အင်းတော်၊ ကောလင်း ကတဆင့် ရွှေဘို-မြစ်ကြီးနား ကားလမ်းအတိုင်း စစ်အုပ်စု ဆက် စစ်ကြောင်းထိုးလို့ ဒေသခံတွေ နှစ်ထပ်ကွမ်း စစ်ရှောင်နေကြရ၊

စစ်အုပ်စုက လေကြောင်းဗုံးကြဲ လမ်းရှင်းကာ တရွေ့ရွေ့ရှေ့တိုးနေ၊
ထင်လင်း/MFP၊ နိုဝင်ဘာ – ၂၃
စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ကောလင်းမြို့နယ်ကတဆင့် ကန့်ဘလူမြို့နယ် အရှေ့ခြမ်း၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းတလျှောက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ဗျူဟာလမ်းအတိုင်း တောင်အရပ်ကို ဆက်လက် စစ်ကြောင်းထိုးနေတာကြောင့် ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းကနေ ခင်ဦးလမ်းဆုံအထိ ကားလမ်းတလျှောက် ကျေးရွာတွေနဲ့ ကာလရှည် စစ်ဘေးရှောင်တွေ နှစ်ထပ်ကွမ်း စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းမှာ အင်းတော်မြို့ထဲ စုဖွဲ့ပြီး မဲဇာရွာဘက် စစ်ကြောင်းထိုးခဲ့တဲ့ စစ်အုပ်စုဟာ အောက်တိုဘာ လကုန်ပိုင်းမှာ အင်းတော်ကတဆင့် ဝန်းသို့ကို ဝင်ရောက်ပြီးနောက် အဲ့ဒီကတဆင့် ကောလင်းနယ်ထဲ နှစ်ဖွဲ့ခွဲဝင်ရောက်ကာ ရွှေဘို-မြစ်ကြီးနား ကားလမ်းနဲ့ ရထားလမ်းအတိုင်း ကန့်ဘလူနယ်ဘက် ဆက်လက် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ကောလင်း – ကိုးတောင်ဘို့ – ကန့်ဘလူ ရထားလမ်းအတိုင်း စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ လမ်းတလျှောက် ကျေးရွာတွေကို ဖောက်ထွင်းလုယက်၊ ဒေသခံပြည်သူ ဆယ်နဲ့ချီ ဖမ်းဆီး သတ်ဖြတ်သလို ကျေးရွာ လေးရွာထက်မနည်း မီးရှို့ဖျက်ဆီးပြီးနောက် နိုဝင်ဘာ ၂၁ရက်မှာ ကန့်ဘလူမြို့ထဲ ဝင်ရောက်ခဲ့ပါတယ်။
ကောလင်းကတဆင့် ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်း၊ ကားလမ်းအတိုင်း စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကတော့ လမ်းတလျှောက် ကျေးရွာတွေကို စီးနင်းလုယက်၊ ဖောက်ထွင်းခိုးယူနေပြီး ခင်ဦးနဲ့ ရွှေဘိုဘက် ဦးတည်ကာ ဆက်လက်စစ်ကြောင်းထိုးနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ ကားလမ်းအတိုင်း စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ကန့်ဘလူနယ် လွှဲဆိပ်ရွာအထိ ရောက်လာပြီး ရွှေဘို – ခင်ဦး၊ စပါယ်နံ့သာလမ်းဆုံဘက် ဆက်လက် ဦးတည်ကာ လမ်းတလျှောက် ဖောက်ထွင်းခိုးယူ လုယက်လာတဲ့ ခိုးရာပါ ပစ္စည်းတွေကို ကားတွေ ချောဆွဲပြီး သယ်ယူခိုင်းနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ရွှေဘို – မြစ်ကြီးနား ကားလမ်းတလျှောက် ကန့်ဘလူ၊ ရွေဘိုနဲ့ ခင်ဦးနယ် ကျေးရွာတွေက ပြည်သူတွေ စစ်ရှောင်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
“ဗျူဟာလမ်းပေါ့၊ ရန်ကုန်-မြစ်ကြီးနားလမ်း၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ့။ အဲ့ဒီလမ်းကြောကဟာက ဇင်း၊ဘော (ရွာ)ကနေ စထွက်ပြီးတော့မှ သူတို့ လွှဲဆိပ်ဘက်ကို ထွက်ဖို့ အစောပိုင်းက Y-12 (လေယာဉ်) ပစ်သွားတယ်၊ ပတ်ပတ်လည် ရွာတွေနား လျှောက်ပြီးတော့ ပစ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ ၂၂ရက် မနက်ပိုင်း ကန့်ဘလူနယ် ဇင်းကျေးရွာနဲ့ လင်းနို့ဂူဘက် ရောက်နေတဲ့ စစ်အုပ်စုဟာ ဆက်လက် စစ်ကြောင်းထိုးဖို့ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ဘောကျေးရွာနဲ့ လမ်းမတလျှောက်ကို Y-12 လေယာဉ်နဲ့ ၁၂ကြိမ် ဗုံးပတ်ကြဲပြီး လမ်းရှင်းတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ဆိုပါတယ်။

စစ်အုပ်စုက လေကြောင်းကနေ ဗုံးပတ်ကြဲ၊ လမ်းကြောင်းရှင်းကာ တရွှေ့ရွှေ့ ရှေ့ဆက်တိုးနေပြီး စစ်အုပ်စု ရန်ကြောင့် ကန့်ဘလူနယ်ကနေ ရွှေဘို – ခင်ဦး လမ်းဆုံအထိ ကားလမ်းတလျှောက်နေ ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းတလျှောက်မှာ စစ်ကိုင်းတိုင်း နေရာအနှံ့က ကာလကြာရှည် စစ်ဘေးရှောင် ပြည်သူတွေ အပါအဝင် မန္တလေးတိုင်းဘက်ကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင် ခိုလှုံနေတဲ့ ပြည်သူတွေလည်း နေထိုင်ကြပြီး အဲ့ဒီ စစ်ဘေးရှောင် ပြည်သူတွေလည်း နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း စစ်ဘေးထပ်ရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လမ်းမကြီးဘေးကတော့ ခင်ဦးလမ်းဆုံ ဘေးဝဲယာနဲ့ ခင်ဦးလမ်းဆုံရဲ့ တောင်ဘက်ပေါ့နော၊ ကိုးပင်တို့ ရွှေဘိုတို့ ဘက်ကလည်း ထွက်လာနိုင်တာကိုး စစ်ကြောင်းက”
တချိန်တည်းမှာပဲ ကောလင်းကတဆင့် ရွှေဘို – မြစ်ကြီးနား ရထားလမ်းအတိုင်း ကိုးတောင်ဘို့ရွာဘက် ဦးတည်ကာ ကန့်ဘလူနဲ့ ကျွန်းလှနယ် မြောက်ခြမ်းရှိ ပင့်သာ၊ ချပ်ကြီး ရွာတွေကို စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကတော့ ဇော်ချောင်းနဲ့ သင်တောကျေးရွာ အပါအဝင် လမ်းတလျှောက် ကျေးရွာ လေးရွာ ထက်မနည်း စီးနင်း လုယက် မီးရှို့ဖျက်ဆီးပြီးနောက် ခိုးရာပါ ပစ္စည်းတွေနဲ့အတူ နိုဝင်ဘာ ၂၁ရက် ညနေပိုင်းမှာ ကျွန်းလှနဲ့ ကန့်ဘလူမြို့ထဲ ဝင်ရောက်သွားပြီလို့ ဆိုပါတယ်။
“ကိုးတောင်ဘို့ စစ်ကြောင်းက ဝင်သွားပြီ၊ ကိုးတောင်ဘို့ကနေ ထိုးခဲ့တဲ့ စစ်ကြောင်းက ၆၀၀၆ (ကန့်ဘလူ အမြောက်တပ်) ဝင်သွားပြီ၊ အမှတ် ၃လမ်းမှာက မရှိတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုကို ကြိုဆိုပွဲလုပ်ဖို့ ကျွန်းလှနဲ့ ကန့်ဘလူမြို့မှာ စစ်အုပ်စုက ဒေသခံပြည်သူတွေကို တစ်အိမ်ထောင် ကျပ်ငါးသောင်းကနေ တစ်သိန်းနှုန်း ဆက်ကြေးငွေ ကောက်ယူတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပေးရတယ်၊ ကျွန်းလှမှာ ကောက်ပြီးသွားပြီပေါ့နော၊ မနေ့က (နိုဝင်ဘာ၂၁) တခါတည်း လုပ်သွားပြီ ကြိုဆိုပွဲကလေ၊ မနေ့က ကိုးတောင်ဘို့ဘက်က ဝင်တဲ့ဟာက ကျွန်းလှဘက်ခြမ်းကို ဝင်တာကိုး၊ မြောက်ခြမ်းက ဝင်တာဆိုတော့၊ အဲ့ဒီဟာက ကြိုဆိုပွဲ တခါထဲလုပ်တာလေ”လို့ ကျွန်းလှဒေသခံ တစ်ဦးက ပြောပါတယ်။
အဲ့ဒီ အင်းတော်၊ ဝန်းသိုနဲ့ ကောလင်းနယ်တွေကတဆင့် ကန့်ဘလူနယ်ထဲ ကားလမ်းနဲ့ ရထားလမ်းအတိုင်း နှစ်ဖွဲ့ခွဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အလောင်းနဲ့ သုံ့ပန်းတချို့ ဖမ်းမိခဲ့သလို ဖမ်းမိတဲ့ သုံ့ပန်းတွေထံက မူးယစ်ဆေးတွေလည်း သိမ်းဆည်း ရရှိတယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲအထိနာတိုင်း ပြည်သူကို ဖမ်းဆီးသတ်ဖြတ်သလို ရွာမီးရှို့တာ၊ ဖောက်ထွင်းလုယက် ခိုးယူတာ၊ ကားတွေ ချောဆွဲတာ၊ ခိုးယူပြီး ခိုးရာပါပစ္စည်းတွေကို တင်ဆောင်သယ်ယူခိုင်းတာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


အင်းတော်၊ ဝန်းသို၊ ကောလင်းနဲ့ ကန့်ဘလူနယ် ရွှေဘို – မြစ်ကြီးနား ကားလမ်းနဲ့ ရထားလမ်းတလျှောက် စစ်အုပ်စု စစ်ကြောင်းထိုးတဲ့ လမ်းကြောင်း၊ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေနဲ့ စစ်ကြောင်းကို ဦးဆောင်သူ တပ်မ ၃၃၊ နည်းဗျူဟာ – ၃၃၂က ဗျူဟာမှူး ဗိုလ်မှူးအဆင့် ကျော်ဆန်းဝင်း/Photo – စစ်အုပ်စု၊ ဒေသခံ
MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ကန့်ဘလူ #ရွှေဘိုမြစ်ကြီးနားကားလမ်းနဲ့ရထားလမ်း



