စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဗန်းမောက် တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ကဒူးစစ်ရှောင် ၄၀၀၀ ကျော် အကူအညီ လိုနေ၊

တိုက်ပွဲမရှိပေမဲ့ စစ်အုပ်စုနဲ့ ရှမ်းနီ-SNA ရန်ကြောင့် နေရပ်မပြန်ရဲကြ၊

လှိုင်း / MFP၊ နိုဝင်ဘာ – ၄

ကချင်ပြည်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာပြီး စစ်ဘေး တိမ်းရှောင်နေကြရတဲ့ ကဒူးတိုင်းရင်းသား စစ်ရှောင်တွေ စားနပ်ရိက္ခာ၊ ဆေးဝါး စတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေးကူညီနေသူတွေက MFP ကို ပြောပါတယ်။

ဗန်းမောက်မြို့ကို ၂၀၂၅ စက်တင်ဘာမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုနဲ့ ရှမ်းနီ SNA ပူးပေါင်းအဖွဲ့က တန်ပြန်ထိုးစစ်ကာ ၂၀၂၆ ဖေဖော်ဝါရီမှာ ပြန်လည်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗန်းမောက်မြို့ ပြန်ရရေးအတွက် စစ်အုပ်စုနဲ့ ရှမ်းနီ-SNA က ပြန်လည် ထိုးစစ်ဆင်တဲ့ ၂၀၂၅ စက်တင်ဘာလက စလို့ ဗန်းမောက်မြို့ပတ်လည်ရှိ နားယကာ၊ စက်တော၊ အလယ်ရွာ၊ ကံရွာ၊ တောင်ကုန်း၊ အရှေ့ကုန်း၊ သခွတ္တာ၊ ခိုနန်း၊ ပမုံ၊ သာယာကုန်း၊ ခမိုး၊ ခိုပျဉ်၊ ညောင်သာယာ၊ ရွှေကျောင်း စတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီရွာတွေကနေ တောတောင်အတွင်း စစ်ဘေးတိမ်းရှောင်နေရသူ ဦးရေ ၄၀၀၀ ဝန်းကျင် ရှိနေပြီး သာယာကုန်းကျေးရွာကတော့ ၂၀၂၃ ကတည်းက စစ်ဘေးရှောင်နေရတာ ဖြစ်တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“သာယာကုန်းရွာက ၂၀၂၃ ခုနှစ် ကတည်းက ပြေးလာရတယ်၊ သူတို့ရွာက SNA လမ်းကြောင်းထဲ ဖြစ်နေလို့။ အိမ်ကိုတော့ ပြန်လို့လည်း ရတယ်၊ တချို့လည်း ပြန်နေကြတယ်။ ပြန်နေပြီး ပြန်ထွက်လာကြတာ ရှိတယ်၊ စစ်တပ်နဲ့ SNA ထိန်းချုပ်မှု အောက်က ရွာမှာ ကန့်သတ်မှုတွေ များတယ်။ ရွာသားတွေ မစုံတော့လို့ ခြောက်ကပ်သွားတယ်၊ မနေချင်ကြလို့ ပြန်ထွက်လာကြတယ်” လို့ ဗန်းမောက်နယ်ခံ စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက MFP ကို ပြောပါတယ်။

လတ်တလော ဗန်းမောက်နယ်မှာ တိုက်ပွဲကြီး ဖြစ်ပွားတာမျိုး မရှိပေမယ့် နေရပ်ပြန်တဲ့ စစ်ဘေးရှောင်တွေကို စစ်အုပ်စုနဲ့ ရှမ်းနီ- SNA အဖွဲ့က ရန်ပြုတာ၊ ကန့်သတ်ထိန်းချုပ်တာ၊ ပေါ်တာဆွဲ လူသစ်စုတာတွေကြောင့် ဒေသခံအများစု နေရပ်မပြန်ကြတော့ဘဲ ဆက်လက် စစ်ဘေးရှောင်နေထိုင် ကြရတယ်လို့ ဆိုပါတယ်။

ဗန်းမောက်နယ် စစ်ဘေးရှောင် ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ အခြေခံလိုအပ်တဲ့ ပစ္စည်းတွေကို ကူညီ ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေ အရင်က ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကူညီထောက်ပံ့တာမျိုးတွေ မရှိတော့ဘူးလို့ စစ်ရှောင်တွေနဲ့ ဒေသတွင်း ကူညီနေသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေ အနေနဲ့ စားဝတ်နေရေးအတွက် ဒေသတွင်းလုပ်ငန်းတွေ ဖြစ်တဲ့ စပါးရိတ်၊ ရွှေကျင်၊ ရွှေတူး၊ ဈေးရောင်း၊ လူအငှားလိုက် စတဲ့ ကြုံရာအလုပ်တွေ လုပ်ကိုင်နေကြရတယ်လို့ ဆိုပါတယ်။

“မြို့ပေါ်က လူတွေက ဈေးရောင်းတာပဲ တတ်တော့ တချို့က ဘာမှ မလုပ်စားတတ်ကြဘူး ဖြစ်နေတယ်။ ဈေးဆိုင်ဖွင့်၊ ဈေးရောင်း၊ ဆီရောင်းနေကြတယ်။ သူများ ကူညီမှုတွေလည်း သိပ်မရှိတော့လို့ တစ်နေ့တာ စားဝတ်နေရေး ဘယ်လို ဖြေရှင်း ဖြတ်သန်းရမလဲ ပူပန်နေကြတယ်” လို့ စစ်ရှောင် ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့နဲ့ မြို့ အနောက်ဘက်ခြမ်းကို စစ်အုပ်စုနဲ့ ရှမ်းနီ SNA ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားပြီး ဗန်းမောက်မြို့ တောင်ပိုင်းမှာတော့ စစ်ရေးပြင်ဆင်တာမျိုး ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဗန်းမောက်မြို့တောင်ပိုင်းကို စစ်ကြောင်းထိုးမယ့်သတင်း ထွက်နေတာကြောင့် မြို့အနီးဝန်းကျင်ရှိ ကဒူးကျေးရွာတွေ ဖြစ်တဲ့ လက်နက်ကြီး၊ ပေကုန်း၊ နားယော၊ နန့်လင်း စတဲ့ ကျေးရွာတွေက ပြည်သူတွေလည်း မကြာသေးခင်ကပဲ စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုနဲ့ ရှမ်းနီ SNA ပူးပေါင်းအဖွဲ့ဟာ ဗန်းမောက်နယ် အပြင် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ခန္တီး၊ ဟုမ္မလင်းနဲ့ ဖောင်းပြင်နယ်ရှိ စစ်ရှုံးနယ်မြေတွေကိုလည်း တန်ပြန် ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗန်းမောက်မြို့အရှေ့ဘက် မိုင် ၃၀ ဝန်းကျင်ကွာဝေးတဲ့ အင်းတော် အပါအဝင် ကသာနဲ့ ဝန်းသိုနယ် မှာလည်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်အုပ်စု အထိနာတာကြောင့် နေ့စဉ် ဗုံးကြဲ ရွာမီးရှို့နေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ဗန်းမောက်နယ်က စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ကဒူးတိုင်းရင်းသားတွေ/Photo – ကဒူးဒေါ့ကွန်း

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#MandalayFreePress

#အညာ #ဗန်းမောက် #စစ်ကိုင်း #ကဒူး

Related Articles

Back to top button