စစ်ကိုင်းမကွေးသတင်းအညာမြေ တော်လှန်ရေး

စစ်အုပ်စု လေးနှစ်ကြာ ခြေမချနိုင်တဲ့ ကလေး – ဂန့်ဂေါ ကားလမ်းကို စစ်ကြောင်းထိုးဖို့ ပြင်၊

စစ်ကိုင်းတိုင်းထဲက ကုန်သွယ်ရေးလမ်းတွေကို ထိန်းချုပ်နိုင်ရေး စစ်အုပ်စု ကြိုးစားနေ၊

ခါးခါး/MFP၊ အောက်တိုဘာ – ၂၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကို ဆက်သွယ်ထားပြီး အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ ကလေး – ဂန့်ဂေါ ကားလမ်းကို ထိန်းချုပ်နိုင်ရေး အာဏာသိမ်း စစ်အုပ်စုက စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အုပ်စု စစ်ရှုံးကာ လေးနှစ်ကျော်ကြာ ခြေမချနိုင်ဘဲ တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ၉၂ မိုင် ရှည်လျားတဲ့ ကလေး – ဂန့်ဂေါ ကားလမ်းကို ပြန်ထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးဖို့ စစ်အုပ်စုက လေကြောင်းသုံးကာ အင်အားဖြည့် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ကလေး – ဂန့်ဂေါ ကားလမ်းကို တော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်ထားပေမဲ့ လမ်းတလျှောက်မှာ စစ်အုပ်စု အမြစ်ပြတ်အောင် မသိမ်းပိုက်နိုင်သေးဘဲ ကလေးနဲ့ ဂန့်ဂေါမြို့နယ်အစပ်ရှိ ဂန့်ဂေါနယ် ဟံသာဝတီရွာနဲ့ မြောက်ခင်ရန်းရွာတွေမှာတော့ စစ်အုပ်စု လက်သပ် မွေးမြူထားတဲ့ ပျူစောထီးတွေ အခြေပြုနေဆဲ ဖြစ်ပါတယ်။

တော်လှန်ရေး တပ်တွေက အဲ့ဒီ ဟံသာဝတီနဲ့ မြောက်ခင်ရန်းရွာ ပျူစခန်းတွေကို အစာရိက္ခာ ပိတ်ဆို့ ဖြတ်တောက် ထားပြီး ကလေး – ဂန့်ဂေါ ကားလမ်းတလျှောက် စစ်အုပ်စု အမြစ်ပြတ်ဖို့ ကြိုးစားနေပေမဲ့ စစ်အုပ်စုက လေကြောင်းအားပြုကာ ထောက်ပို့လုပ်နေတာကြောင့် ပျူတွေ ဆက်လက် ရပ်တည် နေနိုင်ကာ လက်ရှိမှာ စစ်အုပ်စုက လေကြောင်းကနေ ထပ်မံ ထောက်ပို့ပြီး တန်ပြန်စစ်ကြောင်းထိုးနိုင်ဖို့ ပြင်ဆင်နေတာလို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

“ဟံသာဝတီ (ပျူစခန်း)ဘက်ကိုကတော့ လေကြောင်းက ထောက်ပို့ မကြာခဏ လုပ်နေတာ ရှိတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလအတွင်း စစ်အုပ်စုက ကလေးမြို့ကတဆင့် ဖလမ်းမြို့ကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ချိန် ကလေး-ဂန့်ဂေါလမ်းရှိ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ထောက်ကြံ၊ ကြာအင်း၊ နတ်မြောင်း၊ နတ်ချောင်း၊ ရန်ကြီးအောင် စတဲ့ ကျေးရွာတွေကို ပြန်လည် သိမ်းပိုက် ထိန်းချုပ်သွားနိုင်တာကြောင့် လက်ရှိမှာ ကလေး – ဂန့်ဂေါ ကားလမ်းတလျှောက် စစ်အုပ်စုက လမ်းပိုင်းရဲ့ ၃၀ရာခိုင်နှုန်းအထိ ပြန်လည် ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ကလေး – ဂန့်ဂေါ ကားလမ်းပေါ်ရှိ ဟံသာဝတီနဲ့ မြောက်ခင်ရန်းရွာ ပျူစခန်းတွေအတွက် ကလေးမြို့ကတဆင့် လေယာဉ်နဲ့ ထောက်ပို့ လုပ်နေသလို ကလေး- တမူးလမ်းကို ထိုးစစ်ဆင်ခဲ့တဲ့ စစ်အုပ်စု တချို့လည်း ကလေးမြို့၊ နတ်ချောင်းရွာနဲ့ နတ်မြောင်းကျေးရွာတွေဘက် ပြန်ခေါက်လာပြီး ကလေး – ဂန့်ဂေါ ကားလမ်းတလျှောက် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေကာ တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်နေတယ်လို့ ကလေးနယ်ခံ တော်လှန်ရေးရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

“ကလေး – တမူးလမ်းကိုတော့ ထိန်းချုပ်ပြီးတော့ ဂန့်ဂေါကို ထိုးဖို့ ပြင်နေတာ ရှိတယ်။ ကလေး-တမူး လမ်းက စစ်တပ်တွေကို ပြန်ဆုတ်ထားတာ ရှိတယ်။ အုပ်ချုပ်ရေးမှူးတွေ ခန့်ပြီး ပစ (ပြည်သူ့စစ်မှုထမ်း ခေါ် ပေါ်တာဆွဲ စစ်သားသစ်) တွေနဲ့ ထားခဲ့တယ်”

တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ကလေး – တမူး ကားလမ်းကို ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် ကလေးမြို့ပေါ် အပါအဝင် ဒေသတွင်း ပေါ်တာဆွဲ၊ အဓမ္မ စစ်သားသစ် စုဆောင်းတာတွေ အဆက်မပြတ် လုပ်နေတယ်လို့ ကလေးမြို့ခံ လူငယ်တစ်ဦးက MFP ကို ပြောပါတယ်။

“အိမ်ထောင်စုဇယားတွေ တောင်းတယ်။ ရပ်ကွက်ရုံးရှေ့မှာ မနက် ၆ နာရီလောက်ဆို ကားနဲ့ စောင့်နေတယ် (ပေါ်တာဆွဲဖို့)”

ကလေး-ဂန့်ဂေါလမ်း၊ ကလေးမြို့အဝင်နေရာတွေဖြစ်တဲ့ အဖွဲ့စက်ဂိတ်နဲ့ တောင်ဖီလာလမ်းတွေမှာ စစ်အုပ်စုက ဂိတ်ချကာ အသွားအလာ ပိတ်ဆို့ကန့်သတ်တာ၊ ပေါ်တာဆွဲတာ၊ လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာတွေ လုပ်နေတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ကလေး-ဂန့်ဂေါ ကားလမ်းကို မထိန်းချုပ်နိုင်တဲ့ စစ်အုပ်စုဟာ လမ်းမကြီးတလျှောက် ရသလောက် စစ်ကြောင်းထိုးပြီး မြို့၊ရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာ၊ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာ တွေကြောင့် အဆိုပါ ကားလမ်းတလျှောက်ရှိ ထိုမာ၊ သာစည်၊ ဇင်ကလင်း၊ သာယာကုန်း၊ ထောက်ကြန့်၊ ကြာအင်း၊ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ငါးဖား၊ ရန်ကြီးအောင်၊ စည်းဟောင်၊ ကျော်ရွာ၊ မြောက်စည်း၊ ဟဲလုပ်၊ ဟံသာဝတီ၊ ‌မြောက်ခင်ရန်း၊ တောင်ခင်ရန်း၊ နှမ်းခါး၊ မွှေ့လယ် စတဲ့ ကျေးရွာ ၅၀ ကျော်က ဒေသခံ သောင်းချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာ နှစ်နဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

အာဏာသိမ်းပြီး ငါးနှစ်ကျော်ကြာချိန်အထိ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်မစနိုင်သေးတဲ့ မင်းအောင်လှိုင် အဖွဲ့ဟာ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အရေးပါတဲ့ လမ်းပိုင်းတွေ ဖြစ်တဲ့ ကလေး – တမူးလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ – ကလေးလမ်း၊ ကလေး – ဂန့်ဂေါ ကားလမ်းတွေကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ရေး ပေါ်တာဆွဲ စစ်သားသစ်တွေကို အသုံးချကာ တန်ပြန်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ကလေး – ဂန့်ဂေါ ကားလမ်းနဲ့ ဂန့်ဂေါနယ် ဟံသာဝတီနဲ့ မြောက်ခင်ရန်းရွာရှိ စစ်အုပ်စု လက်သပ် မွေးမြူ ထားတဲ့ ပျူတွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ကလေးဂန့်ဂေါလမ်း ​ #​ဟံသာဝတီနဲ့မြောက်ခင်ရန်းပျူရွာ

Related Articles

Back to top button