စစ်ကိုင်းမကွေးမန္တလေးသတင်းအညာမြေ တော်လှန်ရေး

တော်လှန်ရေး အင်အားစုတွေကြား မြေပြင်ပွတ်တိုက်မှု ညှိနှိုင်းဖြေရှင်းရေးယန္တရား စတင် အသက်ဝင်၊

ဘက်လိုက်မှုကင်း၊ လွတ်လပ်စွာ ကိုင်တွယ် ညှိနှိုင်းမှာမို့ ပြည်သူတွေ တိုင်ကြားနိုင်တယ်လို့ ပြော၊

ဝင်းသိန်း/MFP၊ နိုဝင်ဘာ – ၁၆

တော်လှန်ရေးအင်အားစုတွေကြား မြေပြင်ပွတ်တိုက်မှုတွေကို လက်နက်အင်အား အသုံးမပြုဘဲ ဥပဒေစိုးမိုးရေး မူဘောင်အတွင်းကနေ တရားမျှတစွာ ညှိနှိုင်းဖြေရှင်းနိုင်ဖို့အတွက် “မြေပြင် ပွတ်တိုက်မှုများ ညှိနှိုင်းဖြေရှင်းရေးယန္တရား” ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် တော်လှန်ရေး အဖွဲ့အစည်း ခြောက်ခုက ကိုယ်စား လှယ် ၂၀ ဦးနဲ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။

နိုဝင်ဘာ ၁၂ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အရပ်သားပြည်သူ လူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အဓိက ရည်ရွယ်တယ်လို့ နိုဝင်ဘာ ၁၄ ရက်မှာ အများပြည်သူထံ အသိပေးထုတ်ပြန်ထားပါတယ်။

“ပွတ်တိုက်မှုတွေ ဖြစ်လာခဲ့ရင် ဒီယန္တရားအနေနဲ့က အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ဖို့ လုပ်ထုံးလုပ်နည်း တွေ ရေးထားတာ ရှိပါတယ်။ တာဝန်ခံမှုတွေ၊ ဆုံးဖြတ်ချက်တွေကို လိုက်နာမှုတွေ ဒါတွေလည်း ပါပါတယ်။ ဥပဒေကြောင်းအရ လိုအပ်လို့ရှိရင် အရေးယူမှု၊ လွှဲပြောင်းတာတွေ စသဖြင့် ဒီလို လုပ်ပိုင်ခွင့်တွေလည်း ရှိလာမှာ ဖြစ်ပါတယ်” လို့ NUCC ကိုယ်စားပြု မြေပြင်ပွတ်တိုက်မှုများ ညှိနှိုင်းဖြေရှင်းရေး ယန္တရား အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က MFPကို ပြောပါတယ်။

ဒီယန္တရားကို အဓိက ရည်ရွယ်ချက် လေးရပ်နဲ့ ဖွဲ့စည်းဆောင်ရွက်ထားတာ ဖြစ်ပြီး မြေပြင် ပွတ်တိုက်မှုတွေ လျော့ပါးစေရေး ပေါင်းစပ်ညှိနှိုင်းဖို့၊ အရပ်ဘက်-စစ်ဘက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မူဘောင်တွေကို လေးစားလိုက်နာစေရေး တွန်းအားပေးဖို့၊ ဖြစ်ပေါ်လာတဲ့ ပွတ်တိုက်မှုတွေကို လက်နက်အားကိုးနဲ့ မဖြေရှင်းဘဲ ဥပဒေစိုးမိုးရေး မူဘောင်အတွင်းကနေ တရားမျှတစွာ ထိန်းကျောင်းဖြေရှင်းဖို့နဲ့ ပွတ်တိုက်မှုတွေကြောင့် ပြည်သူလူထု ထိခိုက်နစ်နာမှု မရှိစေရေးနဲ့ ကုစားပေးနိုင်ရေး အစီအမံတွေ အကြံပြုတိုက်တွန်းဖို့တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ယန္တရားမှာ ပါဝင်တဲ့ အဖွဲ့အစည်းအချင်း ချင်းကြားမှာပဲဖြစ်ဖြစ်၊ ယန္တရားထဲ မပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဖြစ်ပွားတဲ့ ပွတ်တိုက်မှုတွေမှာပဲ ဖြစ်ဖြစ် ဘက်လိုက်မှုကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် ကိုင်တွယ် ညှိနှိုင်းမှာ ဖြစ်သလို ပြည်သူ လူထုအနေနဲ့လည်း နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့ရင် ယန္တရားကို တိုက်ရိုက် ဖြစ်စေ၊ မိမိတို့ လက်လှမ်းမီရာ အဖွဲ့ဝင် အဖွဲ့အစည်းတွေကတစ်ဆင့် ဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ ဦးတိုးကျော်လှိုင်က ပြောပါတယ်။

“ဒီလိုဖြစ်စဉ်တွေမှာ ကျနော်တို့ ဘယ်လောက် လွတ်လွတ်လပ်လပ် ရှိမယ်၊ ဘယ်လောက် ဘက်လိုက်မှု ကင်းမယ်ဆိုတာ ကလည်းပဲ ဒီယန္တရားမှာပါတဲ့ အဖွဲ့အစည်းတွေရော ယန္တရားမှာ တာဝန်ယူထားတဲ့ အဖွဲ့ဝင် တစ်ဦးချင်း အနေနဲ့ကလည်းပဲ ရဲရဲတင်းတင်း မှတ်ကျောက်တင်ခံစားရမှာ ဖြစ်ပါတယ်”

လက်ရှိမှာ ယန္တရား စတင် အသက်ဝင်နေပြီ ဖြစ်ပေမဲ့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်ဖို့က တော့ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအပေါ် မူတည်နေတယ်လို့ သူက ထောက်ပြပါတယ်။

“ယန္တရားစပြီး အသက်ဝင်ပြီဆိုတာနဲ့တော့ ဥုံဖွ ဆိုပြီးတော့ မှန်းပြီးတော့ ပျောက်စေဆိုတာမျိုးတော့ ဖြစ်လာမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် ဒီလို ထိထိရောက်ရောက် ဖြစ်ဖို့လည်းပဲ မျှော်မှန်းတယ်။ မျှော်မှန်း သလိုမျိုး ဖြစ်လာဖို့ကတော့ တော်လှန်ရေးထဲမှာပါနေတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေအားလုံးရော အများ ပြည်သူကရော ဒီယန္တရားနဲ့အတူ ပူးပေါင်းပါဝင်ပြီးတော့ လက်တွေ့ဆောင်ရွက်ပေးရမှာ ဖြစ်တယ်”

ယန္တရားမှာ NUCC က ဦးတိုးကျော်လှိုင်၊ ခွန်မြင့်ထွန်း၊ ဒေါ်နှင်းနှင်းမွှေး၊ NUG က ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဦးမောင်မောင်ဆွေ၊ ဦးရဲထွဋ်၊ ရဲဘော်ဘမှိုင်းတို့ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG) က ဒေါက်တာအောင်နေဝင်း၊ ဦးမိုးကောင်း၊ ဦးမိုးမင်းဝင်း၊ ကြားကာလမကွေး ဖက်ဒရယ်ယူနစ်အစိုးရ (IMFUG) က ဦးချစ်ဝင်းမောင်၊ ဦးလက်ယာ၊ ဦးကျော်ကျော်ထွန်း၊ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ (MIGC) က ဦးမြင့်အောင်မိုး၊ ဦးအောင်မျိုးလတ်၊ ဒေါက်တာအောင်ကျော်ဦးနဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) က ကိုဆောင်းခနဲ့ ခွန်လားဘွယ်တို့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

လက်ရှိမြေပြင်မှာတော့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးဒေသတွေ အပါအဝင် တော်လှန်ရေး ထိန်းချုပ် နယ်မြေတွေမှာ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအကြား နယ်မြေစိုးမိုးမှု၊ အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုနဲ့ အခွန်အကောက် ကောက်ခံမှုဆိုင်ရာ ကိစ္စရပ်တွေအပေါ် အငြင်းပွားမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

တချို့နေရာတွေမှာ တော်လှန်ရေးအင်အားစု အချင်းချင်းကြား ပွတ်တိုက်မှုတွေကနေတစ်ဆင့် လက်နက်ကိုင် ပဋိပက္ခနဲ့ အပြန်အလှန် ဖမ်းဆီးထိန်းသိမ်းမှုတွေအထိ ကြီးထွားလာတာကြောင့် အရပ်သားပြည်သူတွေရဲ့ လုံခြုံရေး ထိခိုက်ရသလို တော်လှန်ရေးအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု လျော့ကျလာမှာကို စိုးရိမ်ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာ အခုလို ညှိနှိုင်းဖြေရှင်းရေးယန္တရား ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း NUG တပ်ရင်းတပ်ဖွဲ့တွေနဲ့ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က ကိုယ်စားပြုသူတွေကတော့ ဒီ ယန္တရားမှာ ပါဝင်တာ မတွေ့ရပါဘူး။

ဒါ့အပြင် လွန်ခဲ့တဲ့ လတွေအတွင်း အညာမှာ NUG တပ်ရင်းတွေနဲ့ SRA တပ်ပေါင်းစု အဖွဲ့ဝင်တွေကြား၊ NUG တပ်ရင်းနဲ့ LPDF ခေါ် ဒေသခံ တော်လှန်ရေးအဖွဲ့ဝင်တွေကြား အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပြီး NUG က အင်အားသုံး ဖမ်းဆီးတာ၊ အဖွဲ့ဖျက်သိမ်းဖို့ ဖိအားပေးတာတွေလည်း ရှိခဲ့ပါတယ်။

MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#မြေပြင်ပွတ်တိုက်မှုညှိနှိုင်းဖြေရှင်းရေးယန္တရား #NUCC #NUG #SRA

Related Articles

Back to top button