
ဝင်းသိန်း/MFP၊ အောက်တိုဘာ – ၂၃
အဓမ္မစစ်သားစုဆောင်းတာ အပါအဝင် နည်းမျိုးစုံနဲ့ အဓမ္မခိုင်းစေမှုတွေ (Forced Labour) တားဆီး ကာကွယ်နိုင်ဖို့အတွက် အသိအမြင်မြှင့်တင်ရေး ဆွေးနွေးဟောပြောပွဲနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်အတွင်း ရပ်ကွက်နဲ့ ကျေးရွာ ၆၀ ကျော်မှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က သတင်း ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၅ ရက်ကနေ ၂၀ ရက်အတွင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်အတွင်း တိုက်နယ်/ နယ်မြေ ၁၇ ခုရှိ ရပ်ကွက်/ ကျေးရွာ ၆၀ ကျော်မှာ အဓမ္မစစ်သား စုဆောင်းမှု အပါအဝင် အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ အသိအမြင်မြှင့်တင်ရေး ဆွေးနွေးတာ၊ လက်ကမ်းစာစောင်နဲ့ ပိုစတာ ဖြန့်ဝေတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၁ ရက်က စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ဘုတလင်မြို့နယ်အတွင်း အဓမ္မစစ်သား စုဆောင်းတာ အပါအဝင် နည်းမျိုးစုံနဲ့ အဓမ္မခိုင်းစေမှု တားဆီး ကာကွယ်နိုင်ဖို့အတွက် အသိအမြင် မြှင့်တင်ရေး ဆွေးနွေးဟောပြောပွဲကို NUG အစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်း စာနာ ထောက်ထားရေး ဝန်ကြီးဌာန (MOSLHA)၊ အလုပ်သမားရေးရာဦးစီး ဌာနက ကြီးမှူးကာ အွင်လိုင်းက တဆင့် ကျင်းပခဲ့ပါတယ်။
”အဓမ္မခိုင်းစေတာတွေကနေ ပြည်သူတွေကို ထိထိရောက်ရောက် တားဆီးကာကွယ်ပေးနိုင်ဖို့ဆိုရင် ဒေသ အာဏာပိုင်တွေနဲ့ သက်ဆိုင်သူ အသီးသီးမှာ တာဝန်ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ သူတို့ရဲ့ အခန်းကဏ္ဍနဲ့ တာဝန်ဝတ္တရားတွေကိုလည်း တက်ရောက်လာသူတွေဘက်က တက်တက်ကြွကြွ အပြန်အလှန် မေးမြန်းဆွေး နွေးခဲ့ကြတယ်” လို့ ဘုတလင်နယ် ပွဲဖြစ်မြောက်ရေးနဲ့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ ဆွေးနွေးပွဲမှာ NUG၊ MOSLHA ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအချမ်းက အဖွင့်အမှာစကား ပြောကြားပြီး အလုပ်သမားရေးရာဦးစီးဌာန တာဝန်ရှိသူတွေက ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့) ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်း စစ်ဆေးရေးကော်မရှင် (COI) ရဲ့ တိုက်တွန်း ချက်တွေ၊ ILO အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းတွေအပြင် အလုပ်သမားရေးရာ ဦးစီးဌာနရဲ့ လက်ရှိ ကြိုးပမ်းဆောင်ရွက်နေမှုတွေကို ရှင်းလင်းဆွေးနွေးခဲ့ ကြတယ်လို့ ဆိုပါတယ်။
ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အဓမ္မစစ်သားစုဆောင်းခံရမှု ပုံစံမျိုးစုံ အပါအဝင် အဓမ္မခိုင်းစေခံရမှုတွေကို တားဆီး ကာကွယ်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးမူဝါဒ (Protection and Prevention of Forced Labour Policy) ကို အဓိကထား ရှင်းလင်းခဲ့ပြီး အဲ့ဒါတွေကို လျှော့ချပပျောက်စေဖို့ အခြေခံမူတွေနဲ့ အကောင်အထည် ဖော်ရမယ့် အစီအမံတွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဆွေးနွေးဟောပြောပွဲကို ဘုတလင်မြို့နယ်ရှိ တိုက်နယ်နဲ့ ရပ်/ကျေး အုပ်ချုပ်ရေး တာဝန်ခံတွေ၊ ပြည်သူ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေ၊ မြို့နယ် အလုပ်သမားရေးရာ တာဝန်ခံတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေက Volunteers (စေတနာ့ဝန်ထမ်း)တွေ၊ CDM တွေနဲ့ Local PDF တပ်ဖွဲ့ဝင်တွေ စုစုပေါင်း အင်အား ၇၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့ MOSLHA က ထုတ်ပြန်ထားပါတယ်။
ဘုတလင်နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်း စစ်အုပ်စုက ရသလောက် ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေလို့ ဒေသခံ လူငယ်လူရွယ်တွေ အနေနဲ့ စစ်အုပ်စု အခြေပြုရာ မြို့တွေပေါ် မသွားလာရဲသလို စစ်အုပ်စုနဲ့ မတွေ့အောင် ရှောင်ကွင်းနေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို အဓမ္မပေါ်တာဆွဲကာ စစ်သားသစ် စုဆောင်းပြီးနောက် အသေခံစစ်တိုက်ခိုင်းနေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #မန္တလေး #စစ်ကိုင်း



