မကွေးသတင်းအညာမြေ တော်လှန်ရေး

ပခုက္ကူ – ရေစကြိုကြား စစ်အုပ်စု ရဲတပ်ကြပ်ကို ပစ်ခတ်သုတ်သင်၊ ကားနဲ့ လက်နက်တွေ ရ၊

ဂိတ်ဖွင့်ပြီး လစဉ် ကျပ်သိန်း ထောင်ချီ ငွေညှစ်နေသလို ပြည်သူကို ရန်ပြုနေလို့ သုတ်သင်တာ ဟုဆို၊

ဒေါ်လာ/MFP၊ နိုဝင်ဘာ – ၁

မကွေးတိုင်း၊ ပခုက္ကူနဲ့ ရေစကြိုမြို့ကြားမှာ သီတင်းကျွတ်လပြည့်နေ့က အာဏာသိမ်း စစ်အုပ်စုရဲ့ တပ်ကြပ်အဆင့် သိန်းနိုင်ဦး ဆိုသူကို ပစ်ခတ်သုတ်သင်နိုင်ခဲ့ပြီး ကားနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိ တယ်လို့ မကွေးဖတ်ဒရယ်ယူနစ် စစ်ကြောင်း(၃)-Southern YSO PDF က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၆ရက် ညနေပိုင်းက ရေစကြိုနယ်၊ ကျောက်လှေခါးရွာ စစ်အုပ်စု ငွေညှစ်ဂိတ်က ရဲတပ်ကြပ်အဆင့် သိန်းနိုင်ဦးဆိုသူ Crown အဖြူရောင်ကားနဲ့ ပခုက္ကူမြို့ကနေ ရေစကြိုနယ် ကျောက်လှေခါးရွာဘက် မောင်းနှင်လာချိန် ကြားဖြတ်တိုက်ခိုက် ပစ်ခတ် သုတ်သင်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံပြည်သူအပေါ် ဒုက္ခပေးနေတာကြောင့် ရဲတပ်ကြပ်အဆင့် သိန်းနိုင်ဦးကို သုတ်သင်ခဲ့တာ ဖြစ်ပြီး MA-3 တစ်လက်၊ 9mm ပစ္စတို တစ်လက်၊ crown ကားတို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ Southern YSO PDF က ထုတ်ပြန်ပါတယ်။

အဲ့ဒီ ရဲတပ်ကြပ်အဆင့် သိန်းနိုင်ဦးနဲ့ စစ်အုပ်စုဟာ ပခုက္ကူ – ရေစကြိုလမ်း ကျောက်လှေခါးရွာထိပ်မှာ ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူထံက လစဉ် ကျပ်သိန်းထောင်ချီ ငွေညှစ်နေသလို ရလာတဲ့ ငွေနဲ့ မူးရူးသောက်စားပြီး နေ့စဉ် ကျေးရွာတွေဘက် လက်နက်ကြီး ရမ်းကား ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ၊ အိုးအိမ်ပျက်စီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီ ကျောက်လှေခါးရွာ ငွေညှစ်ဂိတ်က စစ်အုပ်စုဟာ ဒေသခံပြည်သူ ထင်းခုတ်သမား တစ်ဦးကို အကြောင်းမဲ့ ပစ်သတ်တာ၊ လမ်းသွားလမ်းလာ ပြည်သူအပေါ် မောက်မာရိုင်းစိုင်း ဆက်ဆံနေတယ်လို့လည်း Southern YSO PDF က ဖော်ပြပါတယ်။

ကျောက်လှေခါးရွာ အပါအဝင် ပခုက္ကူနဲ့ ရေစကြိုနယ်ထဲ လမ်းဆုံလမ်းခွနဲ့ မြို့အဝင်အထွက်တွေမှာ စစ်အုပ်စုက ဂိတ်တွေဖွင့်ထားပြီး လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားနှောင့်ယှက်တာ၊ ရလာတဲ့ငွေနဲ့ မူးရူးသောက်စားပြီး အနီးဝန်းကျင် ကျေးရွာတွေနဲ့ ပြည်သူတွေကို လက်နက်ကြီး ရမ်းကားပစ်ခတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ရေစကြိုကျောက်လှေခါးဂိတ် ​ #​ပခုက္ကူ

Related Articles

Back to top button