
ခါးခါး/MFP၊အောက်တိုဘာ-၂၉
စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် တိုက်ပွဲတွေအတွင်းမှာ စစ်ကိုင်းတိုင်း၊ပြည်သူ့ကာကွယ်ရေးအဖွဲ့၊အမှတ်-၃ တပ်ရင်း MOC -စစ်ကြောင်းက ဒုတပ်စိတ်မှူးအပါအဝင် ရဲဘော်လေးဦးကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာ နှစ်လ အင်းတော်မြို့နယ်တိုက်ပွဲတွေအတွင်း စစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမှတ်-၃ တပ်ရင်း၊ MOC -စစ်ကြောင်း မှာတာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်စိတ်မှူး နန်းထက်အောင်(ခ) ငထက်၊ရဲဘော်ရဲရင့် (ခ)ရဲထက်နဲ့ရဲဘော် ဟန်ဇာမိုးတို့ အပါအဝင်ရဲဘော်လေးဦး ကျဆုံးခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“အင်းတော်စစ်ဆင်ရေးမှာကျတာပါ ၊လေးယောက်ကျတာ ။စစ်ဆင်ရေးကာလဆိုတော့ ပေးဆပ်ရတာပဲ “
အဆိုပါ ရဲဘော်လေးဦးကျဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ )အမှတ်-၃ တပ်ရင်း MOC -စစ်ကြောင်းကလည်း တိုက်ပွဲအတွင်းကျဆုံးရဲဘော်တွေကို ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီး ပြည်သူ့တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
“စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ်(၃)တပ်ရင်း (MOC) စစ်ကြောင်းမှ -ဒုတပ်စိတ်မှူး) နန်းထက်အောင်(ခ) ငထက် သိစေရန်သင်သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်မှနက် (၇နာရီ၂၀မိနစ်) အချိန်တွင် ရန်သူ့ကျည်ထိမှန်၍ မြင့်မြတ်စွာ ကျဆုံးခဲ့သည်။ ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း မိမိအသက်ကိုပေးလှူသွားခဲ့သောအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်’လို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၆ရက်မှာ အင်းတော်မြို့ကနေ မဲဇာကျေးရွာကို အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုဟာ မဲဇာရွာကို ယာယီ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဝန်းသိုနဲ့ ထီးချိုင့်မြို့တွေကို ဦးတည်ကာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တပ်ဖြန့် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
မဲဇာကနေ ထီးချိုင့်ဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို အောက်တိုဘာ ၂၅ရက်က စလို့ မဲဇာရွာရဲ့ အောက်ဘက်၊ အင်းတော်နယ်၊ လယ်ပြင်၊ ပိန်းအင်းနဲ့ မအူကုန်းကျေးရွာတွေအနီး တော်လှန်ရေး တပ်တွေက ပိတ်ဆို့ တိုက်ခိုက်နေတာပါ။
ဒီနေ့တိုင် တိုက်ပွဲပြင်းထန်နေသလို လယ်ပြင်၊ ပိန်းအင်းနဲ့ မအူကုန်းရွာတွေအနီး တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က အရာရှိအပါအဝင် အများအပြား သေဆုံးခဲ့ပြီး ၊အလံဖြူထောင် လက်နက်ချသူ ၁၀၀ခန့်နဲ့ လက်နက်အပြား သိမ်းဆည်းရရှိ ထားတယ်လို့ တော်လှန်ရေးအင်းအားစုတွေက ပြောပါတယ်။
အင်းတော်နယ်ထဲရှိ စစ်အုပ်စု ပိတ်ဆို့တိုက်ခိုက်ခံရကာ အထိနာ အသေများနေတာကြောင့် စစ်အုပ်စုက နေ့စဉ်ရက်ဆက် ဗုံးပတ်ကြဲသလို မဲဇာကနေ ဝန်းသိုမြို့ဘက် ဦးတည်နေတဲ့ စစ်ကြောင်းဟာလည်း မဲဇာဘက်ကို ပြန်လှည့်လာပြီး အင်းတော်တနယ်လုံးနီးပါး တိုက်ပွဲတွေ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဝန်းသိုစစ်ကြောင်းက ပြန်ဆုတ်သွားတာ။ အင်းတော်ဘက်က ခွေးစစ်ကြောင်းက အထိအခိုက်၊ အကျ အဆုံးက များနေပြီ။ အရာရှိတွေပါ ကျတယ်။ တော်တော်များများက ထွက်လို့မရဘူး ပိတ်မိနေတာ “
အဆိုပါ အင်းတော်နယ် တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါဝင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF၊ အထူးလှုပ်ရှားတပ်မ (ပြည်သူကာကွယ်ရေးတပ်မတော် -မန္တလေး) – MDY-PDF၊ အမှတ်(၉၉)နည်းဗျူဟာ/ မတ္တရာမျိုးမှန် ဗျူဟာတပ်ဖွဲ့ ကလည်း “၉၉ (အမှတ်၉၉နည်းဗျူဟာ)နဲ့ အတွေ့မှာ ရန်သူ့ တပ်မ-၃၃ လည်း “တပ်မ-ပြုန်းပြုန်း” ဖြစ်သွားပြီ”လို့ လူမှုကွန်ယက်မှာ အသိပေး ဖော်ပြထားပြီး အင်းတော်နယ် စစ်ဆင်ရေးအားလုံးနဲ့ ပတ်သက်ပြီး အထူးလှုပ်ရှားတပ်မ – MDY PDF က သတင်း ထုတ်ပြန်ဖို့ရှိတယ်လို့ MFP ကို ပြောပါတယ်။
တချိန်တည်းမှာပဲ မဲဇာကနေ ဝန်သိုမြို့ဘက် ဦးတည်တဲ့ စစ်အုပ်စုကိုလည်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု အထိနာ အသေများလို့ အောက်တိုဘာ ၂၃ရက်က စတင်ကာ ဝန်းသိုနယ်၊ ဆတိုင်တောနဲ့ ကံကုန်း ကျေးရွာတွေဘက် စစ်အုပ်စု တပ်ဖျောက်ထားပြီး ခိုအောင်းနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေတာနဲ့ စစ်အုပ်စုက ဗုံးပတ်ကြဲနေတာကြောင့် ထီးချိုင့် – အင်းတော် ကားလမ်း တလျှောက် အပါအဝင် အင်းတော်၊ ဝန်းသိုနဲ့ ထီးချိုင့်မြို့တွေကြားရှိ မဲဇာ၊ လယ်နောင်၊ နန့်သဲ၊ အလယ်ဆိပ်၊ ပင်သချေ၊ နောင်မိုး၊ သံဘို၊ စက်တောကုန်း၊ ပါအော့၊ တပ်လွင်၊ ကျောက်တော်၊ ထန်းတစ်ပင်၊ နမ်းခမ်း၊ ဂျိုးတောင်၊ ဆင်ကုန်း၊ ညောင်ကိုင်း၊ သက္ကာယ်ကျင်း၊ ပိန်းအင်း၊ စက်တောကုန်း၊ သစ်ပုံလွင်၊ ကြိမ်ချောင်း၊ စတဲ့ ကျေးရွာပေါင်း (၂၀)ကျော်က ဒေသခံ ထောင်သောင်းချီ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ကချင်-စစ်ကိုင်းအစပ် ထီးချိုင့်-ကသာ-အင်းတော်-ဝန်းသို မြို့တွေနဲ့ ကားလမ်းတွေကို စိုးမိုး ထိန်းချုပ်နိုင်ရေး၊ မန္တလေး – ရွှေဘို – မြစ်ကြီးနားလမ်းကို စိုးမိုးထိန်းချုပ်ပ်နိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။
စစ်အုပ်စု အနေနဲ့ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းနဲ့ ဗျူဟားလမ်းပေါ်ရှိ မြို့ရွာတွေကို ထိန်းချုပ်ကာ လမ်းပေါ် ဂိတ်ဖွင့်ငွေညှစ်နိုင်ဖို့၊ တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့ အပါအဝင် ကချင်ပြည်ဘက် စစ်အုပ်စုရဲ့ ထောက်ပို့လမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်း မြစ်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ တရုတ်အားကိုးနဲ့ ရှမ်းမြောက်ဒေသ စစ်ပွဲတွေ ရပ်နိုင်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှုံး မြို့၊ရွာတွေနဲ့ ကုန်သွယ်ရေးလမ်းတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်း အပါအဝင် မန္တလေး – မုံရွာ-ရွှေဘိုလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ – ကလေး – တမူး လမ်းတွေကိုလည်း အင်အားသုံးကာ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
စက်တင်ဘာနဲ့ အောက်တိုဘာလ အင်းတော်တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့၊အမှတ်-၃ တပ်ရင်း MOC -စစ်ကြောင်းက ရဲဘော်တွေ/ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ပြည်သူ့ကာကွယ်ရေးအဖွဲ့၊အမှတ်-၃ တပ်ရင်း



