Blogဆောင်းပါးမန္တလေး

“ဒီလူတွေက ငလျင်ကြောင့် သေတာမဟုတ်ဘူး၊ သူခိုးတွေ ဝိုင်းသတ်လို့ သေသွားတာ” ငလျင်ဆိုးကြောင့်မသေ၊သူခိုးကြောင့် သေရှာသည်

ရေးသူ – ဂျီဂျီ/MFP

တချိန်ကမန္တလာမြို့ရဲ့ ကမ္ဘာ့အဆင့်မီ အကောင်းဆုံး ဇိမ်ခံကွန်ဒိုကြီးသဖွယ်ကြော်ငြာခဲ့ကြတဲ့ SKY Villa ကွန်ဒိုငလျင်ကြောင့်ပြိုကျမှုမှာ လူပေါင်း၂၀၀ ကျော်ရဲ့ အလောင်းတွေ ဖော်ထုတ်နိုင်ပြီးနောက်ထပ် ရာနဲ့ချီတဲ့ လူတွေ မြေကြီးထဲမှာ ပျောက်ဆုံးနေဆဲပါ။

ဒီလို ဆိုးဝါးတဲ့ ဖြစ်ရပ်မှာ အဆောက်အဦးကို တာဝန်ယူ ဆောက်လုပ်ခဲ့တဲ့ N.T.L Construction Groupကုမ္မဏီ၊ ဆောက်လုပ်ရေးတာဝန်ခံ အင်ဂျင်နီယာအဖွဲ့၊ တာဝန်ယူစစ်ဆေးပြီးခွင့်ပြုခဲ့ကြတဲ့ ပညာရှင်တဦးတလေမှ စစ်ဆေး အရေးယူတာမခံခဲ့ရသလို အားလုံးကနှုတ်ပိတ်လို့နေပါတယ်။

ဒါတင်မကပါဘူး။ ငလျင်ကြီးအတွင်းမှာ မန္တလေးမြို့က အထပ်မြင့်အဆောက်အဦးအများအပြား တလုံးပြီးတလုံး ပြိုကျပျက်စီးခဲ့ပေမယ့် ဘယ်ဆောက်လုပ်ရေးတာဝန်ခံ၊ ဘယ်အရာရှိကို အရေးယူတာ ကြားမိပါသလဲ။

အားလုံးက သဘာဝဘေးဟာ ရှောင်လွဲလို့မရကြောင်းနဲ့ ဖြစ်လာရင်ခံရမှာပဲလို့ နှလုံးသွင်း ထားကြပြီး တာဝန်ယူ၊ တာဝန်ခံခြင်းဆိုတဲ့ယဉ်ကျေးမှုနဲ့ စစ်ဆေးအရေးယူတဲ့ လုပ်ငန်းစဉ်ကလုံးလုံးပျောက်ဆုံးနေပါတယ်။

တချိန်ထဲမှာပဲ စစ်ကိုင်းငလျင်ရဲ့ ပြင်းအားကြောင့် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချပ်တူချပ်ဈေးအနီးမှာ ပြိုကျသွားခဲ့တဲ့ ဆောက်လုပ်ဆဲ မိုးမျှော် တိုက်ကြီးက နှိုင်းယှဉ်ပြီးဝေဖန်စရာပါ။ ဘန်ကောက်မြို့က ဆောက်လက်စတိုက် ငလျင်ကြောင့် ပြိုကျမှူနဲ့ ပတ်သက်ပြီး အဆောက်အဦး ပိုင်ရှင်ဖြစ်တဲ့ Italian-Thai သူဌေးကြီး Premchai Karnasuta နဲ့ ၁၇ဦးဟာ နှစ်ပတ်အတွင်း အဖမ်းခံခဲ့ရပါတယ်။ ဒါ့အပြင် အင်ဂျင်နီယာတွေ၊ သံချောင်း၊ ဘိလပ်မြေ ကုန်ကြမ်းပစ္စည်း တင်သွင်းသူ စတဲ့ ထပ်တိုး သံသယ ရှိနေသူတွေပါ ဖမ်းဆီးစစ်ဆေးနေတာကြောင့် စုစုပေါင်း ၂၃ ဦး အစစ်ဆေးခံနေရပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံရမှာပါ။

လူ့အသက်များရင်းခဲ့သည့် သတိပေးသံ

ငလျင်ကြောင့် အထိအခိုက်များခဲ့တဲ့ ရွှေမန်းမြေမှာ ဖြစ်ခဲ့တာက ထိုင်းနိုင်ငံက ဥပမာနဲ့ အလွန်ကို ကွာဟပါတယ်။ လူပေါင်းများစွာ အသက်ပေးခဲ့ရတဲ့ ဒီဖြစ်စဉ်ကပေးခဲ့တဲ့ သမိုင်းသင်ခန်းစာ ကတော့ ငလျင်ကြောပေါ်မှာ နေထိုင်တဲ့ လူတွေရဲ့ အသက်တွေဟာ ဘယ်သူ့လက်ထဲမှာ ရှိနေလဲဆိုတာကိုပါပဲ။

SKY Villa ရဲ့ ပိုင်ရှင် N.T.L Construction ကုမ္မဏီ ဟာ မန္တလေးမြို့မှာ အထပ်မြင့်အဆောက်အဦး ၁၀ ခုထက်မနည်း ဆောက်လုပ်ခဲ့ပြီး အဲ့ဒီ အဆောက်အဦး အများစုဟာ ငလျင်မှာ ထိခိုက် ပျက်စီးခဲ့ပါတယ်။ ဒီထဲမှာ မန္တလေးမြို့ ၂၂ C လမ်း၊ လမ်း၈၀နှင့်.၈၁လမ်းကြားမှာရှိတဲ့ အင်ကြင်းကွန်ဒို လည်း တခုလုံးပြိုကျခဲ့သလို သံလွင်နဒီကွန်ဒို ၊ နှင်းဆီ ကွန်ဒို တို့ကလည်း လူနေထိုင်လို့မရအောင် ထိခိုက်ခဲ့ပါတယ်။ ဒီလို အဆောက်အဦးတွေမှာလည်း ဘာအရေးယူ ဆောင်ရွက်မှု မှမရှိခဲ့တာလည်း လက်တွေ့အခြေအနေပါ။

ဒီလိုအဖြစ်တွေနဲ့ ကြုံခဲ့တာတောင် N.T.L ကုမ္မဏီဟာ မန္တလေးမြို့ ချမ်းမြသာစည် ၄၅လမ်းနဲ့ ၄၆လမ်းကြား၊ ၁၀၆လမ်းပေါ်မှာ Grand Aung Thar Yar ဆိုတဲ့ ၁၀ လုံးတွဲ၊ ၁၂ ထပ်မြင့် တိုက်ကြီး မရပ်မနား ဆက်လက် ဆောက်လုပ်နေတာကို အံအားသင့်ဖွယ် တွေ့ရှိရပါတယ်။

ဒီဆောက်လုပ်ရေးပရောဂျက်ကို TOP Consultant အဖွဲ့က အရည်အသွေး ပိုင်းဆိုင်ရာ စစ်ဆေး ပေးနေပြီး TOP အဖွဲ့ဟာ ဆောက်လုပ်ရေးဝန်ကြီး ဌာနက ရာထူးမြင့် အငြိမ်းစားတွေ စုပေါင်း ဖွဲ့စည်းထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ သူတို့က လက်ရှိ Grand Aung Thar Yar တိုက်ကြီးကမှ ငလျင်ဒဏ်ကို အမှန်တကယ် ခံနိုင်ကြောင်း၊ ယုံကြည် စိတ်ချရကြောင်း အမွှန်းတင် ကြော်ငြာနေပြီး ပြိုကျသွားတဲ့ Sky Villa ကတော့ သူတို့နဲ့မဆိုင်ဘူးလို့ ငြင်းချက်ထုတ်ပါတယ်။

SKY Villa နဲ့ TOP consultant တို့ရဲ့ ဆက်နွယ်မှုကို လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ရေးသားခဲ့တဲ့ လဝန်းစန္နာဆိုတဲ့ အင်ဂျင်နီယာအမျိုးသမီး ကတော့ လက်ရှိ နိုင်ငံခြားမှာ တိမ်းရှောင်နေထိုင်နေရတယ် လို့ MFP ကို ပြောလာပါတယ်။ သူ့ရဲ့ ဝေဖန်ထားတဲ့ စာတွေကို ဖျက်ပေးဖို့ TOP consultant ကုမ္မဏီက ပြောဆိုလာတာကြောင့်ပါ။

“ NTL ကုမ္မဏီက ထွက်မရှင်းမချင်း ကျွန်မ Post တွေ မဖျက်ပေးနိုင်ဘူး” လို့ သူမက ဆိုပါတယ်။

အင်ဂျင်နီယာ တဦးဖြစ်တဲ့ သူမရဲ့ အဆိုအရ SKY Villa ကို စဆောက်တဲ့ အချိန်မှာ Seismic Design (ငလျင်လှုပ်တဲ့အခါ အဆောက်အအုံတွေ ငလျင်ဒါဏ်ကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိအောင် Design လုပ်တာ ဖြစ်ပါတယ်) မပါဝင်တာ ၁၀၀ ရာခိုင်နှုန်းသေချာတယ်လို့ သူမက ဆိုပါတယ်။

မြန်မာတနိုင်ငံလုံးက အင်ဂျင်နီယာ တွေကလည်း SKY Villa အဆောက်အအဦးမှာ ဒီ Seismic Design ထည့်သွင်းပြီး ဆောက်လုပ်ခဲ့တာ ဟုတ်မဟုတ်ကို စိတ်ဝင်စားနေပြီး N.T.L ကုမ္မဏီအနေနဲ့ ဒီကိစ္စကို ရှင်းလင်းရမယ် လို့ သူမက ပြောပါတယ်။

လူ့အသက်တွေ ရာနဲ့ချီ သေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်တဲ့ SKY Villa ကွန်ဒို ပြိုကျမှု အဖြစ်ဆိုးကြီးကို မဖြစ်ခဲ့သည့်အလား၊ ဘယ်သူ့မှာမှ တာဝန်မရှိသလို အားလုံးက နှုတ်ပိတ်ပြီး ကင်းလွတ် ခွင့်ရနေတဲ့ ဖြစ်ရပ်ကို စုံစမ်းကြည့်တဲ့အခါမှာ MFP က သံသယဖြစ်စရာ အလွန် ကောင်းတဲ့ အချက် တွေကို တွေ့ရပါတယ်။

ဒီဆောင်းပါးမှာ MFP က တွေ့ရှိထားတဲ့ အချက်တွေကို အခြေခံပြီး ရွှေမန်းမြေပေါ်က ဆောက်လုပ်ရေး တာဝန်ရှိသူတွေနဲ့ စည်ပင်အရာရှိတွေ လက်ဝါးခြင်းရိုက် ပူးပေါင်းပြီး ဥပဒေချိုးဖောက်တာ၊ ဥပဒေကို တလုံးခြား လုပ်တာတွေနဲ့ ဆောက်လုပ် ရေးကုမ္မဏီရဲ့ ဝတ္တရားပျက်ကွက်မှုတွေကို ထည့်သွင်းဖော်ပြ ထားပြီး အဖြစ်ဆိုးကြီးနဲ့ကြုံခဲ့တဲ့ SKY Villa ကို ဥပမာပြုထားပါတယ်။ ဒီပြိုကျမှုဟာ ဆောက်လုပ်ရေး လောကရဲ့ မရိုးဖြောင့်မှုတွေကို အသက်ပေါင်း များစွာနဲ့ လဲပြီး ခေါင်းလောင်းထိုး သတိပေးလိုက်တာပါပဲ။

ကောင်းကင်ဗီလာ အလိုမရှိ၊

မန္တလေးမြို့မှာ SKY Villa ကို စတင်တည်ဆောက်ဖို့ မြေရွေးပန္ဓက် ကြစဉ် ၂၀၁၀- ၂၀၁၂ ခုနှစ်အတွင်းမှာ မြို့ခံအချို့က သဘောမတူခဲ့ကြပါဘူး။ အထူးသဖြင့် ဆောက်လုပ်မယ့် နေရာဟာ ယခင် မန္တလေး နန်းတော် ရှိစဉ်က ဥယျာဉ်တော်မြေဖြစ်တာကြောင့် သမိုင်းယဉ်ကျေးမှုအရ တန်ဖိုးရှိနေလို့ပါ၊ ဒါ့အပြင် ယခင်က နဒီဧရာဆည်မြောင်းရဲ့ ရေဝပ်ဧရိယာအပေါ်မှာ မြေဖို့ပြီး အထပ်မြင့် ဆောက်မှာကြောင့်နဲ့ နန်းရှေ့ရေစစ်ကန်ဘေးမှာ ဆောက်မှာကြောင့် ဖြစ်ပါတယ်။

ဒီအဆောက်အဦးကို ဆောက်လုပ်တဲ့ N.T.L ကုမ္မဏီဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို ကျွမ်းကျင်စွာ ဝင်ထွက်နိုင်သူဖြစ်ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှာ ဌာန ၁၄ခုရှိပြီး အဲ့ဒီ စည်ပင်ကော်မတီ အတွင်းရေးမှူးအဆင့်ကနေ ဌာနမှူး၊ ဌာနစုမှူး၊ အောက်ခြေဝန်ထမ်းတွေအထိ စစ်ဗိုလ်ဟောင်းတွေ၊ စစ်တပ်လူထွက်တွေက ကြီးစိုးထားတာ ဖြစ်ပါတယ်။ NTL ကုမ္ပဏီဟာ ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ မန္တလေးစည်ပင်ရဲ့ ခွင့်ပြုချက်နဲ့ မန္တလေးမြို့မှာ အထပ်မြင့်အဆောက်အဦး ၁၀ ခု ထက်မနည်းကို ဆောက်လုပ်ခဲ့ပါတယ်။၂၀၁၇ မှာ SKY Villa ကြီး ပြီးစီး သွားချိန်မှာတော့ မန္တလေးမြို့ရဲ့ အကောင်းဆုံးကွန်ဒိုကြီး၊ ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ကွန်ဒိုကြီးလို့ ကြွားလုံးထုတ် ကြော်ငြာခဲ့ကြပါတယ်။

SKY Villa ကို ကြော်ငြာတဲ့အထဲမှာ အချက် ၁၃ အထိတောင် ပါဝင်ခဲ့ပြီး ၂၄ နာရီ လျှပ်စစ်မီးရတယ်၊ ငလျင်ဒဏ်ကို ခံနိုင်ရည် ရှိတယ်လို့ ကြော်ငြာခဲ့တာကြောင့် စိတ်ဝင်စားမှု အများအပြား ရှိခဲ့ပါတယ်။တကယ်ရောင်းချ၊ ငှားရမ်းတဲ့ ချိန်မှာလည်း မနိမ့်လှတဲ့ ဈေးနဲ့ သိန်းထောင်ချီ စျေးရှိသလို အခန်းတစ်ခန်းကို တလကို ကျပ် ၁၀ သိန်း ကနေ သိန်း ၄၀ အထိ လစဉ် ငှားရမ်းခ ဈေးရှိခဲ့ပါတယ်။

အဆောက်အဦးဟာ မန္တလေးတောင် နောက်ခံ ရှု့ခင်းနဲ့အတူ နန်းရှေ့ရေစစ်ကန်၊ ဆိတ်ငြိမ်ပြီး သာယာလှတဲ့ ပတ်ဝန်းကျင်ဖြစ်တာကြောင့် မန္တလေးမြို့မှာရှိတဲ့ ငွေကြေးတတ်နိုင်သူ အများအပြား သဘောကျစရာနေရာ တခုဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ပြည်သူတွေ မမြင်ခဲ့တာကတော့ အဆင့်မြင့်ဆိတ်ငြိမ် ကွန်ဒိုကြီး နောက်ကွယ်က စီးပွားရေးလုပ်ငန်းရှင် နဲ့ စည်ပင်တာဝန်ရှိသူတွေရဲ့ လက်ဝါးခြင်းရိုက် ခြစားမှုကိုပါပဲ။

P.E ဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊

N.T.L ကုမ္မဏီဟာ ဒီကွန်ဒို ဆောက်လုပ်ခွင့်အတွက် မန္တလေးမြို့တော်စည်ပင်ကို တင်တဲ့အချိန်မှာ ကျွမ်းကျင် အင်ဂျင်နီယာ P.E အဖြစ် ထိုစဉ်က မန္တလေးမြို့တော်စည်ပင်ရဲ့ လမ်း၊တံတားဌာနမှူး အဖြစ် လုပ်ကိုင်နေတဲ့ ဦးမျိုးအောင်ကို ငှားရမ်းခဲ့တယ် လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ နီးစပ်သူ MFP ရဲ့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

အဆောက်အဦးတခုဆောက်လုပ်ဖို့ စည်ပင်ကို ခွင့်ပြုမိန့်တင်တဲ့ အခါ အင်ဂျင်နီယာကောင်စီ အသိ အမှတ်ပြုထားတဲ့ မှတ်ပုံတင်ရ အင်ဂျင်နီယာတဦးရဲ့ တာဝန်ခံမှု လိုအပ်ပါတယ်။ သာမန် မှတ်ပုံတင် အင်ဂျင်နီယာ (RE)၊ မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာ (RSE) နဲ့ အခုလို ၁၀ ထပ် အမြင့် အဆောက်အဦးတွေ အတွက်ကတော့ P.E လို့ခေါ်တဲ့ (Professional Engineer) တွေရဲ့ ထောက်ခံချက်ရမှသာ စည်ပင်သာယာရေးကော်မတီက အဆောက်အဦး တည်ဆောက်ဖို့ ခွင့်ပြုပေးတဲ့ နည်းစနစ်ကို မြန်မာပြည်မှာ ကျင့်သုံးပါတယ်။

ဒီနေရာမှာ အင်ဂျင်နီယာကောင်စီကသတ်မှတ်ထားတဲ့ P.E တယောက်ရဲ့ အရည်အချင်းတွေက အလွန်ကို အရေးကြီးကြောင်းဖော်ပြပါမယ်။

P.E ဟာ
(၁) အဆောက်အဦးပုံစံ ဒီဇိုင်းရေး ဆွဲခြင်း

(၂) အဆောက်အဦးခိုင်ခံ့မှု တွက်ချက်ရေးဆွဲခြင်း

(၃) အဆောက်အဦး ဆောက်လုပ်မှုကြီးကြပ်ခြင်း

စတဲ့ အခြေခံအချက်သုံးချက်ကို လုပ်ဆောင်ရပါတယ်။ ဒါ့အပြင် အရည်အသွေးထိန်းသိမ်းမှု၊ တာဝန်ယူ၊ တာဝန်ခံရမှု စတဲ့ ကျင့်ဝတ် ဆိုင်ရာတွေကိုလည်း ကျွမ်းကျင်ရတာကြောင့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီက ကျင်းပတဲ့ P.E စာမေးပွဲတွေဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုကြီးမားပါတယ်။

ယနေ့ မြန်မာနိုင်ငံမှာ P.E အင်ဂျင်နီယာပေါင်း ရာနဲ့ချီ ရှိလာပေမယ့် တကယ်တမ်း အဆက်အသွယ် အချိတ်မဆက် ကောင်းကောင်း လုပ်ကိုင်နေသူဟာ လက်တဆုပ်စာပဲ ရှိတယ်လို့ မြန်မာအင်ဂျင်နီယာ အသိုင်းအဝိုင်းက ပြောကြပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် SKY Villa ဆောက်လုပ်စဉ်က မန္တလေးမြို့မှာ P.E လတ်မှတ်ရအင်ဂျင်နီယာ အရေအတွက် အင်မတန် နည်းပါးပြီး ဒီထဲမှာ မန်းစည်ပင်ရဲ့ လမ်း၊တံတားဌာနမှူးအဖြစ် တာဝန်ယူနေတဲ့ဦးမျိုးအောင်လည်းအပါအဝင်ပါ။

“အဲ့တုန်းက မန္တလေးမှာ P. E က သုံးယောက်လောက်ပဲ ရှိတာ။ Sky Villa အတွက် ဦးမျိုးအောင်က PE အနေနဲ့ ထိုးပေးလိုက်တာ” လို့ MFP ရဲ့ သတင်းရင်းမြစ်က အခိုင်အမာဆိုပါတယ်။

ဦးမျိုးအောင်ဟာ မန္တလေးစည်ပင် လမ်း၊တံတားဌာနမှာ ဌာနမှုး လုပ်နေလျက်နဲ့ အပြင်ကုမ္မဏီကို P.E အဖြစ် တာဝန်ယူ လုပ်ကိုင်ပေးခဲ့တာကြောင့် ဒီအချက်ဟာ အဂတိမကင်းတဲ့အချက်ပါ၊ ဒီထက်ဆိုးတာကတော့ ဦးမျိုးအောင်က P.E အဖြစ် တာဝန်ယူထားတဲ့ SKY Villa အဆောက်အဦးကို ဆောက်လုပ်ခွင့်ပြုပါတယ်ဆိုပြီး မန္တလေးစည်ပင်ကိုယ်စား လတ်မှတ်ထိုးကာ ခွင့်ပြုမိန့်ထုတ်ပေးသူက ဦးမျိုးအောင်ရဲ့ ဂျူနီယာ ဖြစ်တဲ့ မန္တလေးစည်ပင် အဆောက်အအုံနဲ့ ကုန်ရုံဌာနမှုး ဦးဇော်ဝင်းပဲ ဖြစ်ပါတယ်။

“အဲ့ဒီ Sky Villa ကို လက်မှတ်ထိုးပေးတုန်းက ဦးမျိုးအောင်က လမ်း၊တံတားဌာန၊ ဦးဇော်ဝင်းက အဆောက်အအုံနှင့်ကုန်ရုံဌာန။ ဦးဇော်ဝင်းက ဦးမျိုးအောင်တပည့်” လို့ Sky Villa တည်ဆောက် စဉ်က အခြေအနေတွေကို သိတဲ့ MFP ရဲ့သတင်းရင်းမြစ်က ပြောပါတယ်။ဆရာတပည့်ဖြစ်တဲ့ စည်ပင် ဌာနမှူးနှစ်ယောက်ရဲ့ လက်ဝါးခြင်းရိုက်ပြီး လုပ်ပိုင်ခွင့်အလွဲသုံးမှုဟာ တချိန်မှာ ကြီးမားတဲ့ ဆုံးရှုံးမှုကို ဦးတည်စေခဲ့ပါတယ်။

ဦးမျိုးအောင်ဟာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှာ ၂၀၀၀ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းရင့်ဝန်ထမ်းပါ။ သူရဲ့ ဖခင်ဟာလည်း ယခင်ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ မန္တလေးတိုင်းကောင်စီဝင် လူကြီး တဦးဖြစ်တာကြောင့် ဝန်ထမ်းမျိုးရိုးက ဆင်းသက်လာသူဖြစ်ပါတယ်။

အစိုးရဝန်ထမ်းကြော နှောကြေသူဖြစ်ပြီး အမိန့်နာခံအားကောင်းတဲ့ ဦးမျိုးအောင်ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၃ ဖေဖော်ဝါရီမှာ ဝန်ကြီးချုပ်အဖြစ် နေရာပေးခဲ့ပါတယ်။ ခရိုနီ ဦးမောင်ကို ကို ရာထူးက ဖြုတ်ပြီး စည်ပင်ဝန်ထမ်းဟောင်း ဦးမျိုးအောင်ကို မင်းအောင်လှိုင်က ရာထူးပေးလိုက်တာပါ။

မင်းအောင်လှိုင် လူရွေးမှန်ခဲ့ပြီး ဦးမျိုးအောင်ဟာ မင်းအောင်လှိုင်အပေါ် ရိုကျိုးသလို မင်းအောင်လှိုင် မိသားစု မန္တလေးမြို့မှာ စီးပွားရေး အင်ပါယာချဲ့ဖို့အတွက်လည်း နောက်ကွယ်ကနေ ကူညီပေးနိုင်ခဲ့ပါတယ်။ မေမြို့ မြို့လယ်မှာ ရှိတဲ့ စျေးလေးခေါ် ညံတောဈေးကို စျေးအသစ်ဆောက်မယ်ဆိုပြီး မင်းအောင်လှိုင် မိသားစုက အပိုင်သိမ်းရာမှာ ဦးမျိုးအောင်က အဓိက ကြီးကြပ်စီမံခဲ့ပါတယ်။

ဒါ့ကြောင့်လည်း မန္တလေးမြို့က ပြားပြားဝပ်သွားတဲ့ အဆင့်မြင့်ကွန်ဒိုကြီးပြိုကျမှု မှာ အဓိက အင်ဂျင်နီယာ အဖြစ် ပါဝင်ခဲ့တဲ့ ဦးမျိုးအောင်ဟာ သူနဲ့မဆိုင်သလို နှုတ်ပိတ်နေနိုင်တာ ဖြစ်ပါတယ်။

တာဝန်မဲ့ကြသူများ

မြန်မာဆောက်လုပ်ရေး အင်ဂျင်နီယာလောကနဲ့ မြို့တော်စည်ပင်တို့ရဲ့ ကြားက အဓိပွာယ်မဲ့ပြီး ယုံနိုင်စရာမရှိတဲ့ နောက်ထပ် အမှန်တရား တခုကို လည်း ဒီဖြစ်ရပ် ထင်ရှားစွာမြင်ရပါတယ်။

ဒါကတော့ တာဝန်ခံ အင်ဂျင်နီယာ P.E တွေဟာ အဆောက်အအုံအဦးကို ဒီဇိုင်းဆွဲ၊ ဆောက်လုပ်ကြီးကြပ်မယ်လို့ လတ်မှတ်ထိုးပြီးမှ စည်ပင်ကို ခွင့်ပြုမိန့်တင်ကြရပေမယ့် တကယ်တမ်း ဆောက်တော့ P.E တွေက မဆောက်ပါဘူး။ P.E တွေဟာ လတ်မှတ်ထိုး ပြီး သူ့ဇာတ်လမ်း တခန်းရပ်ပါတယ်။ တကယ်ဆောက်ချိန် မှာ အခြားအဖွဲ့က ဆောက်ပါတယ်။

ဦးမျိုးအောင်ဟာ SKY Villa ကို ဒီဇိုင်းဆွဲ၊ ခိုင်ခံမှုတွက်ချက်လို့ ကြီးကြပ်ပါမယ် လတ်မှတ်ထိုး ခဲ့ပေမယ့် တကယ် မဆောက်ခဲ့ပါဘူး။ ကြီးကြပ်မှုလည်း မရှိခဲ့ပါဘူး။ N.T.L ကုမ္မဏီကပဲ ဆောက်လုပ်ခဲ့ပါတော့ တယ်။ ဒါ့ကြောင့် ဒီဆောက်လုပ်ရေးမှာ ငလျင်ဒဏ်ခံနိုင်တဲ့ Seismic Design ပါ၊ မပါ ကျွမ်းကျင်တဲ့ အရည်အသွေးစစ် ကုမ္မဏီ ငှားရမ်းခြင်း ရှိ၊ မရှိကို N.T.L ကုမ္မဏီကပဲ ကြိုက်သလို ကြိုးကိုင်ခဲ့ပါ တော့တယ်။

“မှတ်ပုံတင်လိုင်စင်ရ အင်ဂျင်နီယာရဲ့ လတ်မှတ်နဲ့ တင်လိုက်တယ်ပေါ့နော်၊ ဆောက်မိန့်က ကျလာပြီ၊ ဆောက်တဲ့အချိန်မှာ မှတ်ပုံတင်အင်ဂျင်နီယာ မပါတော့ဘူး၊ ဆောက်မိန့် တင်ပြီး သွားပြီဆိုရင် ကြိုက်တဲ့ လူနဲ့ ဆောက်လို့ရသွားပြီ “ လို့ မန္တလေးမြို့က အင်ဂျင်နီယာတဦး က MFP ကို သူတို့ လောကမှာ ဖြစ်နေတဲ့ ဥပဒေလက်တလုံးခြားလုပ်မှုကို ပြောပြပါတယ်။

“ အမှန်ဆို P.E အင်ဂျင်နီယာက ပြီးဆုံးသည်အထိလည်း တာဝန်ယူရမယ်၊ ဆောက်ပြီး သဘာဝဘေး အန္တရာယ်တွေ လာတဲ့ အချိန်မှာလည်း သူက သူ့ အဆောက်အဦးနဲ့ပတ်သက်ပြီး တာဝန်ခံနိုင်ကြောင်း လတ်မှတ်ထိုးရမယ်” လို့ သူက ဆိုပါတယ်။

“အဲ့လိုမဟုတ်တဲ့ အခါကျတော့ စည်ပင်မှာတင်တုန်းက ဒီဇိုင်းက တမျိုးဖြစ်တယ်၊ တကယ်တမ်း ဆောက်တဲ့ အခါမှာ ဒီဇိုင်းက တမျိုးဖြစ်သွားတယ်၊ အဆောက်အဦးပုံစံတော့ တူမယ်ဗျာ၊ Foundation ဘာညာမှာ ခိုထားတာတွေ ရှိမယ်၊ Structure ဒီဇိုင်းတွေမှာ ခိုလိုက်တာတွေ ရှိမယ်။ ဥပမာ အောက်ခြေထောက်တံ (Pie) တွေ ပေ ၄၀ တူးရမယ့်နေရာမှာ ပေ၂၀ ပဲတူးလိုက်တယ် ဆိုရင်တောင် ကြံ့ခိုင်မှုက တဝက်လျော့သွားပြီ” လို့ သူက ဆိုပါတယ်။

စည်ပင်သာယာရေးကော်မတီထဲက လာဘ်စားမှုနဲ့ အဂတိတွေကြောင့် ဆောက်လုပ်ရေးကုမ္မဏီတွေက လုပ်ချင်ရာ လုပ်နိုင်တဲ့ အခြေအနေဖြစ်နေတယ် လို့ သူက ထပ်ပြီးရှင်းပြပါတယ်။

“ ခွင့်ပြုမိန့်ချပေးတဲ့ နေရာတွေမှာ စည်ပင်က လာဘ်စားတယ်။ ပြီးတော့ တကယ်ဆောက် လုပ်တဲ့နေရာမှာ ဒီကြီးကြပ်တဲ့ တာဝန်ခံအင်ဂျင်နီယာ ပါ၊မပါကို စည်ပင်က စစ်ဆေးရမှာ မစစ်ဆေးဘူး” လို့ သူက ဆက်ပြီး ပြောပါတယ်။

SKY Villa အဆောက်အဦးဟာ စည်ပင်ခွင့်ပြုမိန့် တင်တုန်းကထက် တစ်ထပ် ပိုခိုးဆောက်ထားတယ်လို့ မြို့ခံအင်ဂျင်နီယာတွေက ပြောပါတယ်။ ၂၀၁၈ ခုနှစ်မှာ မန္တလေးမြို့တော် စည်ပင် အဆောက်အအုံ ဌာနမှူး ဦးဇော်ဝင်း လတ်မှတ်ရေးထိုး ခွင့်ပြုမိန့်ချပေးခဲ့စဉ် (တနည်းအားဖြင့် အဆောက်အဦး အသုံးပြုခွင့်လက်မှတ်) မှာက RC ၁၁ ထပ်၊ လေးလုံးလို့ ရေးသားထားပေမယ့် တကယ်တမ်း လူနေထိုင်တဲ့အချိန်မှာ ၁၂ ထပ်ဖြစ်လို့ နေပါတယ်။

ဒီအချက်ဟာ NLD အစိုးရလက်ထက် မြို့တော်ဝန် ဦးရဲလွင် တာဝန်ယူချိန်မှာ ဖြစ်ပွားခဲ့တာ ကြောင့် ငြင်းခုန်စရာရှိတဲ့ ကိစ္စတခုလည်း ဖြစ်ပါတယ်။ မြို့တော်ဝန် ဦးရဲလွင်လက်ထက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှာ လာဘ်စားလို့ အရေးယူခံရတဲ့ စည်ပင်ဝန်ထမ်း အများအပြားရှိပြီး အဆောက်အအုံနှင့်ကုန်ရုံဌာနမှာ လာဘ်စားလို့ အရေးယူခံရသူ အောက်ခြေဝန်ထမ်း ငါးဦးအထိ ရှိခဲ့ပါတယ်။ လာဘ်စားလို့ ပင်စင်နဲ့ အနားပေးတဲ့လူတွေအထဲမှာ ဦးမျိုးအောင်လည်း ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေမယ့် MFP အနေနဲ့ ဒီကိစ္စကို အတိအကျ အတည်ပြုနိုင်တာတော့ မရှိပါဘူး။

စည်ပင်အရာရှိ စစ်ဆေးရေးအဖွဲ့က လက်ဝါးချင်းရိုက်ကြသလို ဆောက်လုပ်ရေးနဲ့ ကွန်ဒိုပိုင်ရှင်ဖြစ်တဲ့ NTL Construction Co. Ltd အနေနဲ့လည်း “ကော်မတီက ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ခြင်း” ဆိုတဲ့ မန္တလေးမြို့တော်စည်ပင် ဥပဒေ ပုဒ်မ ၁၀၄(ဃ) ကို ဖောက်ဖျက်ထားတာပါ။

SKY Villa ပြိုကျမှုဟာ မြေသားစမ်းသပ်မှု (Soil Test) ကောင်းစွာ မလုပ်ထားတာ၊ အောက်ခြေ (Foundation) မခိုင်မာတာနဲ့ စစ်ကိုင်းပြတ်ရွေ့ ရဲ့ ငလျင်ဦးတည်ရာ (Direction) တောင်-မြောက် ပြတ်ရွေ့ နဲ့ ကန့်လန့် တည်ဆောက်ထားတာ စတဲ့ ဆောက်လုပ်ရေးဆိုင်ရာ အားနည်းချက်တွေ ရှိတယ် လို့ ငလျင်ပညာရှင် ဦးမျိုးသန့်ကလည်း ဝေဖန်ပါတယ်။

သူခိုးများကြောင့်သေရှာသည်

SKY Villa နဲ့ပတ်သက်ပြီး လူအများ နားလည်မှု လွဲနေတဲ့အချက်ကတော့ ငလျင်ကြောင့် အဆောက်အအုံ ပြားပြားဝပ်ပြိုကျရာမှာ အဆောက်အဦးဟာ မြေကြီးအောက် ကျွံဝင်သွားတာ မဟုတ်ဘဲ အောက်ခြေတွေပြိုကျကာ ပြားပြားဝပ် လဲကျသွားတာ ဖြစ်ပါတယ်။ ဒါက ငလျင်ပညာရှင် ဦးမျိုးသန့် ထောက်ပြသလို အဆောက်အဦး တည်ဆောက်ရာမှာ ငလျင်အတွက် ခိုင်မာစွာ မတည်ဆောက်ခဲ့ခြင်း၊ အောက်ခြေတည်ဆောက်မှု အရည်အသွေးနိမ့်ခြင်းကို ညွှန်ပြနေပါတယ်။

SKY villa မှာ နေထိုင်ခဲ့သူတဦးကတော့ MFPကို အခုလို မှတ်ချက်ပေးပါတယ်။

“ ငလျင်လှုပ်တဲ့အချိန်မှာက သူ့နည်းတူ တခြားကွန်ဒိုတွေက ရုပ်ပျက်ဆင်းပျက် ပုံလဲကျသွားတာ မရှိဘူး။ သူကတော့ ရုပ်ပျက်ဆင်းပျက် ပုံလဲကျသွားတာ။ အဲ့ဒါဖြစ်တဲ့အတွက်ကြောင့် သဘာဝ ဘေးအန္တရာယ်လည်း မှန်သလို သူ့ရဲ့နည်းပညာလိုအပ်ချက်၊ အရည်အသွေးနိမ့်ကျမှု လိုအပ်ချက် အဲ့ဒါတွေလည်း ပါမယ်ထင်ပါတယ်”

MFP က နောက်ထပ်မေးမြန်းထားတဲ့ မဆွေ (အမည်လွှဲ)ကတော့ ခင်ပွန်း၊သမီးငယ်နဲ့ မိခင် တို့ကို ဆုံးရှုံးထားရသူပါ။“ အဲ့လောက်မဖြစ်သင့်ပါဘူး အခုဟာက အရမ်းရုပ်ပျက်လွန်းတယ်” လို့ သူက ပြောပါတယ်။

အဆောက်အဦးပြိုကျပြီးနောက်မှာ NTL ကုမ္မဏီနဲ့ တာဝန်ခံအင်ဂျင်နီယာတွေက မျက်နှာလွဲနေတာ၊ တာဝန်ယူမှု မရှိတာ၊ အရေးယူမှုမရှိတာတွေကြောင့် မရိုးသားမှုတွေနဲ့ ခြစားမှုတွေကို တဖက်လှည့်နဲ့ ဝန်ခံသလို ဖြစ်နေတယ်လို့ သူမက ပြောပါတယ်။

“ သူတို့ မရိုးသားလို့ မရှင်းရဲတာလေ၊ ဒီအချိန်မှာ အကုန်ထွက်ရှင်းသင့်ပြီ၊ ဘယ်သူဆောက်ခဲ့တာ၊ ဘယ်လို စစ်ဆေးခဲ့တာ၊ ဘယ်သူခွင့်ပြုခဲ့တယ်ဆိုတာ.. အခုက မရိုးသားလို့ မဟုတ်တာ လုပ်ထားတာတွေကြောင့် မရှင်းရဲတာပေါ့” လို့ မဆွေက ပြောပါတယ်။

” ဒါရှင်းလင်းလေး ဒီလူတွေက ငလျင်ကြောင့် သေတာမဟုတ်ဘူး။ သူခိုးတွေ ဝိုင်းသတ်လို့ သေသွားတာ” လို့ မဆွေက ပြောပါတယ်။

ဒီဖြစ်စဉ်ကနေ ရှု့မြင်နိုင်တာကတော့ မြန်မာ့ဆောက်လုပ်ရေးလောကရဲ့ ခြစားမှုတွေအပြင် စစ်အုပ်စုရဲ့ မျက်နှာလွှဲ လျစ်လျူရှုမှုကိုလည်း မြင်နိုင်ပါတယ်။ SKY Villa မှာ အင်ဂျင်နီယာ လုပ်ခဲ့တဲ့ ဦးမျိုးအောင်ဟာ ဝန်ကြီးချုပ်ဖြစ်ပြီး ကင်းလွတ်ခွင့်ရနေသလိုပါပဲ။ ပါဝင်ပတ်သတ် သူတွေဟာ သေဘော်ညှိရင်း အချင်းချင်းအကာကွယ်ပေးနေပြီး နောက်ဆုံးမှာ သင်မဆုံးနိုင်တဲ့ သင်ခန်းစာနဲ့ အတူ ထိခိုက်နစ်နာသူက ပြည်သူတွေပဲ ဖြစ်ပါတယ်။

ပြိုကျမှုကြီး ခြောက်လနီးပါး ရှိချိန်မှာတော့ ဒီအဆောက်အဦးကို တည်ဆောက်ခဲ့တဲ့ NTL Construction Group ဆောက်လုပ်ရေး ကုမ္မဏီက သေဆုံးသူ တစ်ဦးကို ဂရုဏာကြေး ကျပ်သိန်း ၁၀၀ ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ သေဆုံးသူရဲ့ မိသားစုတွေအနေနဲ့ စာရွက်စာတမ်း အထောက်အထားတွေနဲ့တကွ သူတို့ ကုမ္ပဏီကို ဆက်သွယ်ပြီး ဂရုဏာကြေး လာထုတ်ပါလို့ လမ်းဘေးဆိုင်းဘုတ်ထောင် ကြေညာခဲ့တာပါ။

ကျပ်သိန်း ၁၀၀ ဟာ ကွန်ဒိုငှားရမ်းခ သုံးလစာလောက်ပဲ ရှိပါတယ်။ NTL ကုမ္မဏီက သတင်းစာရှင်းလင်းပွဲနဲ့ တရားဝင် တောင်းပန်မယ့်အစား စာရွက်စာတမ်းပြပြီး ဂရုဏာကြေး လာထုတ်ဖို့ ပြောတာကြောင့် သောကမီး တောက်လောင်နေတဲ့ မိသားစုတွေရဲ့ရင်ကို ကောက်ရိုးထပ်တိုက်သလို ဖြစ်ခဲ့ပါတယ်။

“ ကျွန်မအဲ့သိန်းတရာမယူဘူး၊ ဒီကွန်ဒိုရဲ့ပိုင်ရှင် ဆောက်လုပ်ရေး တာဝန်ရှိသူတွေ ကျွန်မ ကို လာထိုင် ကန့်တော့ပါ၊ တောင်းပန်ပါ” လို့ ကွန်ဒိုမှာ နေထိုင်ခဲ့သူ မဆွေ က MFP နဲ့ အင်တာဗျူး မှာရင်ဖွင့်ပါတယ်။ ကွန်ဒိုပြိုကျမှုမှာ သူမခင်ပွန်း၊ ၁၃ နှစ်အရွယ်သမီးငယ် နဲ့ မိခင်ဖြစ်သူ သေဆုံး ခဲ့တာကြောင့်အခုထိ မဖြေဆည်နိုင်သေးပါဘူး။

SKY Villa ပြိုကျမှုမှာ မိသားစုတခုလုံးဆွေမျိုးပြတ် သေဆုံးသွားသူတွေရှိသလို၊ သားသမီး သေဆုံး သွားသူတွေ၊ စည်းစိမ်ဥစ္စာတွေ အကုန်ဆုံးရှုံးသွားခဲ့သူတွေ အများအပြားပါ။ ကြုံခဲ့ရသူတွေ အတွက်ကတော့ အင်မတန်ကြီးမားတဲ့ ခြောက်ခြားစရာဖြစ်ရပ်ဆိုးကြီးဖြစ်ပါတယ်။ ဂရုဏာကြေး သိန်း ၁၀၀ ဆိုတာ သူတို့သောကမီးရဲ့ အစွန်အဖျားကိုတောင် မငြိမ်းသတ် နိုင်ပါဘူးလို့ နစ်နာသူတွေက ပြောကြပါတယ်။

ဂရုဏာကြေးနှင့် အတူ

စက်တင်ဘာ ၈ ရက်မှာ SKY Villa ပိုင်ရှင် မန်နေဂျင်းဒါရိုက်တာ နိုင်ထွန်းလင်းရဲ့ ဇနီးဖြစ်သူ ဒေါ်သက် သက်ခိုင်နဲ့ SKY Villa ရဲ့ Operation Manager ဦးလင်းလင်းထွန်း ဦးဆောင်ပြီးတော့ပထမဆုံးအနေနဲ့ လူလုံးထွက်လာပြီး ထောက်ပံကြေးငွေ ပေးအပ်ပွဲလုပ်ခဲ့ပါတယ်။ပြီးတော့ အခုလောက် ကြာသွားရတဲ့ အကြောင်းရင်းကို ဦးလင်းလင်းထွန်းက အခုလိုပြောပါတယ်။

“ အဆောက်အဦးကို တခါတည်းဖြိုခွဲရှင်းလင်းရေး လုပ်တဲ့အခါမှာ ဆုံးရှုံးသွားတဲ့ လူတွေ၊ အခန်းပိုင်ရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေအကုန်လုံး တချို့တဝက် ပြန်ရစေချင်တဲ့ စိတ်ဆန္နနဲ့ ဖြေးဖြေးချင်း လုပ်ဆောင်ရတာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

“ သေဆုံးသွားတဲ့ လူတွေခန္ဓာကိုယ် ပြန်ရဖို့ ဖြေးဖြေးချင်းလုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ငါးလ လောက်အထိ ကြာသွားတာပေါ့”

အဲ့ဒီ ထောက်ပံ့ကြေးပေးပွဲမှာ ငွေကျပ်သိန်း ၁၀၀ နဲ့အတူ NTL ကုမ္ပဏီဘက်က သတင်းစကား ပါးလိုက်တာက တိုက်ခန်း ပိုင်ရှင်တွေအနေနဲ့ အချိုးကျငွေထည့်ဝင်ပြီး ကွန်ဒိုအသစ်တခန်းပြန်လည် ဆောက်လုပ်ပေးမယ်ဆိုတာပဲ ဖြစ်ပါတယ်။အချိုးကျငွေ မထည့်နိုင်ရင်တော့ အခန်းသစ်ရမှာ မဟုတ်ဘဲ ငွေထည့်ဝင်ဖို့ ခက်ခဲသူတွေကို သူတို့ N.T.L ကုမ္ပဏီဘက်က ဘဏ်နဲ့ အရစ်ကျ ပေးနိုင်ဖို့ချိတ်ဆက်ပေးမယ်လို့လည်း ဆိုပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံ ကွန်ဒိုဥပဒေလို့ ခေါ်တဲ့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေ (၂၀၁၆) အရ လို့ ဦးလင်းလင်းထွန်းက သုံးစွဲခဲ့ပေမယ့် ဒီဥပဒေမှာ သဘာဝဘေးကြောင့် ပျက်စီးရင် ဖြစ်ပေါ်လာမဲ့ အခြေအနေကို ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။ ဒါ့ကြောင့် ဒီကွန်ဒိုဥပဒေဟာ တိုက်ခန်းပိုင်ရှင်တွေအတွက် သဘာဝဘေးနဲ့ ကြုံလာရင် နစ်နာတယ်လို့ ဥပဒေပညာရှင်တွေက တောက်လျှောက် သတိပေးလာကြတာ ဖြစ်ပါတယ်။

“မြေပြိုပြို၊ ငလျင်ဖြစ်ဖြစ်၊ မီးလောင်လောင် တိုက်ခန်းပိုင်ရှင်က ဘာမှမရဘူး၊ အောက်ကမြေကို ပိုင်ရှင်က ပိုင်တယ်၊ တိုက်ခန်းပိုင်ရှင်ကတော့ သူ့တိုက်ခန်း မရှိရင်သွားပြီ“ လို့ အိမ်ခြံမြေအကျိုးဆောင် ရှေ့နေတဦးက ဆိုပါတယ်။

ဒါ့ကြောင့် သဘာဝဘေးကြုံလာတဲ့အခါ ကွန်ဒိုပိုင်ရှင်ကုမ္မဏီနဲ့ အခန်းဝယ်ယူသူကြား ချုပ်ဆိုထားတဲ့ စာချုပ်ကိုပဲ အတည်ယူကြတာ ဖြစ်တယ် လို့ ရှေ့နေက ရှင်းပြပါတယ်။ SKY Villa အဆောက်အဦးမှာ ချုပ်ဆိုထားတဲ့ စာချုပ်အရ သဘာဝဘေးကြောင့် ပြိုကျပျက်စီးသွားရင် ကုမ္မဏီနဲ့ ပိုင်ရှင်အချိုးကျ ထည့်ဝင်ပြီး အသစ်ပြန်ဆောက်ဖို့ ချုပ်ဆိုထားကြောင်း နားလည်ရပါတယ်။ ဒါပေမယ့် ဒီပြိုကျမှုမှာ အဂတိပါဝင်မှု၊ အရည်အသွေးကြံခိုင်မှု၊ စတဲ့ စစ်ဆေးမှု အရေးယူမှု တစုံတရာ မရှိဘဲ မြေငလျင်ကိုပဲ အလုံးစုံ အပြစ်ပုံချတာကြောင့် ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

ငလျင်ထူထောင်ရေး နဲ့ဆောက်လုပ်ရေးအကြပ်အတည်း

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ငလျင်ကြီးအပြီး မန္တလေးမြို့ကို ပြန်လည်တည်ဆောက်ရာမှာ ငလျင်ဒဏ်ကို ရစ်ချ်တာစကေး ၈ အထိ ခံနိုင်တဲ့ အဆောက်အဦးတွေကိုပဲ ဆောက်လုပ်ရမယ်လို့ ဧပြီလ ၂၉ ရက်မှာ ညွှန်ကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီညွှန်ကြားချက်ဟာ အဓိပ္ပာယ်မရှိသလို မိုက်မဲတဲ့ ညွန်ကြားချက်ဖြစ်တယ်လို့ အင်ဂျင်နီယာ တွေက ဝေဖန်ကြပါတယ်။ ဘာကြောင့်လဲဆို မြန်မာ့ဆောက်လုပ်ရေးဟာ အာဏာသိမ်းပြီနောက်မှာ အကြပ်အတည်း မျိုးစုံဆိုက်နေတာ ဖြစ်ပြီး စစ်အုပ်စုရဲ့ ပိတ်ဆို့ရေး အစီအစဉ်တွေကလည်း ဒီအကြပ် အတည်းကို ပိုဆိုးစေတာကြောင့် ဖြစ်ပါတယ်။ငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေးမြို့မှာ လုပ်သား ရှားပါးမှု၊ ဘိလပ်မြေ၊ သံချောင်းနဲ့ အိမ်ဆောက် ပစ္စည်း ရှားပါးမှုတွေ ကြုံတွေ့နေရတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတချို့ဟာ ရပ်ဆိုင်းထားကြရပါတယ်။

ဒီအခြေအနေမှာ တင်သွင်းအသုံးပြုနေတဲ့ ကုန်ကြမ်းပစ္စည်းတွေကို အရည်အသွေးစစ်ဆေးဖို့ မလုပ်နိုင်ကြတော့ဘဲ စည်ပင်ဌာနကို လာဘ်ငွေပေးနေရတယ်လို့ ပြည်တွင်းသတင်းဌာနတွေက ထုတ်ဖော်ရေးသားကြပါတယ်။ လက်ရှိဆောက်လက်စအဆောက်အဦးတွေ ခေတ္တရပ်နားထားရပြီး စည်ပင်က ပြန်စစ်ဆေးမှုတွေ ပြုလုပ်ကာ ငွေဝင်ပေါက် တခုဖြစ်လာတယ် လို့ သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

“ စနစ်ကိုမပြောင်းဘဲနဲ့တော့ ခြစားမှုက ပိုပိုဆိုးလာမှာပဲ၊ အခု စနစ်ကိုမပြင်ဘဲနဲ့ လုပ်တော့ ဒီစည်ပင် အတွက် လုပ်စားဂွင်ပဲဖြစ်သွားတာပေါ့” လို့ မန္တလေးမြို့ခံ အင်ဂျင်နီယာ တဦးကပြောပါတယ်။

ငလျှင်ပြီးစ မန္တလေးမြို့မှာဆိုရင် အိမ်ရှင်တွေ၊ လုပ်ငန်းရှင်တွေက အဆောက်အဦးကို ပိုမိုစိတ်ချ ခိုင်ခံ့ဖို့ ထက် ဈေးသက်သာဖို့ကိုပဲ ဦးစားပေးနေကြတယ်လို့ အဆိုပါ အင်ဂျင်နီယာက ပြောပါတယ်။ ငလျင် အပြီး စီးပွားရေး ကြပ်တည်းတာကြောင့် ပြန်လည် နာလန်ထူဖို့ ခက်ခဲနေတဲ့ အချိန်မှာ အဆောက်အဦး တွက် ငွေမသုံးချင်တော့ဘူးလို့ သူက ဆိုပါတယ်။

“ လူတွေက အကုန်အကျခံနိုင်တာ နည်းတယ်။ ဥပမာပြောရရင် Soil Test မြေသားစမ်းသပ်တာက အရမ်းအရေးပါတယ်။ သူက တကျင်းကို သိန်း ၁၀၀ လောက်ကုန်တာ၊ အဲ့တော့ လူတွေက မလုပ်ချင် တော့ဘူး” လို့ အဆိုပါ အင်ဂျင်နီယာက ဆိုပါတယ်။

ပြည်သူတွေရဲ့ စီးပွားရေးကြပ်တည်းမှု၊ ဆောက်လုပ်ရေးလုပ်ငန်း အားနည်းမှုတွေနဲ့အတူ စစ်အာဏာရှင် စနစ်ဆိုး ကြောင့်လည်း အဆိုးကျော့ သံသရာကြီးဆီကို ပြန်ပြီး ဦးတည်နေပါတယ်။ အနာဂါတ်မှာ ထပ်ဖြစ်လာမဲ့ ငလျင်တွေမှာလည်း ပြင်ဆင်မှုအားနည်းနေကြောင်းကို ပြသနေတာပါ။ စစ်ကိုင်းပြတ်ရွေ့ကြီးသာမကဘဲ ဘယ်သဘာဝဘေးအန္တရာယ်ကိုမှ တားဆီးဖို့တော့ မဖြစ်ပါဘူး၊

ဒါပေမယ့် လူတွေကို တကယ်တမ်း သတ်လိုက်တာက ခြစားမှု ဖြစ်ကြောင်း မြေကြီးပေါ် အကျဉ်းတန်စွာ လဲပြိုနေတဲ့ တချိန်က မန္တလေးမြို့ရဲ့ နိုင်ငံတကာအဆင့်မြင့် SKY Villa ကွန်ဒိုကြီးက သက်သေခံလို့ နေပါတယ်။

Related Articles

Back to top button