အင်းတော်မှာ တိုက်ပွဲ ဆက် ပြင်းထန်နေပြီး စစ်အုပ်စုက ဗုံးပတ်ကြဲနေ၊

အထိနာ ပိတ်မိနေတဲ့ စစ်အုပ်စုကို စစ်ကူဖို့ ဝန်းသိုဘက်ဦးတည်တဲ့ စစ်ကြောင်း ပြန်လှည့်လာ၊
ခါးခါး/MFP၊ အောက်တိုဘာ – ၂၈
ကချင် – စစ်ကိုင်းအစပ်၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက လေယာဉ်ငါးစီးနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၆ရက်မှာ အင်းတော်မြို့ကနေ မဲဇာကျေးရွာကို အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုဟာ မဲဇာရွာကို ယာယီ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဝန်းသိုနဲ့ ထီးချိုင့်မြို့တွေကို ဦးတည်ကာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တပ်ဖြန့် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
မဲဇာကနေ ထီးချိုင့်ဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို အောက်တိုဘာ ၂၅ရက်က စလို့ မဲဇာရွာရဲ့ အောက်ဘက်၊ အင်းတော်နယ်၊ လယ်ပြင်၊ ပိန်းအင်းနဲ့ မအူကုန်းကျေးရွာတွေအနီး တော်လှန်ရေး တပ်တွေက ပိတ်ဆို့ တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်အုပ်စု အထိနာကာ အရာရှိတွေ အပါအဝင် သေဆုံး၊ ဒဏ်ရာရသူတွေ အများအပြားရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အင်းတော်နယ်ထဲရှိ စစ်အုပ်စု ပိတ်ဆို့တိုက်ခိုက်ခံရကာ အထိနာ အသေများနေတာကြောင့် စစ်အုပ်စုက နေ့စဉ်ရက်ဆက် ဗုံးပတ်ကြဲသလို မဲဇာကနေ ဝန်းသိုမြို့ဘက် ဦးတည်နေတဲ့ စစ်ကြောင်းဟာလည်း မဲဇာဘက်ကို ပြန်လှည့်လာပြီး အင်းတော်တနယ်လုံးနီးပါး တိုက်ပွဲတွေ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဝန်းသိုစစ်ကြောင်းက ပြန်ဆုတ်သွားတာ။ အင်းတော်ဘက်က ခွေးစစ်ကြောင်းက အထိအခိုက်၊ အကျ အဆုံးက များနေပြီ။ အရာရှိတွေပါ ကျတယ်။ တော်တော်များများက ထွက်လို့မရဘူး ပိတ်မိနေတာ “
လယ်ပြင်၊ ပိန်းအင်းနဲ့ မအူကုန်းရွာတွေအနီး တိုက်ပွဲမှာ စစ်အုပ်စုဘက်က အရာရှိအဆင့်တွေ အပါအဝင် သေဆုံးသူ အများအပြားရှိပြီး စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းဆီးရရှိထားသလို လက်နက် အများအပြား သိမ်းဆည်းရရှိထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ လယ်ပြင်ကျေးရွာနဲ့ မအူကုန်းကျေးရွာအနီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသလို အောက်တိုဘာ ၂၈ရက် ဒီနေ့ မနက်တစ်ခုတည်းမှာ MI-35 ရဟတ်ယာဉ် တစ်စီး၊ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီး၊ Y-12 ဗုံးကြဲလေယာဉ် နှစ်စီးတို့နဲ့ ဗုံးပတ်ကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြေပါတယ်။
“တစ်မနက်တည်းနဲ့ လေယာဉ်နဲ့ အထုပ်ချတယ်။ တစ်စီးက အပေါ်ကနေ ကင်းထောက်တယ်။ Y12နဲ့ ဗုံးချတယ်။ MI35နဲ့ ပတ်ပစ်တယ်။ အဲ့ကြားထဲကိုမှ fighter နှစ်စီးနဲ့ ဗုံးချ၊ စက်လက်နဲ့ပါ ဆွဲတယ်။ ခေါင်းပေါ်မှာက တစ်ချိန်တည်းကို လေယာဉ်အစုံ ပစ်ခံနေရတယ်”
အဆိုပါ အင်းတော်နယ် တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါဝင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF၊ အထူးလှုပ်ရှားတပ်မ (ပြည်သူကာကွယ်ရေးတပ်မတော် -မန္တလေး) – MDY-PDF၊ အမှတ်(၉၉)နည်းဗျူဟာ/ မတ္တရာမျိုးမှန် ဗျူဟာတပ်ဖွဲ့ ကလည်း “၉၉ (အမှတ်၉၉နည်းဗျူဟာ)နဲ့ အတွေ့မှာ ရန်သူ့ တပ်မ-၃၃ လည်း “တပ်မ-ပြုန်းပြုန်း” ဖြစ်သွားပြီ”လို့ လူမှုကွန်ယက်မှာ အသိပေး ဖော်ပြထားပြီး အင်းတော်နယ် စစ်ဆင်ရေးအားလုံးနဲ့ ပတ်သက်ပြီး အထူးလှုပ်ရှားတပ်မ – MDY PDF က သတင်း ထုတ်ပြန်ဖို့ရှိတယ်လို့ MFP ကို ပြောပါတယ်။
တချိန်တည်းမှာပဲ မဲဇာကနေ ဝန်သိုမြို့ဘက် ဦးတည်တဲ့ စစ်အုပ်စုကိုလည်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု အထိနာ အသေများလို့ အောက်တိုဘာ ၂၃ရက်က စတင်ကာ ဝန်းသိုနယ်၊ ဆတိုင်တောနဲ့ ကံကုန်း ကျေးရွာတွေဘက် စစ်အုပ်စု တပ်ဖျောက်ထားပြီး ခိုအောင်းနေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလလယ်ပိုင်းက မဲဇာရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေတဲ့ စစ်အုပ်စု အလောင်းတွေကို နန့်သဲ၊ ပါအော့ စတဲ့ ကျေးရွာတွေထဲ တွေ့ရှိလို့ ဒေသခံတွေက ရှင်းလင်းနေရတယ်လို့ ဆိုပါတယ်။
အင်းတော်နယ် တိုက်ပွဲတွေအတွင်း အထိနာ အသေများတဲ့ စစ်အုပ်စုဟာ တိုက်ပွဲဖြစ်တဲ့နေရာအနီး ကျေးရွာတွေကို ဗုံးပတ်ကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝန်းသိုဘက် ဦးတည်တဲ့ စစ်အုပ်စုကတော့ တပ်မဖျောက်ခင်အချိန်ထိ မဲဇာ နဲ့ ဝန်းသိုကြား ကျေးရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့၊ ဖောက်ထွင်းလုယက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်သွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေတာနဲ့ စစ်အုပ်စုက ဗုံးပတ်ကြဲနေတာကြောင့် ထီးချိုင့် – အင်းတော် ကားလမ်း တလျှောက် အပါအဝင် အင်းတော်၊ ဝန်းသိုနဲ့ ထီးချိုင့်မြို့တွေကြားရှိ မဲဇာ၊ လယ်နောင်၊ နန့်သဲ၊ အလယ်ဆိပ်၊ ပင်သချေ၊ နောင်မိုး၊ သံဘို၊ စက်တောကုန်း၊ ပါအော့၊ တပ်လွင်၊ ကျောက်တော်၊ ထန်းတစ်ပင်၊ နမ်းခမ်း၊ ဂျိုးတောင်၊ ဆင်ကုန်း၊ ညောင်ကိုင်း၊ သက္ကာယ်ကျင်း၊ ပိန်းအင်း၊ စက်တောကုန်း၊ သစ်ပုံလွင်၊ ကြိမ်ချောင်း၊ စတဲ့ ကျေးရွာတွေက ဒေသခံ ထောင်သောင်းချီ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ရှောင်နေကြရပါတယ်။ ရွာထဲ၀င်မရသေးပါ။ တောတွေတောင်တွေထဲ နေကြရတာပါ။ လက်နက်ကြီး၊ ဒုန်းနဲ့ ဂျက်ဖိုက်တာတွေကြောင့် အိမ်တွေ အများကြီး ပျက်စီးသွားပါတယ်။ နေ့တိုင်း ပတ်ကြဲနေတာပါ၊ Y12၊ Y8 (လေယာဉ်)၊ ဂျက်ဖိုက်တာ နေ့စဉ်ကြဲနေတာပါရှင်။ ပြည်သူတွေ ဒုက္ခအများကြီး ရောက်နေကြတာပါ။ ဘယ်ရွာမှ ကူးမရလို့ပါ။ အခု တောထဲတောင်ထဲမှာ ပါလာတဲ့ စားရိတ်လေးနဲ့ တောင့်ခံနေရတာပါရှင်။ လုပ်စားလို့လည်း ဘာမှမရပါဘူး။ ရှိတာတွေလည်း သူခိုးခိုးခံကြရတဲ့အတွက်။ တစ်ရွာလုံးရဲ့ ဆုံးရှုံးမှုနဲ့ ထိခိုက်နှစ်နာမှုက တစ်ရွာလုံး ခံကြရတော့ ပြောမပြတတ်အောင်ပါရှင်” လို့ စစ်ဘေးရှောင်ထွက်ပြေးနေရတဲ့ အင်းတော်နယ်၊ မဲဇာနဲ့ ဝန်းသိုကြားရှိ၊ နမ်းခမ်းရွာက ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက ပြီးခဲ့တဲ့ စက်တင်လာလကုန်ပိုင်းအတွင်း ပေါ်တာဆွဲ စစ်သားသစ်တွေကို မန္တလေးကတဆင့် သပိတ်ကျင်း – ထီးချိုင့် ကားလမ်းအတိုင်း ထီးချိုင့်နဲ့ အင်းတော်ဘက် ပို့လွှတ်ပြီးနောက် အောက်တိုဘာ ၆ရက်က စလို့ အင်းတော်မြို့ကနေ မဲဇာကျေးရွာကို စစ်ကြောင်းထိုးနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မဲဇာကျေးရွာ အောက်ဘက်မှာရှိတဲ့ မအူကုန်းရွာဘက်မှာ တစ်ကြောင်း၊ မဲဇာနဲ့ ဝန်သိုမြို့အကြား ဆတိုင်တောနဲ့ ကံကုန်း ကျေးရွာတွေဘက်မှာ တစ်ကြောင်း ရှိနေပြီး အင်းတော် – ထီးချိုင့်နဲ့ ကသာ ကားလမ်းတလျှောက်နဲ့ ဧရာဝတီမြစ်ကမ်းနံဘေး ကျေးရွာတွေဘက်မှာလည်း စစ်ကြောင်းတွေ လှုပ်ရှားတပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ကချင်-စစ်ကိုင်းအစပ် ထီးချိုင့်-ကသာ-အင်းတော်-ဝန်းသို မြို့တွေနဲ့ ကားလမ်းတွေကို စိုးမိုး ထိန်းချုပ်နိုင်ရေး၊ မန္တလေး – ရွှေဘို – မြစ်ကြီးနားလမ်းကို စိုးမိုးထိန်းချုပ်ပ်နိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။
စစ်အုပ်စု အနေနဲ့ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းနဲ့ ဗျူဟားလမ်းပေါ်ရှိ မြို့ရွာတွေကို ထိန်းချုပ်ကာ လမ်းပေါ် ဂိတ်ဖွင့်ငွေညှစ်နိုင်ဖို့၊ တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့၊ ကချင်ပြည်ဘက် စစ်အုပ်စုရဲ့ ထောက်ပို့လမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်း မြစ်တစ်ဦးက ပြောပါတယ်။
“ဒီလမ်းက ရှမ်းမြောက်နဲ့ ကချင်လမ်းကြောင်း ဖြတ်ချင်လို့လည်း ဖြစ်နိုင်တယ်။ ကချင်ဘက်ကို သူတို့ လက်နက်၊ ရိက္ခာ ကုန်းကြောင်းကနေ ပို့နိုင်ဖို့လည်း ဖြစ်နိုင်တယ်”
စစ်အုပ်စုဟာ တရုတ်အားကိုးနဲ့ ရှမ်းမြောက်ဒေသ စစ်ပွဲတွေ ရပ်နိုင်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှုံး မြို့၊ရွာတွေနဲ့ ကုန်သွယ်ရေးလမ်းတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်း အပါအဝင် မန္တလေး – မုံရွာ-ရွှေဘိုလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ – ကလေး – တမူး လမ်းတွေကိုလည်း အင်အားသုံးကာ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #အင်းတော် #ဝန်းသိုမဲဇာ



