စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

အင်းတော်နယ် တိုက်ပွဲ စစ်အုပ်စု ရာနဲ့ချီ သုတ်သင်နိုင်၊

စစ်အုပ်စုက ပြည်သူတွေကို ဓားစာခံဖမ်းကာ စစ်ဝတ်စုံဝတ်ခိုင်းပြီး ရှေ့ကတက်ခိုင်း၊

ဒေါ်လာ/MFP၊ အောက်တိုဘာ – ၃၀

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာကနေ ဝန်းသိုမြို့ဘက် ဦးတည် စစ်ကြောင်းထိုးတဲ့ အင်အား ၇၀၀ ကျော်ပါ အာဏာသိမ်း စစ်အုပ်စုကို လမ်းတလျှောက် ကြားဖြတ် တိုက်ခိုက်ရာ စစ်အုပ်စု ရာနဲ့ချီ သုတ်သင်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အင်းတော်နယ်ထဲ စစ်ကြောင်းထိုးတဲ့ တပ်မ ၃၃ ခေါ် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်က စစ်အုပ်စုအတွက် Y-12 လေယာဉ်နဲ့ ချပေးတဲ့ ဒွပေါက်၊ နိုင်ငံခြား စီးကရက်အတု၊ ဆေးပေါ့လိပ်တွေ၊ စစ်အုပ်စု အလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ကောလင်းခရိုင် အမှတ် ၄ တပ်ရင်း (ဝန်းသို) ကလည်း ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပေါ်တာဆွဲထားသူတွေ အပါအဝင် စစ်မှုထမ်း သင်တန်းဆင်း စစ်သားသစ်တွေကို မန္တလေး၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ကတဆင့် အင်းတော်နယ်ထဲ ပို့လွှတ်ပြီးနောက် အောက်တိုဘာ ၅ရက်က စတင်ကာ အင်းတော်ကနေ မဲဇာရွာဘက် စစ်ကြောင်းထိုးတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ မဲဇာရွာကို ထိန်းချုပ်နိုင်ပြီးနောက် နှစ်ဖွဲ့ခွဲကာ ဝန်းသိုဘက်ကို တစ်ဖွဲ့၊ ထီးချိုင့်ဘက်ကို တစ်ဖွဲ့ ဆက်လက် စစ်ကြောင်းထိုးခဲ့ပြီး ဝန်းသိုဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက လမ်းတလျှောက် ပိတ်ဆို့တိုက်ခိုက်ရာ စစ်အုပ်စု ရာနဲ့ချီ သုတ်သင်နိုင်ခဲ့ပြီး အလောင်းနဲ့ လက်နက်တွေ ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

“အင်းတော် စစ်ကြောင်းဟာ နိုင်ငံတော်အဆင့် လုပ်လာတာ၊ အင်အား
၂၁,၀၀ ကျော် ပါတာဗျ။ အလင်းဝင်က ရှင်းပြလို့ သိရတာပါ။ ဝန်းသိုဘက် အင်အား ၇၀၀ ကျော်ပါပြီး  လုပ်လာတာ။ မဲဇာဘက်ကို ပြန်လှည့်တော့ အင်အား ၄၀၀ ကျော်လောက် ပြန်ပါသွားတယ်”

မဲဇာကနေ ဝန်းသိုဘက် ဦးတည်တဲ့ စစ်အုပ်စုကို ကျောက်ဆင်ရွာအနီး တိုက်ခိုက်ရာ စစ်အုပ်စု အသေအပျောက် များပြီး တော်လှန်ရေး ရဲဘော် လေးဦး ကျဆုံးတယ်လို့ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

“ကျောက်ဆင်မှာ တိုက်ပွဲဖော်ဆောင်တာ ခွေး (စစ်အုပ်စု) တော်တော်ကျပြန်တာ။ ကိယ့်ဘက်က ရဲဘော် လေးယောက် ပေးလိုက်ရတယ်”

မဲဇာကနေ ဝန်းသိုဘက် ဦးတည်တဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ အထိနာ အသေများသလို မဲဇာကနေ ထီးချိုင့်ဘက် ဦးတည်တဲ့ စစ်အုပ်စုကိုလည်း တော်လှန်ရေးတပ်တွေက ပိန်းအင်း၊ လယ်ပြင်၊ ကျောင်းကုန်း၊ မအူကုန်း စတဲ့ရွာတွေအနီး စီးနင်းဝင်ရောက် တိုက်ခိုက်ရာ ဒု-ဗိုလ်မှူးကြီးအဆင့်တွေ အပါအဝင် စစ်အုပ်စု အများအပြား သုတ်သင်နိုင်သလို သုံ့ပန်းတွေလည်း ဖမ်းမိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မဲဇာနဲ့ ထီးချိုင့်ကြား ပိတ်မိနေတဲ့ စစ်အုပ်စုကို စစ်ကူနိုင်ဖို့ ဝန်းသိုဘက် ဦးတည်တဲ့ စစ်အုပ်စု နောက်ပြန်လှည့်လာတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“(ဝန်းသိုကို ဦးတည်တဲ့ စစ်အုပ်စုဟာ) မဲဇာဘက် အထိနာနေတဲ့ ခွေးကြောင်းကို ပြန်သွားကူကြတယ်။ မနေ့ညက မအူကုန်း၊ ဒီမနက်တော့ မဲဇာနယ်ထဲ အိုက်မရွာကို ရောက်နေပြီပြောတယ်။ ပြည်သူတွေရဲ့ ကားတွေကို ချောဆွဲပြီး ကားတွေနဲ့ အိုက်မဘက် ဆုတ်‌တယ် သတင်းရပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အဲဇာကနေ ဝန်းသိုဘက် ဦးတည်တဲ့ စစ်အုပ်စုဟာ လမ်းတလျှောက် ကျေးရွာတွေကို စီးနင်းကာ ထင်တိုင်းကျဲ ဖောက်ထွင်းလုယက်ခိုးယူတာ၊ ပြည်သူတွေကို ဖမ်းဆီးပြီး ဓားစာခံ လူသားဒိုင်းအဖြစ် အသုံချတာ၊ တချို့ကို သတ်ဖြတ်တာ၊ ပြည်သူပိုင် ကား၊ ထွေလာဂျီတွေကို လုယက်ပြီး ခိုးရာပါ ပစ္စည်းတွေကို သယ်ယူတာတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

“ရွာစဉ် အိမ်တွေအကုန်ဖောက်ပြီး ရနိုင်တာ အကုန်ယူတာ။ ကားတွေ၊ သုံးဘီးတွေ ဆိုင်ကယ်တွေနဲ့ လုပ်လာကြပြီး ကားပေါ်မှာ ပြည်သူတွေရဲ့ ဆိုလာ၊ မီးစက်၊ တန်ဖိုးကြီးတွေ အကုန်သယ်ယူကြတယ်။ ဂျိုးတောင်နားက ကျည်ကုန်းရွာမှာ အဲ့ဒီ ခိုးယူခဲ့တဲ့ ပစ္စည်းတွေကို ချထားပစ်ခဲ့ပြီး မဲဇာဘက် အထိ နာနေတဲ့ ခွေးကြောင်းကို ပြန်သွားကူကြတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အင်းတော်နဲ့ ဝန်းသိုအစပ်၊ နမ်းခမ်းရွာကို အောက်တိုဘာ ၂၀ရက် ဝန်းကျင် စစ်အုပ်စုက စီးနင်းလုယက်ချိန် အလောင်းတွေနဲ့အတူ နေအိမ်တွေကို မီးရှို့ခဲ့တာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

“နမ်းခမ်းက အိမ်တွေဆို သူတို့ ခွေးအလောင်းတွေ အိမ်ပေါ်တင်ပြီး မီးရှို့ထားခဲ့တာ? အိမ်တွေ တော်တော်များများ ပါသွားခဲ့ပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်အုပ်စု သတ်ဖြတ်လို့ ပြည်သူတွေ သေဆုံးတဲ့ အခြေအနေကို အသေးစိတ် စာရင်းမကောက်နိုင်သေးဘဲ ရွာစဉ်အလိုက် ပျောက်ဆုံးနေတဲ့ ပြည်သူတွေ ရှိသလို အလောင်းတွေ့တာ တွေလည်း ရှိပြီး စစ်အုပ်စုက ဖမ်းမိတဲ့ ပြည်သူတွေကို စစ်ဝတ်စုံဝတ်ပေးပြီး မိုင်းကွင်း ဖြတ်ခိုင်းတာ၊ အသေခံ ရှေ့ကတက်ခိုင်းတာ၊ တချို့ပြည်သူတွေကို သတ်ပြီးနောက် PDF ဝတ်စုံ ဝတ်ကာ ဝါဒဖြန့် ဓာတ်ပုံရိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အရပ်သားသေဆုံးမှုတွေလည်း ရှိတယ်။ အရပ်သားပြည်သူ သေဆုံးမှုက အတိအကျ မသိရသေးဘူး။ ရွာတွေ ရွာတွေမှာ ပျောက်နေတဲ့သူတွေ ရှိတယ်။ ဖမ်းခေါ်သွားခံရတာတွေ၊ လမ်းမှာ သတ်ပြီး စွန့်ပစ်ခဲ့တာတွေ ရှိတယ်။ အလောင်းတွေက ခွေးအလောင်းလား၊ ပြည်သူလား မသဲကွဲဘူး ဖြစ်နေတယ်။ ဘာလို့လဲ ဆိုတော့ သူတို့က ပြည်သူကို ဖမ်းပြီးတော့မှ ယူနီးဖောင်းဝတ်ခိုင်းပြီးတော့ ရှေ့ကနေ သွားခိုင်းတာ၊ မိုင်းနင်းခိုင်းတာ၊ သတ်ပြီး ထားခဲ့တာတွေလည်း ရှိတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ စစ်အုပ်စုက ဗုံးပတ်ကြဲနေတာကြောင့် ထီးချိုင့် – အင်းတော် ကားလမ်း တလျှောက် အပါအဝင် အင်းတော်၊ ဝန်းသိုနဲ့ ထီးချိုင့်မြို့တွေကြားရှိ မဲဇာ၊ လယ်နောင်၊ နန့်သဲ၊ အလယ်ဆိပ်၊ ပင်သချေ၊ နောင်မိုး၊ သံဘို၊ စက်တောကုန်း၊ ပါအော့၊ တပ်လွင်၊ ကျောက်တော်၊ ထန်းတစ်ပင်၊ နမ်းခမ်း၊ ဂျိုးတောင်၊ ဆင်ကုန်း၊ ညောင်ကိုင်း၊ သက္ကာယ်ကျင်း၊ ပိန်းအင်း၊ စက်တောကုန်း၊ သစ်ပုံလွင်၊ ကြိမ်ချောင်း၊ စတဲ့ ကျေးရွာတွေက ဒေသခံ ထောင်သောင်းချီ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ရှောင်နေကြရပါတယ်။ ရွာထဲ၀င်မရသေးပါ။ တောတွေတောင်တွေထဲ နေကြရတာပါ။ လက်နက်ကြီး၊ ဒုန်းနဲ့ ဂျက်ဖိုက်တာတွေကြောင့် အိမ်တွေ အများကြီး ပျက်စီးသွားပါတယ်။ နေ့တိုင်း ပတ်ကြဲနေတာပါ၊ Y12၊ Y8 (လေယာဉ်)၊ ဂျက်ဖိုက်တာ နေ့စဉ်ကြဲနေတာပါရှင်။ ပြည်သူတွေ ဒုက္ခအများကြီး ရောက်နေကြတာပါ။ ဘယ်ရွာမှ ကူးမရလို့ပါ။ အခု တောထဲတောင်ထဲမှာ ပါလာတဲ့ စားရိတ်လေးနဲ့ တောင့်ခံနေရတာပါရှင်။ လုပ်စားလို့လည်း ဘာမှမရပါဘူး။ ရှိတာတွေလည်း သူခိုးခိုးခံကြရတဲ့အတွက်။ တစ်ရွာလုံးရဲ့ ဆုံးရှုံးမှုနဲ့ ထိခိုက်နှစ်နာမှုက တစ်ရွာလုံး ခံကြရတော့ ပြောမပြတတ်အောင်ပါရှင်” လို့ စစ်ဘေးရှောင်ထွက်ပြေးနေရတဲ့ အင်းတော်နယ်၊ နမ်းခမ်းရွာခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ကချင်-စစ်ကိုင်းအစပ် ထီးချိုင့်-ကသာ-အင်းတော်-ဝန်းသို မြို့တွေနဲ့ ကားလမ်းတွေကို စိုးမိုး ထိန်းချုပ်နိုင်ရေး၊ မန္တလေး – ရွှေဘို – မြစ်ကြီးနားလမ်းကို စိုးမိုးထိန်းချုပ်ပ်နိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။

စစ်အုပ်စု အနေနဲ့ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းနဲ့ ဗျူဟားလမ်းပေါ်ရှိ မြို့ရွာတွေကို ထိန်းချုပ်ကာ လမ်းပေါ် ဂိတ်ဖွင့်ငွေညှစ်နိုင်ဖို့၊ တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့၊ ကချင်ပြည်ဘက် စစ်အုပ်စုရဲ့ ထောက်ပို့လမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်း မြစ်တစ်ဦးက ပြောပါတယ်။

“ဒီလမ်းက ရှမ်းမြောက်နဲ့ ကချင်လမ်းကြောင်း ဖြတ်ချင်လို့လည်း ဖြစ်နိုင်တယ်။ ကချင်ဘက်ကို သူတို့ လက်နက်၊ ရိက္ခာ ကုန်းကြောင်းကနေ ပို့နိုင်ဖို့လည်း ဖြစ်နိုင်တယ်”

စစ်အုပ်စုဟာ တရုတ်အားကိုးနဲ့ ရှမ်းမြောက်ဒေသ စစ်ပွဲတွေ ရပ်နိုင်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှုံး မြို့၊ရွာတွေနဲ့ ကုန်သွယ်ရေးလမ်းတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်း အပါအဝင် မန္တလေး – မုံရွာ-ရွှေဘိုလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ – ကလေး – တမူး လမ်းတွေကိုလည်း အင်အားသုံးကာ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

အင်းတော်နယ် မဲဇာရွာကနေ ဝန်းသိုမြို့ဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာက သိမ်းဆည်း ရမိတဲ့ အလောင်းနဲ့ လက်နက်တွေ/Photo – ကောလင်းခရိုင် PDF တပ်ရင်း ၄ (ဝန်းသို)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #အင်းတော် ​ #​ဝန်းသိုမဲဇာ

Related Articles

Back to top button