စစ်ကိုင်းသတင်း

မြင်းမူနယ် ကျေးရွာတွေကို စစ်အုပ်စု ဗုံးပတ်ကြဲလို့ အဖိုးအိုနှစ်ဦး သေဆုံးပြီး စာသင်ကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီး

MN/MFP ၊ အောက်တိုဘာ – ၃၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကျေးရွာတွေကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ လေးစင်းနဲ့ ဗုံးပတ်ကြဲခဲ့တာကြောင့် သက်ကြီးပိုင်း အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက် ဒီနေ့ မနက် ၁၁ နာရီ ဝန်းကျင်မှာ စစ်အုပ်စု အနောက်မြောက်တိုင်း စစ်ဌာနချုပ်(မုံရွာ)ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာလေးစင်းနဲ့ မြင်းမူနယ်မြောက်ခြမ်းက ရုံးကား၊ညောင်ပင်ကန်၊ လှေဦးကန်နဲ့ ကန်စွယ်ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ လေကြောင်းက ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။

သေဆုံးသွားတဲ့သူတွေဟာ ရုံးကားရွာက အသက် ၈၀ အရွယ်အဖိုးအိုတစ်ဦးနဲ့ လှေဦးကန်ရွာက အသက် ၆၀ ​ကျော်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“နမခတပ်ကနေ ဂျိုင်ရိုနဲ့လေကြောင်းတိုက်လို့ ရုံးကားစာသင်ကျောင်း တောင်ဘက်တစ်လုံးကျတယ်။ ပြည်သူအမျိုးသားတစ်ဦးသေတယ်။လှေဦးကန်ရွာ စာသင်ကျောင်းအနောက်ဘက်ကျတာက ပြည်သူအမျိုးသားတစ်ဦးသေတယ်”လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ဒါ့အပြင် အဲဒီတိုက်ခိုက်မှုတွေကြောင့် ရုံးကားရွာ စာသင်ကျောင်းဆောင်တွေပါ ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်းက ဂျိုင်ရိုကော်ပတာတွေနဲ့ တပြိုင်နက်တည်း ဗုံးကြဲသွားခဲ့တာဖြစ်ပြီး ရွာတွေရဲ့ ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ လတ်တလော မသိရသေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း မြင်းမူ၊ဂုံညင်းဆိပ်တိုက်နယ် ပကဖ တာဝန်ခံ ဘက်ပြောင်းသွားပြီးနောက် မြင်းမူနယ်အရှေ့ခြမ်းရှိ တော်လှန်ရေးအဖွဲ့ရဲ့ အခွန်ကောက်ဂိတ်နဲ့ စစ်ကိုင်းခရိုင်တပ်ရင်း ၆ စခန်းတို့ကို ဂျိုင်ရိုကော်ပတာတွေနဲ့ ငါးကြိမ်တိုင်အောင် လေကြောင်းတိုက်ခိုက်ခဲ့သလို စက်တင်ဘာ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာလည်း ကန်တော်ရွာအနီးနဲ့ မန်ကျည်းကန်ရွာအနီးကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦးဒဏ်ရာရခဲ့ပြီး လူနေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းမှာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေအပါအဝင် အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ကျူးလွန်နေပြီး အာဏာသိမ်းကာစကနေ ဒီနှစ် ဩဂုတ်လကုန်အထိ ငါးနှစ်ကျော်အတွင်း လေကြောင်းဗုံးကြဲမှုပေါင်း ၁၄၀၅၅ ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၆၀၆၂ ဦးသေဆုံးခဲ့ကာ စာသင်ကျောင်း၊ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားပိုင်အဆောက်အအုံ ၁၅၁၇ခု ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက်ပိုင်းက မြင်းမူမြို့နယ် ကျေးရွာတွေကို စစ်အုပ်စု ဂျိုင်ရိုကော်ပတာလေးစီးနဲ့ ဗုံးကြဲသတ်ဖြတ်သွားစဉ်/ ဓာတ်ပုံ-ဒေသခံ

Related Articles

Back to top button