
ရေပုတ်နဲ့ ဇီးဖြူကောင်းကျေးရွာတို့ မီးရှို့ဖျက်ဆီးခံရပြီး အိမ်ခြေ ၉၀ နီးပါး ပြာကျပျက်စီး၊
ဝင်းသိန်း/MFP၊ ဧပြီ ၂၆
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ပေါ်တာဆွဲ စစ်သားသစ်တွေကို အကြောင်းမဲ့ ရွာစဉ်ပတ်မွှေ လုယက်မီးရှို့၊ ဖောက်ထွင်းခိုးယူ ခိုင်းနေပြီး ဧပြီ ၂၅ရက်က ရေပုတ်ကျေးရွာနဲ့ ဇီးဖြူကောင်းကျေးရွာတို့ကို စီးနင်းဝင်မွှေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်ရှိ စစ်အုပ်စုရဲ့ လက်နက်ထုတ်စက်ရုံတွေဖြစ်တဲ့ ကပစ – ၂၁၊ ကပစ – ၂၂၊ ဆိပ်ဖြူမြို့ ဘောလုံးကွင်းတွေထဲ အထိုင်စခန်းချနေတဲ့ စစ်အုပ်စုနဲ့ ချောက်မြို့ပေါ်ကနေ လာတဲ့ စစ်အုပ်စု၊ ပူးပေါင်း အင်အား ၂၀၀ လောက်ဟာ ကားလေးစီးနဲ့ ဆိပ်ဖြူနယ်ထဲ အကြောင်းမဲ့ ရွာစဉ်ပတ်မွှေ လုယက်၊ မီးရှို့နေတာလို့ ဆိုပါတယ်။
ဧပြီ ၂၅ရက် မွန်းလွဲပိုင်းမှာ ကားလေးစီးနဲ့ လာတဲ့ စစ်အုပ်စု အင်အား ၂၀၀ ကျော်ဟာ ဆိပ်ဖြူမြို့နယ် ရေပုတ်နဲ့ ဇီးဖြူကောင်းကျေးရွာတို့ကို စီးနင်းဝင်ရောက်ကာ ရွာထဲရောက်ပြီး ၁၅ မိနစ်အကြာမှာတင် နေအိမ်တွေကို မီးတင်ရှို့ဖျက်ဆီးတာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“သူတို့ (စစ်အုပ်စု)က ကားတွေနဲ့ အလုံးအရင်း ဝင်လာတာ။ ရွာထဲ ရောက်တာနဲ့ ခဏလေးပဲ၊ ဘာတိုက်ပွဲမှလည်း ရှိတာ မဟုတ်ဘူး၊ အကြောင်းမဲ့ကို လိုက်ရှို့တာ။ ဇီးဖြူကောင်းရွာဆိုရင် အဟောင်းဘက်က ခြောက်အိမ်ပဲ ကျန်တော့တယ်။ ရွာလုံးကျွတ်နီးပါး ပြာဖြစ်သွားတာပဲ” လို့ ဆိပ်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဇီးဖြူကောင်းကျေးရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ရွာဖြစ်ပြီး စစ်အုပ်စုက အကြောင်းမဲ့ စီးနင်းလုယက် မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၇၂ လုံး ပြာကျတယ်လို့ ဆိုပါတယ်။
ရေပုတ်ကျေးရွာကိုလည်း အထက်ပါ စစ်အုပ်စုကပဲ စီးနင်းဝင်ရောက် မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၈ လုံး ပြာကျပြီး နှစ်ရွာပေါင်း အိမ်ခြေ ၉၀ ခန့် ပြာကျပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မီးရှို့ပြီးတာနဲ့ သူတို့ စစ်ကြောင်းက ပြန်ထွက်သွားကြတယ်။ အခုတော့ ရွာသားတွေအားလုံး စစ်ရှောင်နေရတာပေါ့။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးရတာဆိုတော့ အစားအသောက်ရော၊ နေစရာရော အကူအညီတွေ အများကြီး လိုနေပါတယ်” လို့ အထက်ပါ ဒေသခံ အမျိုးသားက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ဆိပ်ဖြူမြို့နယ်ထဲ နယ်မြေစိုးမိုးနိုင်ရေး ကြိုးစားနေပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေလည်း မကြာခဏ ကျူးလွန်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာလည်း ဆိပ်ဖြူနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယောဒေသနဲ့ ချောက်မြို့နယ် ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ မီးရှို့လို့ သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာပါ။
ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ ထဲကို စစ်အုပ်စုက ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ် အများအပြား ပို့လွှတ်ထားပြီး စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကာလ ၂၀၂၅ နှစ်ကုန်ပိုင်းက စလို့ စစ်အုပ်စုက အင်အားသုံးကာ ပခုက္ကူနယ်ထဲ တကျော့ပြန် စစ်ကြောင်းထိုးကာ ရွာမီးရှို့၊ လူသတ်၊ လုယက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိပ်ဖြူမြို့နယ် ရေပုတ်နဲ့ ဇီးဖြူကောင်းကျေးရွာတွေကို ဧပြီ ၂၅ရက်မှာ အာဏာသိမ်း စစ်အုပ်စုက အကြောင်းမဲ့ စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ဆိပ်ဖြူ #ပခုက္ကူ



