မန္တလေးသတင်း

မန္တလေးမြို့လယ် သိပ္ပံလမ်း က.ည.န ရုံးအနီးမှာ ဘီယာဆိုင်ပိုင်ရှင် သတ်ဖြတ်ခံရ၊မန္တလေးမှာ ဖြစ်ပွားတဲ့ ခိုး၊ဆိုးလုယက်မှုတွေမှာ စစ်အုပ်စု လက်နက်ကိုင်တွေ ပါဝင်ကျူးလွန်နေပြီး KTV တွေမှာ မူးယစ်ဆေးသုံးတဲ့ စစ်အုပ်စုတွေလည်း အချင်းချင်း ပြန်ဖမ်းမိ၊

Phoenix/MFP ၊ အောက်တိုဘာ – ၂၉

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းပေါ်က စစ်အုပ်စု အခြေပြုရာ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန – က.ည.န ရုံးအနီးမှာ ဒီမနက်ပိုင်း လည်ပင်းနဲ့ ခန္ဓာကိုယ်အနှံ့ ပြတ်ရှဒဏ်ရာတွေနဲ့ အိမ်စီးကားပေါ် သေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိတယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသူဟာ မန္တလေးမြို့၊ ၄၁ လမ်းနဲ့ ၈၀ လမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ ဘီယာဆိုင်ပိုင်ရှင် ဖြစ်တယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

အောက်တိုဘာ ၂၉ ရက် ဒီနေ့ မနက် ၇ နာရီကျော်အချိန် သိပ္ပံလမ်း၊ က.ည.န ရုံးနဲ့ မျက်နှာချင်းဆိုင် ပန်းခြံမုခ်ဦးနဲ့ EV ကား အားသွင်းတဲ့နေရာကြားမှာ ရပ်ထားတဲ့ Delivery DV ကားပေါ်က ယာဉ်မောင်း ထိုင်ခုံနေရာမှာ သေဆုံးနေတဲ့ အမျိုးသားကို တွေ့ရှိခဲ့တာလို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်အုပ်စုရဲ့ အမှတ် ၁၀ ရဲစခန်းမှာ အမှုဖွင့်ကာ တရားခံပေါ်ဖို့ စုံစမ်း နေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာ လူသတ်မှု၊ ဓားပြမှုနဲ့ ခိုးဆိုးလုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းရှိ မနော်ရမ္မံ ကစားကွင်းကနေ ပြည်ကြီးတံခွန်မြို့နယ်ဘက် ခရီးသည်လိုက်ပို့တဲ့ အိုးဝေမောင်းသမားကို ခရီးသည် အသက် ၅၀ ကျော် အရွယ် အမျိုးသားနဲ့ အမျိုးသမီးတို့က ကျင်စက်နဲ့ထိုးပြီး အိုးဝေ လုယူမှု ဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာ ၁၀၊ ၁၁ နဲ့ ၁၂ ရက်တွေမှာလည်း မန္တလေးမြို့မှာ အိုးဝေမောင်းသမားတွေ ဓားနဲ့ခုတ် လုယက်ခံရတာ၊ အိုးဝေစီးခရီးသည်တွေဆီက ဖုန်းနဲ့ ပိုက်ဆံအိတ် လုယူခံရတာ၊ ဆိုင်ကယ်စီး အမျိုးသမီးတစ်ဦး ဓားနဲ့ခုတ်ခံရပြီး ဆိုင်ကယ်လုယူခံရတာတွေ ဖြစ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၅ ရက်က ချမ်းမြသာစည်မြို့နယ်၊ ၁၁၁(က) လမ်းနဲ့ ၆၈(က)၊ ၆၈(ခ) လမ်းကြားရှိ နေအိမ် တစ်အိမ်အတွင်း လေဖြတ်နေတဲ့ အမျိုးသားနဲ့ ဇနီးဖြစ်သူတို့ လင်မယားနှစ်ဦး ဓားပြတိုက် သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူ လူငယ်နှစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးထားပါတယ်။

စက်တင်ဘာ ၁ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်ရှိ ရွှေတချောင်းထဲမှာ ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၄ ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၁ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြားရှိ ရွှေတိုက်ဝင်းအတွင်း အိမ်တစ်အိမ်မှာ ရွှေနဲ့ ငွေတွေ ဓားပြတိုက်လုယက်ခံခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ ရွှေဆိုင်နဲ့ ဘဏ်တွေ ဓားပြတိုက်ခံရမှု၊ လက်နက်ကိုင် လုယက်မှု၊ လူသတ်မှု၊ ခိုးယူမှုနဲ့ ပေါ်တာဆွဲ၊ ပြန်ပေးဆွဲ၊ ငွေညစ်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး လွန်ခဲ့တဲ့ လတွေအတွင်း မန္တလေးမြို့ပေါ် ဖြစ်ပွားခဲ့တဲ့ ရွေဆိုင် ဓားပြတိုက်မှုဖြစ်စဉ်တွေမှာ စစ်အုပ်စု လက်နက်ကိုင် ရဲနဲ့ ပျူစောထီးတွေ ပါဝင်ကျူးလွန်ခဲ့ကြပါတယ်။

လက်ရှိ မန္တလေးမြို့မှာ စစ်သား၊ ရဲနဲ့ ပျူတွေ အပါအဝင် စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းတွေဟာ မြို့ခံ ပြည်သူကို ပေါ်တာဆွဲ ငွေညှစ်တာ၊ စစ်မှုထမ်းဥပဒေ အကြောင်းပြကာ လစဉ် ဆက်ကြေး တောင်းတာတွေ ကျူးလွန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စု ဝန်ထမ်းတွေဟာ ပြည်သူထံက အဓမ္မနည်းနဲ့ ရယူတဲ့ ငွေကြေးနဲ့ သောက်စား ပျော်ပါး နေကြတယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၁၁ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ KTV တွေမှာ မူးယစ်ဆေးဝါး သုံးစွဲတာ ရှိ၊မရှိ စစ်အုပ်စုက လိုက်လံစစ်ဆေးငွေညှစ်ရာ ကန်ကောက်ရပ်ကွက်၊ မြို့ပတ်လမ်း၊ ၂၇လမ်းနဲ့ ၂၈ လမ်းကြားရှိ KTV အခန်းအတွင်း မူးယစ်ဆေးဝါး ကတ်တမင်းနဲ့ Happy Water ပန်းရောင်အမှုန့် အသုံးပြုနေတဲ့ စစ်အုပ်စု လက်အောက်ခံ မန္တလေးတိုင်းရဲရုံးက ရဲအုပ်အဆင့် အပါအဝင် ရဲတချို့ကို ဖမ်းမိခဲ့တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

Related Articles

Back to top button