ဝါယာကြိုးပါတဲ့အိတ်ကို စစ်အုပ်စုက အသက်မဲ့အောင်လုပ်ရင်း ပေါက်ကွဲတာလို့ဆို၊
ကျောက်စိမ်း၊ Phoenix/MFP၊ နိုဝင်ဘာ – ၂၅
မန္တလေးတိုင်း၊ တံတားဦးမြို့ပေါ်မှာ တန်ဆောင်တိုင်ညက မြို့ခံပြည်သူတွေ ပံ့သကူကောက်ရင်း ဝါယာကြိုးပါတဲ့ အမဲရောင် အိတ်တစ်လုံး တွေ့ရှိလို့ စစ်အုပ်စုထံ အကြောင်းကြားရာက စစ်အုပ်စု လာရောက် ရှင်းလင်းချိန် ပေါက်ကွဲမှုဖြစ်လို့ ရဲနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် စစ်အုပ်စု ငါးယောက်ခန့် ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက်၊ ည ၇နာရီခန့်မှာ တံတားဦးမြို့၊ အမှတ် ၃ရပ်ကွက်၊ နွားကျော်ဒရပ်၊ တံတားဦး-မြို့သာ လမ်းပေါ်ရှိ ရွှေအိမ်စည် စားသောက်ဆိုင်ရှေ့မှာ မင်္သကာဖွယ် ကျောပိုးအိတ်အနက်ရောင် တစ်လုံး တွေ့လို့ စစ်အုပ်စုက အသက်မဲ့အောင်လုပ်ရင်း ပေါက်ကွဲတာလို့ ဆိုပါတယ်။
“တန်ဆောင်မုန်းလပြည့်ည ပံ့သကူလိုက်ရှာသူတစ်ဦးက အထုပ်တစ်ထုပ်ကို ရှာတွေ့တော့ ဖြည်ကြည့်တယ်၊ အထဲမှာ ဝါယာကြိုးစ တွေ့လို့ ပြန်ချပြီး၊ စစ်အုပ်စု လက်အောက်ခံ လုံခြုံရေး အဖွဲ့ဝင်တွေထံ အကြောင်းကြားခဲ့တယ်၊ စစ်အုပ်စု အဖွဲ့ဝင် စစ်သား၊ ရဲ၊ ပျုတွေ ရောက်လာပြီး ဗုံးကို အသက်မဲ့အောင် လုပ်နေတံအချိန် ကွဲတာလို့ သိရတယ်၊ လေးယောက် ထိတယ်လို့တော့ ကြားတာပဲ” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
အဲ့ဒီ ပေါက်ကွဲမှုကြောင့် စစ်အုပ်စု လက်နက်ကိုင် နှစ်ယောက် သေကာ စစ်အုပ်စု သစ္စာခံတွေဖြစ်တဲ့ နယ်ထိန်းရဲ ဆိုသူနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုသူလည်း ဒဏ်ရာရတယ်လို့ ကြားကြောင်း မြို့ခံတွေက ပြောပါတယ်။
“လူ တော်တော်များများ မြင်ကြတယ်။ ပံ့သကူ ပစ်ထားတယ် ထင်နေတာ။ စစ်သား နှစ်ယောက် သေတယ်တဲ့။ ဟိုသုံးကောင်က ဒဏ်ရာရတာတဲ့။ အုပ်ချုပ်ရေးမူးက ခြေထောက်ထိသွားတာ ချုပ်ရတယ်၊ နယ်ထိန်းက အခြေအနေ ဆိုးတယ်တဲ့။ ဗုံးတွေ့လို့ ပြည်သူတွေက အကြောင်းကြားတော့ လာကြည့်တာ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ စစ်အုပ်စုတွေ သေဆုံး၊ ဒဏ်ရာရမှုကိုတော့ MFP အနေနဲ့ အသေးစိတ် မသိရသေးပါဘူး။

တံတားဦးမြို့မှာ တန်ဆောင်တိုင်ည ပျော်ပွဲရွှင်ပွဲ လုပ်နေချိန် ပေါက်ကွဲမှုဖြစ်တယ်လို့ စစ်လော်ဘီတွေ ကလည်း သတင်းဖြန့်ပြီး စစ်အုပ်စု ထိခိုက်မှုအခြေအနေကို မပြောဘဲ ပြည်သူတွေ ဒဏ်ရာရတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။
တံတားဦး – မြို့သားလမ်း အပါအဝင် တံတားဦးမြို့ အဝင်အထွက်တွေမှာ စစ်အုပ်စုက ဂိတ်တွေဖွင့်ကာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီးနောက် လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကား ပြောဆိုတာ၊ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ပြန်ပေးဆွဲတာတွေ နေ့စဉ် ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ သူတို့ကြီးစိုးထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာ တန်ဆောင်တိုင်ည ပျော်ပွဲရွှင်ပွဲတွေ လုပ်ပြီးနောက် သူတို့ စစ်ရှုံးထားတဲ့ ဒေသတွေက ပြည်သူတွေကို တန်ဆောင်တိုင်ညလည်း မရှောင်ဘဲ ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #တံတားဦး #မန္တလေး #တန်ဆောင်တိုင်



