပါးက ထောင်သောင်းချီတဲ့ ပြည်သူတွေ ရွာထဲ မနေရဲဘဲ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရတာ ခြောက်လကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ကနီနယ်ထဲ ဝင်ရောက်လာတဲ့ စစ်အုပ်စုဟာ ခြောက်လကျော်ကြာအထိ ပြန်မထွက်ဘဲ ပြန်လည် စီးနင်းထိန်းချုပ်နိုင်တဲ့ ကျေးရွာတွေထဲ အထိုင်ချတပ်စွဲကာ နေရာယူထားတယ်လို့ ဆိုပါတယ်။

ကနီနယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ထွက်ပြေးနေကြရတဲ့ ပြည်သူတွေ /Photo – Pyae Aung Naing၊ ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ကနီ #မုံရွာယာကြီးကလေးဝလမ်း



