
PDF သတင်းပေး စွပ်စွဲကာ စစ်အုပ်စုက ယာဉ်လိုင်းပိတ်သိမ်း၊
စစ်အုပ်စုက ကားတွေ ချောဆွဲ၊ ဆက်ကြေးကောက်တဲ့ အပြင် ယာဉ်မောင်းတွေကိုပါ ကားပေါ်ကဆွဲချ ပေါ်တာဆွဲလို့ အညာက ခရီးသွားယာဉ်လိုင်း အများစု မပြေးဆွဲရဲ၊
လှိုင်း / MFP၊ နိုဝင်ဘာ – ၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးကွင်းရှိ ဘုရင် အဝေးပြေး မော်တော်ယာဥ်လိုင်းကို PDF သတင်းပေး အဖြစ် စစ်အုပ်စုက စွပ်စွဲကာ ယာဉ်လိုင်းကို ပိတ်သိမ်းပြီးနောက် ဂိတ်မှူးနဲ့ စာရေးမ နှစ်ဦး၊ စုစုပေါင်း သုံးဦးကိုလည်း လနဲ့ချီကြာ ညှဉ်းပန်းနှိပ်စက် စစ်ကြောရေးပို့ကာ နှစ် ၅၀ ကျော်နဲ့ နှစ် ၃၀ ကျော် ထောင်ဒဏ်တွေ ချလိုက်တယ်လို့ သတင်း ရရှိပါတယ်။
ဘုရင် ယာဥ်ပေါ်မှာ စီးနင်းလိုက်ပါတဲ့ စစ်အုပ်စုနဲ့ ပက်သက်ဆက်နွယ်သူတွေကို PDF တွေဆီ သတင်း ပေးတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်မှာ ရွှေဘိုကားကြီးကွင်းထဲရှိ ဘုရင်ယာဥ်လိုင်းရဲ့ အရောင်းလက်မှတ် ဌာနကို စစ်အုပ်စုက စီးနင်းပြီးနောက် ဂိတ်မှူး၊ အရောင်းစာရေးမ နှစ်ဦး၊ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေ အပါအဝင် လူ ၁၀ ဦးကျော်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ့နောက် ရွှေဘိုမြို့က ဘုရင်ခရီးသည်တင် ယာဥ်လိုင်းကို စစ်အုပ်စုက ပိတ်သိမ်းခဲ့ပြီးနောက် ဂိတ်မှူးနဲ့ စာရေးမ နှစ်ဦးကို စစ်ကြောရေး ပို့ကာ အောက်တိုဘာ ၃၀ ရက်မှာတော့ ဂိတ်မှူး ကိုဇေယျာဝင်းကို ၅၄ နှစ်၊ စာရေးမတွေဖြစ်တဲ့ မအေးမြင့်ဆွေ (ခ) ဆွေဆွေနဲ့ မသိမ့်သိမ့်သူတို့ကို ၃၄ နှစ်စီ အသီးသီး နှစ်ရှည် ထောင်ဒဏ်တွေ ချလိုက်တာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
“ယာဥ်လိုင်းတွေကို ကြောက်စိတ်ဝင်အောင် လုပ်တာပါ။ အကြမ်းဖက်ပုဒ်မ ၅၀ ညနဲ့ အမိန့်ချတာလို့ ကြားတယ်။ စစ်တပ် လုပ်တတ်တာ ငွေညှစ်မယ်၊ ဖမ်းမယ်။ အခုဆို ကားခတွေက စျေးမြင့်တက်၊ တန်ဆာခ ကောက်ရတာ များတာ၊ ခရီးသည်တွေ လျော့သွားတာတွေ ရှိတယ်” လို့ ယာဥ်လိုင်းနဲ့ နီးစပ်တဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

ဘုရင် အဝေးပြေးမော်တော်ယာဥ်လိုင်းဟာ ရွှေဘို – မန္တလေး – ရန်ကုန်ကို အဓိကထားကာ နိုင်ငံတဝန်းရှိ မြို့ကြီးတွေကို ချိတ်ဆက် ပြေးဆွဲနေတဲ့ ယာဥ်လိုင်းတစ်ခု ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရွှေဘို – မုံရွာ – မန္တလေး ကားလမ်းကို တော်လှန်ရေးတပ်တွေက စိုးမိုး ထိန်းချုပ်ထားချိန် စစ်အုပ်စုက အရပ်သား ခရီးသွား အသွင်ယူကာ ယာဉ်လိုင်းတွေကို ချောဆွဲပြီး သွားလာတာတွေ လုပ်ခဲ့သလို ကားလမ်းပေါ် စစ်အုပ်စု တိုက်ခိုက်ခံရချိန် ခရီးသွားကားနဲ့ ခရီးသည်တွေကို ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချတာ၊ ခရီးသွားတွေကို ကားပေါ်က ဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းတာတွေ ရှိခဲ့တယ်လို့ ရွှေဘို – မုံရွာ ကားလမ်းမှာ သွားလာနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ မတ်လဆန်းက မုံရွာ – မန္တလေး ကားလမ်း၊ ချောင်းဦးနယ်မှာ စစ်ကားနှစ်စီးကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ ဒု-ဗိုလ်အဆင့် အပါအဝင် စစ်အုပ်စု ၁၇ ယောက် သေပြီးနောက် စစ်ကူလာတဲ့ စစ်အုပ်စုက Express ခရီးသွားကားတစ်စီးကို တားဆီးကာ ခရီးသည်တွေကို ကားပေါ်က မဆင်းခိုင်းဘဲ လူသားဒိုင်းကာအဖြစ် အသုံးချပြီး တိုက်ပွဲဖြစ်တဲ့ နေရာတွေဆီ မောင်းခိုင်းကာ နောက်ကနေ သေနတ်နဲ့ ပစ်သတ်လို့ အသက် နှစ်နှစ်ကျော်အရွယ် ကလေးငယ်နဲ့ သားအမိနှစ်ဦး အပါအဝင် ကားပေါ်ပါ ခရီးသွားပြည်သူ ပြည်သူ အမျိုးသမီး သုံးဦး သေဆုံးခဲ့ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ရွှေဘိုမြို့ ကားကြီးဝင်းအတွင်းရှိ ကားဂိတ်တွေကနေ ခရီးသည်စာရင်း တောင်းယူပြီး ငွေညှစ်တာ၊ ပေါ်တာဆွဲတာ၊ ဖမ်းဆီးတာတွေ လုပ်နေသလို ရွှေဘိုမြို့ အဝင်အထွက်တွေမှာ စစ်ဆေးတာ၊ ရွှေဘို – မန္တလေး ကားလမ်းတလျှောက် ခရီးသည်၊ ယာဉ်နောက်လိုက်နဲ့ ယာဉ်မောင်းတွေကိုပါ ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ တာတွေကြောင့် ရွှေဘိုနဲ့ မုံရွာက ခရီးသွားယာဉ်လိုင်း အများစု မပြေးဆွဲရဲတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ ရွှေဘို – မန္တလေး ယာဉ်စီးခတွေလည်း မတန်တဆ မြင့်တက်နေပြီး စစ်အာဏာ မသိမ်းခင်က ရွှေဘို – မန္တလေး ခရီးစဉ်အတွက် ယာဉ်စီးခ ကျပ် ၃၀၀၀ နဲ့ မောင်းနှင်ချိန် သုံးနာရီလောက်သာ ကြာမြင့်ပေမယ့် လက်ရှိမှာ ယာဉ်စီးခ ကျပ် ၈၀,၀၀၀နဲ့ ကွင်းလမ်းပတ်လမ်းတွေက မောင်းနှင်ရတာကြောင့် တခါတရံ ညအိပ်သွားလာနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ရွှေဘိုကားကြီးကွင်း #ဘုရင်ခရီးသည်တင်ယာဉ်လိုင်း



