မန္တလေးသတင်း

မိတ္ထီလာ ဝမ်းတွင်းနယ်မှာ စစ်အုပ်စုက ရွာတွေ ပိတ်ဆို့စီးနင်းကာ လူငယ်တွေကို ဖမ်းဆီး၊ ပြန်ပေးဆွဲနေ၊

နှစ်ရက်အတွင်း ဖမ်းဆီးခံရသူ ၁၂ဦး ထက်မနည်း ရှိ၊

​ဝင်းသိန်း/MFP၊ ဧပြီ – ၂၀

​မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုက စစ်ကြောင်းထိုးတာမျိုး မဟုတ်ဘဲ ကျေးရွာတွေထဲ အတင်းအဓမ္မ စီးနင်းဝင်ရောက်ကာ လူငယ်တွေကို လိုက်လံ ဖမ်းဆီး၊ ငွေကြေးနဲ့ ပြန်လည်ရွေးခိုင်းတဲ့ စီးပွားရေးဆန်ဆန် ပြန်ပေးဆွဲမှုတွေကို ခပ်စိပ်စိပ် လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။ ​

ဧပြီ ၁၈ ရက်က ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲကျေးရွာ ရဲစခန်းထဲနေ စစ်အုပ်စု လက်နက်ကိုင်တွေဟာ ဝမ်းတွင်းနယ်၊ ရန်ကုန် – မန္တလေး ကားလမ်း အရှေ့ဘက်ခြမ်းရှိ မင်းကန်နဲ့ ရုံးစုရွာတွေကို စီးနင်း ပိတ်ဆို့ပြီးနောက် အိမ်ပေါ်ထိတက်ကာ လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်ထဲအထိ ဝင်ဖမ်းသလို ရွာအပြင် တောထဲထွက်ပြေးသူတွေကိုပါ လိုက်လံဖမ်းဆီးတာကြောင့် မင်းကန်ရွာနဲ့ ရုံးစုရွာခံ အသက် ၂၀ကျော်အရွယ် အမျိုးသား ခြောက်ဦး စစ်အုပ်စုရဲ့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတာ်။

ဧပြီ ၁၉ ရက် မနက်ပိုင်းမှာလည်း ဝမ်းတွင်းမြို့နယ် ရိုးကန်ရွာကို စစ်အုပ်စုက ကားနှစ်စီး၊ ဆိုင်ကယ် နှစ်စီးနဲ့ ရောက်လာပြီး ရွာကို ပိတ်ဆို့ကာ လူဖမ်းဖို့ ကြိုးစားခဲ့ပေမဲ့ ရွာသူရွာသားတွေ ကြိုတင် ရှောင်တိမ်းနိုင်ခဲ့လို့ ဖမ်းဆီးခံရသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ရိုးကန်ရွာထဲ လူဖမ်းမမိတာကြောင့် အရှေ့ဘက်ကို ပြန်လှည့်ပြီး ကုန်းကြီးအုပ်စု၊ ကြပ်ကန်ရွာနဲ့ ဝက်လက်ရွာတို့ကို စီးနင်းကာ အသက် ၂၀နဲ့ ၃၀ ဝန်းကျင်ရှိ အမျိုးသား ခြောက်ဦးကို ထပ်မံ ဖမ်းဆီးတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် Voice Of Wundwin တာဝန်ရှိသူတဦးက MFPကို ပြောပါတယ်။

​“ဒါက စစ်ကြောင်းထိုးတာမျိုး မဟုတ်ဘူးဗျ။ မြင်ရသလောက်ကတော့ ချောပတ်ဆွဲပြီး ပြန်ပေးဆွဲတဲ့ သဘောပဲ။ လူဖမ်းတယ်၊ ပြီးရင် ငွေနဲ့ ပြန်ရွေးခိုင်းတယ်။ စီးပွားရေး လုပ်စားနေတာ။ လူတစ်ယောက်ကို အနည်းဆုံး ငါးသိန်းကနေ သိန်းငါးဆယ်အထိ တောင်းတယ်”

​အခုလို လူဖမ်းငွေညှစ်နေတာဟာ ပင်းတလဲရဲစခန်းထဲနေ စစ်အုပ်စုရဲ့ လက်ချက်ဖြစ်ပြီး အဲ့ဒီ ပင်းတလဲ စခန်းမှူးနဲ့ ဗိုလ်တွေဟာ အချိန်တိုအတွင်း ငွေအမြောက်အမြား ရှာဖွေနေကြတာလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ပင်းတလဲရဲစခန်းကို ရောက်လာတဲ့ စစ်ဗိုလ်တစ်ယောက်ဆိုရင် ဒေသတွင်း လူဖမ်း၊ ငွေညှစ်တာတွေ အကြီးအကျယ် လုပ်ကိုင်ကာ အချင်းချင်း အဝေမတည့်တာကြောင့် စစ်အုပ်စု အချင်းချင်း ပြန်တိုင်လို့ နှစ်လခွဲလောက်နဲ့ ပြောင်းသွားရပေမဲ့ ကျပ်သိန်း ၇၀၀၀ ကျော် ရသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ​

ဝမ်းတွင်းနယ်ထဲ စစ်အုပ်စုက လူဖမ်း၊ ငွေညှစ်ရာမှာ အပေါ်ပိုင်းအရာရှိအဆင့်တွေက အောက်ခြေတပ်သား စစ်အုပ်စု လက်နက်ကိုင်တွေကို လူတစ်ယောက် ဖမ်းမိရင် ကျပ်သုံးသိန်းခွဲနှုန်း ခွဲတမ်းချပေးလေ့ရှိပြီး ကျန်တဲ့ငွေတွေကိုတော့ အပေါ်ပိုင်း အရာရိအဆင့်တွေ ခွဲဝေယူကြတာလို့ Voice Of Wundwin တာဝန်ရှိသူက MFPကို ပြောပါတယ်။ ​

“ပိုက်ဆံ ပေးနိုင်တဲ့သူဆိုရင် ပြန်လွှတ်ပေးတယ်။ ပိုက်ဆံ မပေးနိုင်တဲ့သူဆိုရင်တော့ စစ်မှုထမ်း သင်တန်းကို အတင်းပို့ပြစ်တာ။ တစ်ရက်တစ်ညကို လူငယ် ၂၀ ကနေ ၃၀ ကြားရအောင် လိုက်ပတ် ဆွဲနေတာဗျ”

​ဝမ်းတွင်းမြို့နယ်အတွင်း စစ်အုပ်စုက စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ကျေးရွာတွေထဲအထိ ကားတွေနဲ့ လှည့်လည်ကာ ဖမ်းဆီးနေတာကြောင့် ရပ်ရွာဒေသခံ လူငယ်တွေ အများစု ဘေးလွတ်ရာကို တိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း မိတ္ထီလာမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲ၊ ဖမ်းဆီး၊ ငွေညှစ်တဲ့ စစ်အုပ်စု၊ ရဲနဲ့ ပျူစောထီးတွေ အကြား အဝေမတည့်ဖြစ်ကာ အချင်းချင်း တိုင်ကြားလို့ ပျူခေါင်းဆောင် ဖမ်းဆီး ထောင်ချခံခဲ့ရပါသေးတယ်။

၂၀၂၄ မတ်လက စလို့ စစ်အုပ်စုက နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို အသေခံ စစ်သားသစ် အဖြစ် အသုံးချဖို့ ရပ်ကွက်၊ ကျေးရွာအလိုက် ခွဲတမ်းချကာ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပါတယ်။ စစ်သားသစ် မဖြစ်လိုတဲ့ ငွေကြေးတတ်နိုင်သူတွေက စစ်အုပ်စုကို ငွေပေးကာ လူစားထိုး ထည့်သွင်းနေကြတာကြောင့် ဝမ်းတွင်းနယ် အပါအဝင် နိုင်ငံတဝန်းမှာ အခုလို လူဖမ်း၊ ပေါ်တာဆွဲတာတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

မိတ္ထီလာ၊ ဝမ်းတွင်းနယ်ထဲ အုပ်စုဖွဲ့ လက်နက်ကိုင် လမ်းပေါ်တက်ကာ လမ်းသွားလမ်းလာတွေကို တားဆီး စစ်ဆေးနေတဲ့ စစ်အုပ်စု ပျူတွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #မိတ္ထီလာ #ဝမ်းတွင်း

Related Articles

Back to top button