သီတင်းကျွတ်ကာလ စစ်ဘေးရှောင် ထွက်ပြေးနေကြရတဲ့ အညာ ပြည်သူတွေ
အီသာရမ်/MFP၊ အောက်တိုဘာ – ၂၉
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းလုယက်၊ တွေ့သမျှလူကို ဖမ်းဆီး သတ်ဖြတ်နေတာကြောင့် ထောင်ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။
သီတင်းကျွတ်လပြည့် အောက်တိုဘာ ၂၆ရက်မှာ ဆိပ်ဖြူမြို့နယ်ရှိ စစ်အုပ်စုရဲ့ လက်နက်စက်ရုံ ကပစ – ၂၂ ထဲ စုဝေးပြီး နောက်ရက် သီတင်းကျွတ်လပြည့်ကျော် ၁ရက်မှာ ဆိပ်ဖြူ – ပေါက် ကားလမ်းအတိုင်း ကားအစီးရေ ၂၀ ကျော်၊ အင်အား ၃၀၀ ကျော်နဲ့ ပေါက်မြို့နယ်ထဲ ဝင်ရောက်လာတဲ့ စစ်အုပ်စုဟာ လမ်းတလျှောက် ကျေးရွာတွေကို စီးနင်းကာ တန်ဘိုးရှိပစ္စည်း ဖောက်ထွင်းလုယက် ခိုးယူ၊ ပြည်သူကို ရန်ပြုနေတာလို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ပေါက်မြို့နယ် ချက်ကန်ရွာ၊ သပြေရေရွာ၊ မှန်ထောင်ကွင်း စစ်ဘေးရှောင်စခန်း၊ ဝန်လဲရိုးအထက်ရွာ၊ တယ်ပင်ကန်ရွာ၊ ပေခုနှပင်ရွာ၊ စတဲ့ ကျေးရွာတွေက အိမ်ထောင်စု ၁၀၇၀၊ လူဦးရေ ၅၃၅၀ ဦး တောတောင်တွေထဲ ရာသီဥတု နေပူဒဏ်ကိုအံတုရင်း စစ်ဘေးရှောင်နေကြရတယ်လို့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဌာနက ထုတ်ပြန်ပါတယ်။
“ခွေးကားတန်းက ဆိပ်ဖြူ ကပစ ၂၂ ကနေ ပေါက် ကပစ ၂၄ ဆီကို ဦးတည်နေတာ။ ကပစ ၂၄ ကနေ ဘယ်ကိုဦးတည်မယ် မသိရသေးဘူး။ အခုက ချက်ကန်(ရွာ)မြောက်နားကို ရောက်နေပြီ၊ သစ်ညီနောင် လမ်းခွဲကို ရောက်နေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ သီတင်းကျွတ်ကာလ ပုဂံမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ပြီးနောက် ပုဂံမြို့ရဲ့ ဧရာဝတီမြစ်တဖက်ခြမ်းရှိ ပခုက္ကူနယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေသလို ပုဂံလေဆိပ်ကို အသုံးပြုကာ ဒေသတွင်း နေ့စဉ် ဗုံးပတ်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
ပုဂံမြို့က စစ်အုပ်စုနဲ့ ပျူစောထီးတွေ အပါအဝင် ပုခက္ကူနယ် အခြေစိုက် တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်ကနေ ပြီးခဲ့တဲ့ မေလကတည်းက ထွက်လာတဲ့ စစ်အုပ်စုဟာ ပေါက်နဲ့မြိုင်နယ်ရှီ ရေနံမှော်၊ ရေနံတွင်းတွေဘက် စစ်ကြောင်းထိုးနေပြီး ခြောက်လအတွင်း သူတို့စီးနင်းဝင်ရောက်နိုင်တဲ့ ကျေးရွာ ၁၁ရွာကို ဖောက်ထွင်းလုယက်၊ မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သလို ဒေသခံ အရပ်သားပြည်သူ ၃၀ ကျော်ကိုလည်း သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။
သီတင်းကျွတ်ကာလ ဖြစ်ပေမယ့် စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရဘဲ စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေကြရတဲ့ ပေါက်မြို့နယ်က ပြည်သူတွေ/ဓာတ်ပုံ – ပေါက် လူသားစာနာ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ပခုက္ကူ #မကွေး #ပေါက်နယ်စစ်ဘေးရှောင်



