
စစ်အုပ်စုက ယင်းမာပင်မြို့ပတ်လည် ရွာတွေ နေ့စဥ် စီးနင်းလုယက် ဓားပြတိုက်တာ နှစ်လကျော် ရှိလာ၊
သုထက်/MFP၊ နိုဝင်ဘာ – ၁၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ထဲ ခိုအောင်းနေတဲ့ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ မြို့ပတ်ဝန်းကျင် ကျေးရွာတွေကို နေ့စဥ် စီးနင်းပြီး လူကို ရန်ပြုတာ၊ တန်ဘိုးရှိပစ္စည်း ဖောက်ထွင်း လုယက် ဓားပြတိုက်တာ နှစ်လခွဲကျော်ကြာ ရှိလာပြီး ပြည်သူတွေ ရှောင်တိမ်းထွက်ပြေးနေကြရကာ ဒုက္ခရောက်နေကြတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ယခုရက်ပိုင်း ယင်းမာပင်နယ်ထဲ မုန်တိုင်းမိုးရွာနေတဲ့ကြားက စစ်အုပ်စုက နေ့စဉ်မပျက် စီးနင်းလုယက် ဓားပြတိုက်တာကြောင့် အသက်ဘေးက ကင်းလွတ်ရေး ဒေသခံပြည်သူတွေ မိုးထဲရေထဲ ပြေးလွှား ရှောင်တိမ်း နေကြရတယ်လို့ ဆိုပါတယ်။
“ဒုက္ခ အတော်ရောက်ပါတယ်၊ မြို့ထဲက စထွက်တယ်ဆိုတဲ့ သတင်းကြားကတည်းက ကိုယ့်ရွာဘက် လာမလား၊ ဘယ်ဦးတည်မလဲ သတင်းနားထောင်နေရတယ်၊ စားဝတ်နေရေးအတွက် အလုပ်တောင် ဖြောင့်ဖြောင့် မလုပ်နိုင်ဘဲ အထုတ်အပိုးပြင်ပြီး ပြေးဖို့ ပြင်ဆင်ထားရတယ်”လို့ ဒေသခံ အမျိုးသမီး တစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ယင်းမာပင်မြို့ပတ်လည် ကျေးရွာတွေကို နေ့ည အချိန်မရွေး စီးနင်းလုယက်၊ ရန်ပြုနေတာကြောင့် သက်ကြီးရွယ်အိုနဲ့ နာမကျန်းသူတွေကတော့ ရွာထဲ မနေရဲတော့ဘဲ အန္တရာယ် ကင်းလွတ်မယ် ထင်တဲ့ နေရာတွေမှာ ရှောင်တိမ်းနေထိုင်ကြရကာ ပြည်သူ အများစုကတော့ စစ်အုပ်စု လာရင် ပြေးလိုက်၊ မလာရင် ရွာထဲပြန်နေလိုက်နဲ့ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ကျေးရွာတွေကို ပစ်ခတ်စီးနင်းတာတွေ လုပ်သလို နေအိမ်တွေ ဖောက်ထွင်းကာ ဆန်၊ဆီ၊ပဲ စတဲ့ စားနပ်ရိက္ခာတွေသာမက ကား၊ ဆိုင်ကယ်၊ စားပွဲ၊ ကုလားထိုင်၊ ရေခဲသေတ္တာပါမကျန် တန်ဘိုးရှိ ပစ္စည်းမှန်သမျှ ခိုးယူကာ ယင်းမာပင်မြို့ပေါ် သယ်ယူနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီက ပြည်သူပိုင်ပစ္စည်းတွေပါ ယူကြတော့ စစ်ပြေးတဲ့အခါ နိုင်သလောက် ဆန်၊ ဆီ၊ စားနပ်ရိက္ခာ သယ်ရတာ မလွယ်ကူဘူး၊ ကိုယ့်ရှိတာလေး သယ်သွားမှာ စိုးရိမ်စိတ်ကြောင့်သာ သယ်ရတာ ဒုက္ခ အတော်ရောက်တယ်”လို့ အထက်ပါ စစ်ရှောင်အမျိုးသမီးက ထပ်မံ ပြောဆိုပါတယ်။
စစ်အုပ်စုဟာ ယင်းမာပင်မြို့ထဲကနေ အဖွဲ့တွေ နှစ်ဖွဲ့၊ သုံးဖွဲ့ကာ မြို့ပတ်လည် ကျေးရွာတွေကို ဝင်မွှေပြီး တစ်ဖွဲ့ကို တစ်ရွာ၊နှစ်ရွာ နေ့စဉ် ဓားပြတိုက်တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၆ ရက်ကတော့ ယင်းမာပင်မြို့ထဲကနေ ဓားပြတိုက်ထွက်တဲ့ စစ်အုပ်စု တစ်ဖွဲ့ဟာ တစ်ရွာထဲကို စီးနင်းလုယက်တာ မဟုတ်တော့ဘဲ ရုံးလေးပင်၊ ပြောင်းပြာ၊ လက်လှုပ် ကျေးရွာ သုံးရွာအထိ စီးနင်း လုယက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့တွင်းနေ စစ်အုပ်စုဟာ ယခင်လတွေက ရိက္ခာပြတ်ပြီး ငတ်လာချိန်မှ ကျေးရွာတွေကို စီးနင်းကာ အစာရှာထွက်လေ့ရှိပေမယ့် လက်ရှိမှာတော့ နေ့စဉ် ဓားပြတိုက်ထွက်ကာ ယင်းမာပင်မြို့ထဲ အစာရိက္ခာ စုဆောင်းနေတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ယင်းမာပင်မြို့ပတ်လည် ကျေးရွာတွေကို စီးနင်းကာ လုယက်လို့ရသမျှ အမြတ်လို့ သဘောထားပြီး ဓားပြတိုက်နေတာဖြစ်သလို ပစ္စည်းမရလည်း နယ်မြေစိုးမိုးရေး ကင်းလှည့်တဲ့ပုံစံနဲ့ ဝင်လိုက်ထွက်လိုက်၊ လုယက်လိုက်၊ အစာရိက္ခာစုလိုက် လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“တခါတလေ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ ပစ်ခတ်ပြီး ထွက်လာတယ်၊ ချက်ချင်း ပြန်ဝင်ချင်တဲ့အခါလည်း ဝင်သွားတာတွေ ရှိတယ်။ သူတို့ ထင်သလိုကို လုပ်နေတာပါ။ ပြည်သူတွေကတော့ အမြဲတန်း ပြေးနိုင်ဖို့ ပြင်ထားရတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်မြို့ဝန်းကျင်ရှိ နှောရိုး၊ ကောင်းဆင့်၊ ရွာသာယာ၊ မြေကြက်ဆူ၊ မြို့ကြီး၊ ရွာထောင်၊ နုံးကြီး၊ မြို့ပေါ်၊ လက်လှုပ်၊ ပြောင်းပြာ၊ စားတော်ပြင်၊ ရုံးလေးပင်၊ ယင်းမာပင်စု၊ တမာပင်ခွ၊ မင်းကံကြီး၊ မင်းကံတိုက်၊ မြို့သစ်၊ ငါးမောင်း၊ လည်ငေါက်၊ လက်တောင်းငယ်၊ တက္ကပြု စတဲ့ ကျေးရွာနေ ပြည်သူတွေ ထွက်ပြေးနေကြရပြီး တခြားကျေးရွာတွေလည်း စစ်ဘေးရှောင် ထွက်ပြေးဖို့ အထုပ်အပိုး အရန်သင့်ပြင်ဆင်ထားကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ယင်းမာပင်နယ်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားချိန် စစ်အုပ်စု အနေနဲ့ မြို့ပေါ်မှာသာ ခိုအောင်းနေခဲ့ပြီး ရွေးကောက်ပွဲပင် မလုပ်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ပေါ်တာဆွဲ စစ်သားသစ်တွေနဲ့ အင်အားဖြည့်ကာ နေ့စဉ် စစ်ကြောင်းထိုး ဓားပြတိုက်၊ အစာရိက္ခာ စုဆောင်း၊ နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
လာမယ့် ဧပြီမှာ ယင်းမာပင်နယ်ထဲ ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်အုပ်စုက ကြေညာထားပါတယ်။

စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ယင်းမာပင်နယ်က ပြည်သူတွေ/Photo – ဒေသခံ (ပေးပို့)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ယင်းမာပင် #စစ်ကြောင်းထိုးဓားပြတိုက်



