စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်မှာ စစ်အုပ်စုက ရွာကို စီးနင်းပြီး ကား၊ အစာရိက္ခာနဲ့ လူသုံးကုန်တွေ ဓားပြတိုက်၊

ယင်းမာပင်နယ်ထဲ စစ်အုပ်စု နေ့စဉ် ဓားပြတိုက်လို့ ပြည်သူတွေ ထွက်ပြေးနေရကာ ဆင်းရဲ ဒုက္ခကြုံ၊

မောင်သက်/MFP၊ နိုဝင်ဘာ – ၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ထဲက ထွက်လာတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မနေ့က မနက်ပိုင်း မြို့ရဲ့ အရှေ့ရပ်ရှိ ရွာသာယာရွာကို စီးနင်းကာ ပြည်သူပိုင်ကားတစ်စီး၊ အစာရိက္ခာ၊ မျိုးစေ့သီးနှံနဲ့ လူသုံးကုန် ပစ္စည်းတွေ ဓားပြတိုက် လုယက်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

နိုဝင်ဘာ ၁ရက် မနက် ၇နာရီဝန်းကျင်အချိန် ယင်းမာပင်မြို့တွင်းကနေ စစ်အုပ်စု နှစ်ဖွဲ့သုံးဖွဲ့ကာ မြို့ရဲ့အရှေ့ဘက်၊ အနောက်ဘက်နဲ့ မြောက်ဘက်အရပ်တွေကို ဓားပြထွက်တိုက်တာဖြစ်ပြီး ရွာသာယာရွာကို စီးနင်းဓားပြတိုက်တဲ့ စစ်အုပ်စုက လွတ်အောင်မပြေးနိုင်တဲ့ ပြည်သူတွေရဲ့ ဆန်၊ ဆီ၊ စားနပ်ရိက္ခာ၊ စိုက်ပျိုးသီးနှံမျိုးစေ့နဲ့ လူသုံးကုန်ပစ္စည်းတွေ အပါအဝင် ကားတစ်စီးကိုပါ ဓားပြတိုက် လုယက် ယူဆောင်သွားတာလို့ ဆိုပါတယ်။

ယင်းမာပင်မြို့ရဲ့ အနောက်တောက်ဖက် တမာပင်ခွ၊ မင်းကံကြီး၊ မင်းကံတိုက် စတဲ့ ကျေးရွာတွေဘက် စီးနင်းလုယက် ဓားပြတိုက်တဲ့ စစ်အုပ်စုကတော့ ပြည်သူပိုင်ပစ္စညးတချို့ကို ဖောက်ထွင်းခိုးယူကာ စစ်ကားပေါ်တင်ပြီးနောယက် ယင်းမာပင်မြို့ထဲ သယ်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီက နယ်မြေစိုးမိုးသလို ဖြစ်နေတယ်၊ နေ့ရောညပါ ထင်သလို ဝင်မွှေနေတယ်၊ ခုညဆို နောက်တစ်ခေါက် ထပ်ထွက်လာလို့ ထပ်ပြေးရတယ်”လို့ စစ်ရှောင် အမျိုးသားတစ်ဦးက MFP ကိုပြောပါတယ်။

စစ်အုပ်စုက ယင်းမာပင်မြို့ ဝန်းကျင်ကို နေ့ညမပျက် စစ်ကြောင်းထိုးကာ ကား၊ဆိုင်ကယ်၊ ထွေလာဂျီ၊ စားသောက်ကုန်၊ လူသုံးကုန် စတဲ့ တန်ဘိုးရှိပစ္စည်းတွေ လုယက်ဓားပြတိုက် ဖောက်ထွင်းခိုးယူသလို တွေ့သမျှလူကို ဖမ်းဆီးနေတာကြောင့် ဒေသခံ ပြည်သူတွေ အနေနဲ့ ပစ္စည်းဥစ္စာဆုံးရှုံးနေရတဲ့အပြင် လူပင်ပန်း၊ စိတ်ပင်ပန်းကာ ကလေးတွေရဲ့ ပညာရေးအတွက် ကျောင်းတွေမဖွင့်နိုင်ဘဲ ပိတ်ထားရတာ၊ လယ်ယယာစိုက်ပျိုးရေး လုပ်ငန်း မလုပ်ကိုင်နိုင်တာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“လတ်တလော အခြေအနေက စပါးတွေလည်း နောက်လတွေဆို ရိတ်သိမ်းချိန်ရောက်ပြီဆိုတော့ ဒီအတိုင်းသာ စစ်ကောင်စီက လုယက်နေမယ်ဆိုရင် သီးနှံပေါ်ချိန် စစ်ကောင်စီအတွက် ရိက္ခာပိုပြီး စုဆောင်းမိမဲ့ အခြေနေပဲ” လို့ အထက်ပါ စစ်ရှောင်အမျိုးသားက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်မြို့ ပတ်လည်ရှိ မြို့သစ်၊ နှောရိုး၊ ကောင်းဆင့်၊ ရွာသာယာ၊ မြေကြက်ဆူ၊ ရွာထောင်မြို့ပေါ်၊ ရုံးလေးပင်၊ လက်လှုပ်၊ ပြောင်းပြာ၊ စားတော်ပြင်၊ တမာပင်ခွ၊ မင်းကံတိုက်၊ လည်ငေါက်၊ သရက်ကန်၊ ငါးမောင်း၊ လက်တောင်းကြီး၊ လက်တောင်းငယ် စတဲ့ ကျေးရွာနေ ပြည်သူတွေ နေ့စဥ်ရက်ဆက် စစ်ဘေးရှောင် နေကြရတယ်လို့ ဆိုပါတယ်။

“နေ့စဉ် ပြေးလွှားနေကြရတော့ စိတ်သောကတွေ ရောက်ရတယ်။ ကုန်စျေးနှုန်းတွေ ကြီးတဲ့ကြားက ဓာတ်ဆီ ဝယ်ရတာတွေလည်း မလွယ်ဘူး။ နေ့စဉ် စစ်ကြောင်းထိုးတာ ဆိုတော့ အထုပ်အပိုးတွေ ကလည်း နေ့စဉ်နဲ့အမျှ ပြင်ဆင်ထားရတယ်။ သူတို့ (စစ်အုပ်စု)က ရွာထဲကို ဝင်လာပြီဆိုရင် ကိုယ်မနိုင်တဲ့ ပစ္စည်းလေးတွေ ထားခဲ့ရင်တောင်မှ သူတို့က သူတို့ လိုချင်တဲ့ပစ္စည်း အကုန်ယူသွားတယ်။ မယူချင်တဲ့ ပစ္စည်းကျတော့ အကုန်လုံး ရိုက်နှက် ဖျက်ဆီးခဲ့တာတွေ ရှိတာပေါ့။ ပြီးတော့ အရင် တုန်းကထက် စားဝတ်နေရေး အကုန်လုံး ပိုပြီးတော့ ခက်ခဲ ကြပ်တည်း လာတာပေါ့ရှင်” လို့ ဒေသခံ စစ်ရှောင် အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

ယင်းမာပင်မြို့တွင်းနေ စစ်အုပ်စုဟာ ယခင်လတွေက ရိက္ခာပြတ်ပြီး ငတ်လာချိန်မှ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ အစာရှာထွက်လေ့ရှိပေမယ့် လွန်ခဲ့တဲ့ နှစ်လကျော် သုံးလဆန့်က စတင်ကာ ခပ်စိပ်စိပ် စစ်ကြောင်း ထိုးလာပြီး ယခုရက်ပိုင်း နေ့စဉ် နှစ်ဖွဲ့၊သုံးဖွဲ့ခွဲကာ ဓားပြတိုက်ထွက်တာလို့ ဆိုပါတယ်။

“စစ်ကြောင်းက နေ့တိုင်းထွက်တာ၊ လည်ငေါက်ရွာဆို အထိုင်ပါ ချထားတယ်။ အများဆုံး စစ်ကြောင်း ရောက်တာက လည်ငေါက်၊ နှောရိုး၊ ရွာသာယာရွာ တွေပဲ” လို့ ဒေသခံ ရပ်ကျေး ပကဖ အဖွဲ့ဝင် တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ယင်းမာပင်မြို့ပတ်လည် ကျေးရွာတွေကို နေ့စဉ် စီးနင်းဝင်ရောက် ဓားပြတိုက်ပြီး အစာရိက္ခာ လုယက်လို့ရသမျှ အမြတ်လို့ သဘောထားကာ ပစ္စည်းမရလည်း နယ်မြေစိုးမိုးရေး ကင်းလှည့်တဲ့ပုံစံနဲ့ ဝင်လိုက်ထွက်လိုက်၊ လုယက်လိုက်၊ အစာရိက္ခာစုလိုက် လုပ်နေတာလို့ ဆိုပါတယ်။

“တခါတလေ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ ပစ်ခတ်ပြီး ထွက်လာတယ်၊ ချက်ချင်း ပြန်ဝင်ချင်တဲ့အခါလည်း ဝင်သွားတာတွေ ရှိတယ်။ သူတို့ ထင်သလိုကို လုပ်နေတာပါ။ ပြည်သူတွေကတော့ အမြဲတန်း ပြေးနိုင်ဖို့ ပြင်ထားရတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ယင်းမာပင်နယ်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားချိန် စစ်အုပ်စု အနေနဲ့ မြို့ပေါ်မှာသာ ခိုအောင်းနေခဲ့ပြီး ရွေးကောက်ပွဲပင် မလုပ်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ပေါ်တာဆွဲ စစ်သားသစ်တွေနဲ့ အင်အားဖြည့်ကာ နေ့စဉ် စစ်ကြောင်းထိုး ဓားပြတိုက်၊ အစာရိက္ခာ စုဆောင်း၊ နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ယင်းမာပင်နယ်က ပြည်သူတွေ/Photo – ဒေသခံ (ပေးပို့)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ယင်းမာပင် ​ #​စစ်ကြောင်းထိုးဓားပြတိုက်

Related Articles

Back to top button