ကောလင်း NUG ဆေးရုံ ဗုံးကြဲခံရပြီး ဆရာဝန်ကြီးနဲ့ သူနာပြုတွေ အပါအဝင် ငါးဦးခန့် သေဆုံး၊

လူနာတွေ အပါအဝင် ဒဏ်ရာရသူ များပြား၊
ဆေးရုံကို ဗုံးကြဲပြီးနောက် စစ်အုပ်စု အောင်ပွဲခံ၊
ဝင်းသိန်း၊ လှိုင်း/MFP၊ နိုဝင်ဘာ – ၅
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ဒေသခံပြည်သူတွေ အားကိုးအားထားပြုနေရတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားတဲ့ ဆေးရုံတစ်ခုကို နိုဝင်ဘာ ၄ ရက် မနေ့က ညဦးပိုင်း ၇ နာရီဝန်းကျင်အချိန် အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ ဆရာဝန်ကြီးနဲ့ သူနာပြုတွေ အပါအဝင် ငါးဦးခန့် သေဆုံးပြီး ဆေးဝါးကုသနေတဲ့ လူနာတွေလည်း အများအပြား ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“မနေ့ညက ၇ နာရီလောက်မှာ ဗုံးကြဲသွားတာပါ။ ဆေးရုံပေါ်ကို တိုက်ရိုက် ကျရောက်ပေါက်ကွဲခဲ့တာ။ ဆရာဝန်ကြီး တစ်ဦးနဲ့ သူနာပြုတွေရော၊ လူနာတွေရော စုစုပေါင်း သိရသလောက်ကတော့ ငါးဦးလောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်။ ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ လူနာတွေလည်း ထိခိုက်ဒဏ်ရာ အများအပြား ရသွားပါတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
ဆရာဝန်ကြီးတစ်ဦးနဲ့ အကူသူနာပြု လေးဦး ဗုံးထိမှန် သေဆုံးကာ ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ ကနဦး ကြားသိရကြောင်း ဒေသခံတွေက ပြောပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အဲ့ဒီ ဆေးရုံကို ဗုံးကြဲသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စုဘက်က လူမှုကွန်ယက်တွေမှာ အကြီးအကျယ် အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
ဆေးရုံဟာ ကောလင်းနယ်၊ ပေပင်ချောင်နဲ့ လျှော်ဖြူကုန်းရွာကြား၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းအနီးမှာ တည်ရှိပြီး လူနာဆောင်ငယ် သုံးခု၊ နားနေဆောင်တွေနဲ့ ဗုံးခိုကျင်းတွေ ရှိတဲ့ ဆေးရုံဖြစ်ပြီး အဲ့ဒီ ဆေးရုံကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာမှာ ပစ်မှတ်ကို တည့်တည့်ထိမှန်လို့ ရှစ်ဦး ပွဲချင်းပြီးသေကာ ၁၂ ဦး ကိုယ်လက်အင်္ဂါကျိုးပဲ့၊ နောက်ထပ် ၁၀ ဦး ဒဏ်ရာရတယ်လို့ စစ်လော်ဘီတွေက လူမှုကွန်ယက်မှာ အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
“NUG ဆေးရုံကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ ရှင်းလင်း ပစ်ခတ်ရာ ရှစ်ဦး ပွဲချင်းပြီး၊ ၁၂ ဦး ဒန်းစီး၊ ၁ဝ ဦး ဒဏ်ရာရကာ ပဒတ်သိုက် ဆောက်တည်ရာမရဖြစ်နေ” လို့ စစ်လော်ဘီတွေက လူမှုကွန်ယက်မှာ အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
စစ်အုပ်စုက ဆေးရုံကို ဗုံးကြဲပြီးနောက် PDF တွေ ရှိလို့ ဗုံးကြဲတယ်ဆိုပြီး ဝါဒဖြန့် ရေးသားတာဟာ စစ်အုပ်စု လုပ်နေကျအတိုင်းသာ ဖြစ်ပြီး ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ အပါအဝင် ပြည်သူကို ဗုံးကြဲသတ်ဖြတ်ပြီးတိုင်း PDF မို့ ဗုံးကြဲတာလို့ အောင်ပွဲခံလေ့ ရှိတယ်လို့ ကောလင်းနယ်ခံ တစ်ဦးက ပြောပါတယ်။
“ဒါကတော့ သူတို့ရဲ့ အမြဲသုံးနေကျ လိမ်ညာဝါဒဖြန့်မှုပါပဲ။ အဲဒီနေရာက စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံတွေ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေတဲ့ သာမန် ဆေးရုံ သက်သက်ပါပဲ။ စစ်စခန်းတို့ ဘာတို့ ဆိုတာ လုံးဝ မဟုတ်ပါဘူး။ အရပ်သားဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ပြီးနောက် အပြစ်လွတ်အောင် စစ်ရေးပစ်မှတ်လိုလို လုပ်ပြီး ဝါဒဖြန့်နေတာပါ”
ကောလင်းနယ်ဟာ တော်လှန်ရေးတပ်တွေ လှုပ်ရှားမှု အားကောင်းတဲ့ ဒေသဖြစ်ပြီး စစ်အုပ်စု အနေနဲ့ ကောလင်းမြို့ပေါ် ခိုအောင်းနေပေမယ့် မြို့နယ်ဒေသ အများစုကို တော်လှန်ရေးတပ်တွေက စိုးမိုး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ထီးချိုင့်ဘက်ကနေတဆင့် ကောလင်းနယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်ဖို့ ကြိုးစားနေပြီး နေ့စဉ် ကောလင်းနယ်ထဲ ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ကောလင်းနယ်ထဲ နယ်မြေစိုးမိုးနိုင်ရေး၊ လမ်းပိုင်းတွေ ထိန်းချုပ်ကာ ဂိတ်ဖွင့် ငွေညှစ်နိုင်ရေး ကြိုးစားနေပြီး မြို့၊ရွာတွေကို ဗုံးကြဲတာ၊ လက်နက်ကြီး ရမ်းကားပစ်ခတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ကောလင်း အပါအဝင် နိုင်ငံတဝန်းရှိ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဗုံးကြဲနေပြီး ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလက စစ်ကိုင်းတိုင်း ဘုတလင်နဲ့ မုံရွာမြို့နယ်အတွင်းရှိ ဆေးရုံတွေကို စစ်အုပ်စုက ဗုံးကြဲခဲ့သလို စက်တင်ဘာလ အတွင်းကလည်း မန္တလေးတိုင်း မလှိုင်၊ တောင်သာနဲ့ ကျောက်ပန်းတောင်း နယ်အစပ်ရှိ ဆေးရုံကို ဖောက်ခွဲဖျက်ဆီးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

NUG ဆေးရုံတစ်ခုမှာ ဆေးဝါးကုသပေးနေတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်နဲ့ သူနာပြုတွေ (ပုံဟောင်း)/ Photo – H W
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #ကောလင်း #ဆေးရုံစာသင်ကျောင်း #NUGဆေးရုံ



