
ပြည်သူမထိဘဲ ရဲနဲ့ အုပ်ကြီး အပါ စစ်အုပ်စုတွေ ထိခိုက်တယ်လို့ တံတားဦး ပကဖ ထုတ်ပြန်၊
ကျောက်စိမ်း၊ Phoenix/MFP၊ နိုဝင်ဘာ – ၂၅
မန္တလေးတိုင်း၊ တံတားဦးမြို့မှာ တန်ဆောင်တိုင်ညက စစ်အုပ်စုကို ပစ်မှတ်ထားပြီး ရဲစခန်းနဲ့ KTV ဆိုင်ရှေ့တွေမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် စစ်အုပ်စု အများအပြား ထိခိုက်ပြီး ပြည်သူ ထိခိုက်တာ မရှိဘူးလို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က သတင်း ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၄ ရက်၊ ည ၇နာရီခွဲအချိန်က တံတားဦးမြို့၊ မြို့မရဲစခန်း အနောက်မြောက်ဘက်နဲ့ တံတားဦး-မြို့သာ လမ်းပေါ်ရှိ ရွှေအိမ်စည် စားသောက်ဆိုင် (KTV)ရှေ့တွေမှာ စစ်အုပ်စုကို ပစ်မှတ်ထားပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပေါက်ကွဲမှုဖြစ်စဉ်တွင် ရဲစခန်းမှုး၊ အုပ်ချုပ်ရေးမှုး၊ ထွေအုပ်စာရေးများနှင့် ရဲတပ်သား အများအပြား ထိခိုက် သေဆုံးကြပါသည်။ …။ ပြည်သူ တစ်ဦးတစ်ယောက်မှ ထိခိုက်မှု့မရှိပါ” လို့ တံတားဦး ပကဖ က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုတွေကို တံတားဦးမြို့နယ်(ပ.က.ဖ)၊ မန္တလေးခရိုင် PDF ခရိုင်တပ်ရင်း(၅)တပ်ခွဲ(၃)၊ တံတားဦးမြို့နယ် ဇုန်(၁)နဲ့ တံတားဦးမြို့နယ် ဇုန်(၂)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တံတားဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ပြည်သူတွေ ထိခိုက်တယ်လို့ စစ်အုပ်စုဘက်က သတင်း ဖြန့်ပြီး ရဲစခန်းအနီး ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ အခြေအနေကိုတော့ စစ်အုပ်စုဘက်က ဖော်ပြတာ မရှိပါဘူး။
“တံတားဦးမြို တန်ဆောင်တိုင် စတုဒီသာ ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် အမှတ် (၃) ရပ်ကွက်၊ နွားကျော်ဒရပ်၊ တံတားဦး-မြိုသာသွားလမ်းဘေး ရွှေအိမ်စည် စားသောက် ဆိုင်ရှေ့တွင် မင်္သကာဖွယ် ကျောပိုးအိတ် အနက်ရောင်တစ်လုံးအား သွားရောက်ရှင်းလင်းရာမှ ပေါက်ကွဲမှုဖြစ်ပွါးကာ အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရ” လို့ စစ်အုပ်စုဘက် သတင်းဖြန့်ပါတယ်။

စစ်အုပ်စုဘက်က သတင်းမဖြန့်ပေမယ့် တံတားဦး ရဲစခန်းအနီး ပေါက်ကွဲမှု အပါအဝင် တံတားဦး မြို့ပေါ် နှစ်နေရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
“ဖြစ်စဉ်က နှစ်ခု၊ ရဲစခန်း အပြင်ဘက်နား ကွဲတာ လူထိတယ် မကြားမိဘူး၊ မြို့သာ အထွက်ဘက် ဖြစ်တာတော့ ထိခိုက်ဒဏ်ရာရတာ ရှိတယ် ကြားတယ်” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
တံတားဦး – မြို့သာလမ်းပေါ် ဖြစ်ပွားတဲ့ ပေါက်ကွဲမှုမှာ မြို့ခံပြည်သူတွေ ပံ့သကူကောက်ရင်း ဝါယာကြိုးပါတဲ့ အမဲရောင် အိတ်တစ်လုံး တွေ့ရှိလို့ စစ်အုပ်စုထံ အကြောင်းကြားရာက စစ်အုပ်စု လာရောက် ရှင်းလင်းချိန် ပေါက်ကွဲမှုဖြစ်လို့ ရဲနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် စစ်အုပ်စု ငါးယောက်ခန့် ဒဏ်ရာရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“တန်ဆောင်မုန်းလပြည့်ည ပံ့သကူလိုက်ရှာသူတစ်ဦးက အထုပ်တစ်ထုပ်ကို ရှာတွေ့တော့ ဖြည် ကြည့်တယ်၊ အထဲမှာ ဝါယာကြိုးစ တွေ့လို့ ပြန်ချပြီး၊ စစ်အုပ်စု လက်အောက်ခံ လုံခြုံရေး အဖွဲ့ဝင်တွေထံ အကြောင်းကြားခဲ့တယ်၊ စစ်အုပ်စု အဖွဲ့ဝင် စစ်သား၊ ရဲ၊ ပျုတွေ ရောက်လာပြီး ဗုံးကို အသက်မဲ့အောင် လုပ်နေတံအချိန် ကွဲတာလို့ သိရတယ်၊ လေးယောက် ထိတယ်လို့တော့ ကြားတာပဲ” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
အဲ့ဒီ ပေါက်ကွဲမှုကြောင့် စစ်အုပ်စု လက်နက်ကိုင် နှစ်ယောက် သေကာ စစ်အုပ်စု သစ္စာခံတွေဖြစ်တဲ့ နယ်ထိန်းရဲ ဆိုသူနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုသူလည်း ဒဏ်ရာရတယ်လို့ ကြားကြောင်း မြို့ခံတွေက ပြောပါတယ်။
“လူ တော်တော်များများ မြင်ကြတယ်။ ပံ့သကူ ပစ်ထားတယ် ထင်နေတာ။ စစ်သား နှစ်ယောက် သေတယ်တဲ့။ ဟိုသုံးကောင်က ဒဏ်ရာရတာတဲ့။ အုပ်ချုပ်ရေးမူးက ခြေထောက်ထိသွားတာ ချုပ်ရတယ်၊ နယ်ထိန်းက အခြေအနေ ဆိုးတယ်တဲ့။ ဗုံးတွေ့လို့ ပြည်သူတွေက အကြောင်းကြားတော့ လာကြည့်တာ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
တံတားဦးမြို့ပေါ် ပေါက်ကွဲမှုဖြစ်စဉ်တွေအတွင်း စစ်အုပ်စု သေဆုံး၊ ဒဏ်ရာရမှုကိုတော့ MFP အနေနဲ့ အသေးစိတ် မသိရသေးပါဘူး။
တံတားဦး – မြို့သားလမ်း အပါအဝင် တံတားဦးမြို့ အဝင်အထွက်တွေမှာ စစ်အုပ်စုက ဂိတ်တွေဖွင့်ကာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီးနောက် လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကား ပြောဆိုတာ၊ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ပြန်ပေးဆွဲတာတွေ နေ့စဉ် ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ သူတို့ကြီးစိုးထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာ တန်ဆောင်တိုင်ည ပျော်ပွဲရွှင်ပွဲတွေ လုပ်ပြီးနောက် သူတို့ စစ်ရှုံးထားတဲ့ ဒေသတွေက ပြည်သူတွေကို တန်ဆောင်တိုင်ညလည်း မရှောင်ဘဲ ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #တံတားဦး #မန္တလေး #တန်ဆောင်တိုင်



