
ဝင်းသိန်း/MFP၊ အောက်တိုဘာ ၂၃
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို အာဏာသိမ်း စစ်အုပ်စုက ပါရာမော်တာတွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။
အောက်တိုဘာ ၂၂ ရက် မနေ့က ညနေ ၅ နာရီခွဲအချိန် သရက်မြို့ အခြေစိုက် စစ်အုပ်စုရဲ့ လက်နက်ထုတ်စက်ရုံ ကပစ -၁၂ ထဲကနေ ပျံတက်လာတဲ့ ပါရာမော်တာ သုံးစီးဟာ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာနဲ့ ငှက်ပျင်းကျေးရွာကြားမှာ စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်နေကြတဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံး ကိုးလုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။
ဗုံးထိမှန်လို့ ပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ သရက်ခရိုင် PDF အမှတ် ၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MFP ကို ပြောပါတယ်။
“စစ်ကောင်စီက မြေပြင်မှာ စစ်ရေးအရ အထိနာလာတာနဲ့အမျှ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ပြည်သူတွေ သွားလာ လှုပ်ရှားနေတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေကြောင်းကနေ ဖိနှိပ် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါဟာ အပြစ်မဲ့ အရပ်သားတွေကို ဗုံးကြဲတာဖြစ်လို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ပေါ်ပေါ်တင်တင် စစ်ရာဇဝတ်မှု ကျူးလွန်နေတာပါပဲ”
လမ်းပေါ်သွားလာနေရင်း စစ်အုပ်စုရဲ့ ဗုံးကြဲသတ်ဖြတ်မှုခံရကာ ကြို့ဝကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မောင်ဖိုးလမင်း သေဆုံးပြီး အသက် ၆၂ နှစ်အရွယ် ဦးကြည်ဝင်းနဲ့ အသက် ၄၇ နှစ်အရွယ် ဦးအောင်မြိုင်တို့ နှစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
“အခုလို ကပစ ၁၂ ဘက်ကနေ Paramotor တွေနဲ့ ဗုံးကြဲတာမျိုး နေ့စဉ်ရက်ဆက်လိုလို လုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ လူစုလူဝေး မလုပ်ကြဖို့နဲ့ လေကြောင်းအန္တရာယ် ကာကွယ်ရေး သတိပေးချက်တွေကို အထူးဂရုစိုက် စောင့်ကြည့်နေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ကိုမြတ်က ပြောပါတယ်။
မင်းတုန်းမြို့နယ်ဟာ ရခိုင်ပြည် အမ်းမြို့နယ်နဲ့ ထိစပ်နေပြီး မင်းတုန်းနယ် အနောက်ခြမ်း ရိုးမကို ဖြတ်ကာ ရခိုင်ပြည်ဘက် ထိုးဖောက်နိုင်ဖို့ စစ်အုပ်စုက မေလ စတင်ပြီး အင်အားထောင်နဲ့ချီကာ အသုံးပြုကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
မင်းတုန်းမြို့နယ်၊ ရခိုင်ရိုးမအခြေ တိုက်ပွဲတွေမှာ အထိနာ အသေများပြီး ရှေ့ဆက်မတိုးနိုင်တဲ့ စစ်အုက်စုဟာ ဒေသခံပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှုတွေ မကြာခဏ ကျူးလွန်နေတာ ဖြစ်ပြီး ကျေးရွာတွေအပေါ် ဗုံးပတ်ကြဲလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၂ရက်ကလည်း မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာကို စစ်အုပ်စုက ပါရာမော်တာ နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၀အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့ပါတယ်။
အောက်တိုဘာ ၈ ရက်ကလည်း တိုက်ပွဲမရှိ၊ စစ်ကြောင်း မရှိ၊ တိုက်ပွဲဖြစ်တဲ့ နေရာတွေနဲ့လည်း ဝေးတဲ့ ပုသိမ် – မုံရွာ လမ်းရဲ့ အရှေ့ဘက်ခြမ်းရှိ မင်းတုန်းနယ် ချင်းနစ်ကျေးရွာကို စစ်အုပ်စုက ပါရာမော်တာ တွေနဲ့ ဗုံးကြဲရာ ရွာခံပြည်သူ ကလေးငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦးတို့ သေဆုံးပြီး သုံးဦး ဒဏ်ရာ ရခဲ့ပါတယ်။
အလားတူ စက်တင်ဘာ ၁၃ ရက်ကလည်း မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာကို စစ်အုပ်စုက ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ခြောက်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
စစ်အုပ်စုက မင်းတုန်းမြို့နယ်ထဲ အကြောင်းမဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်ကို သတိထား နေထိုင်ကြဖို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းက သတိပေးထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသန အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
မင်းတုန်းနယ် လမ်းသွားလမ်းလာတွေကို စစ်အုပ်စုက ဗုံးကြဲလို့ သေဆုံးသူတစ်ဦးကို တွေ့ရစဉ်/Photo – သရက်ခရိုင် PDF တပ်ရင်း ၄



