မန္တလေးသတင်း

မန္တလေးက ငလျင်ဒဏ်သင့် Sky Villa ကွန်ဒို မြေနေရာ လေလံတင်ရောင်းမယ်၊

ကျောက်စိမ်း/MFP၊ အောက်တိုဘာ – ၂၇

စစ်ကိုင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့တဲ့ မန္တလေးမြို့က Sky Villa ကွန်ဒို မြေနေရာကို လာမယ့် နိုဝင်ဘာာလမှာ လေလံတင်ရောင်းချမယ်လို့ အာဏာသိမ်း စစ်အုပ်စု သတင်းစာတွေမှာ ကြော်ငြာပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက် (ကွင်းအမှတ် ၄၁၇)၊ လမ်း ၆၀၊ ၂၂ လမ်း နဲ့ ၂၃ လမ်းကြားရှိ ပေ ၁၀၀၊ ပေ ၄၀၀ အကျယ်အဝန်းရှိတဲ့ Sky Villa ကွန်ဒို တည်ဆောက်ခဲ့တဲ့ ဂရန်မြေကွက်ကို နိုဝင်ဘာလမှာ လေလံကြမ်းခင်းဈေး သတ်မှတ် ရောင်းချမှာဖြစ်ပြီး ကြော်ငြာပါတဲ့ အောက်တိုဘာ ၂၆ရက်က စတင်ကာ ခုနှစ်ရက်အတွင်း လာရောက် ကန့်ကွက်နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

အဲ့ဒီ မြေကွက်ကို NTL ဆောက်လုပ်ရေး ပိုင်ရှင် ဦးနိုင်ထွန်းလင်း၊ (ဇနီး) ဒေါ်သက်သက်ခိုင်တို့က ပိုင်ဆိုင်ပြီး Sky Villa ကွန်ဒိုဆောက်ကာ မြေအချိုးကျ ပိုင်ဆိုင်ခွင့်နဲ့ ရောင်းချခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ကွန်ဒိုတိုက်ခန်းပိုင်ရှင်တွေရဲ့ ညှိနှိုင်းသဘောတူညီချက်အရ Sky Villa ကွန်ဒို ပြိုကျပျက်စီးခဲ့တဲ့ ပေ ၁၀၀ – ပေ ၄၀၀ အကျယ်ရှိ မြေကွက်ကို လေလံတင်ရောင်းမှာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ မေလ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြောင့် Sky Villa ကွန်ဒို ပြိုကျပျက်စီးကာ လူရာပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

Sky Villa ကွန်ဒို ပြိုကျမှုအတွင်း အသက်ရှင်ကျန်ရစ် ကယ်တင်နိုင်သူ ၅၂ ဦးနဲ့ သေဆုံးသူ  ၂၀၇ ဦး ရှိတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပြီး ကွန်ဒိုမှာ နေထိုင်သူ ၄၀၀ ကျော်အထိ ရှိတာကြောင့် သေဆုံးသူ အရေအတွက်ဟာ စစ်အုပ်စု ထုတ်ပြန်တာထက် ပိုမိုများပြားနိုင်တယ်လို့ ကွန်ဒိုခန်း ပိုင်ရှင်တွေက ပြောကြပါတယ်။

NTL ဆောက်လုပ်ရေး ကုမ္ပဏီက ငလျင်အပြီးမှာ သေဆုံးသူတွေထဲက လူ ၁၀၀ ဝန်းကျင်အတွက် တစ်ဦးကို ကျပ်သိန်း ၁၀၀နှုန်း ထောက်ပံ့ကြေး ပေးခဲ့ပြီး တခြားသော ကွန်ဒိုနဲ့ သက်ဆိုင်တဲ့ လျော်ကြေး ပေးအပ်မှု တစုံတရာ မရှိခဲ့ဘူးလို့ ကွန်ဒိုခန်းပိုင်ရှင်တွေက ဆိုထားပါတယ်။

ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျကာ လူရာချီသေဆုံးမှုနဲ့ပတ်သက်ပြီး ကွန်ဒို ဆောက်လုပ်ခဲ့တဲ့  NTL ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဉီးနိုင်ထွန်းလင်းကို စစ်အုပ်စုက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့်ကာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်မှာ  အလုပ်နဲ့ ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခဲ့ပါတယ်။

Sky Villa ကွန်ဒိုကို အဓိက တာဝန်ယူ ဆောက်လုပ်ခဲ့တဲ့ PE အင်ဂျင်နီယာ၊ လက်ရှိ မင်းအာင်လှိုင်ခန့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဖြစ်နေသူ စည်ပင်ဝန်ထမ်းဟောင်း ဦးမျိုးအောင် ကိုတော့ စစ်အုပ်စုက အမှုဖွင့် အရေးယူတာမျိုး မရှိခဲ့ပါဘူး။

Sky Villa ကွန်ဒိုဟာ ၁၁ ထပ်အမြင့် အဆောက်အဦး လေးလုံးပါ ကွန်ဒို တစ်ခုဖြစ်ပြီး ကွန်ဒိုခန်းတစ်ခန်း ဈေးနှုုန်း ကျပ်သိန်း ၆၅၀၀ အထိ တန်ကြေးရှိခဲ့ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး ​ #​SkyVillaကွန်ဒို

Related Articles

Back to top button