ဆိပ်ဖြူ ကပစ ၂၂ ကို စစ်အုပ်စု အင်အား ဖြည့်ပြီး စစ်ကြောင်းထိုးလို့ ပြည်သူတွေ ထွက်ပြေးနေရ၊

စစ်အုပ်စု စစ်ကြောင်းကို မိုင်းဆွဲရာ အသေအပျောက် များဟုဆို၊
အီသာရမ်/MFP၊ မေ-၃
မကွေးတိုင်း၊ ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်အစပ်မှာ ရှိတဲ့ စစ်အုပ်စုရဲ့ လက်နက်ထုတ်လုပ်တဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂၂)ထဲ စစ်အုပ်စု အင်အားဖြည့်ပြီးနောက် ပေါက်မြို့နယ်ဘက် ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး အဲဒီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ဧပြီ ၃၀ ရက်မှာ မန္တလေးတိုင်း၊ မေမြို့က လာတဲ့ စစ်အုပ်စု အင်အား ၅၀၀ ခန့်ပါ ကားတန်းနဲ့ ကပစ ၂၂ ထဲ အင်အားဖြည့်ပြီးနောက် မေလ ၁ရက်က စပြီး ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။
ပေါက်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို ပေါက်မြို့နယ်တောင်ပိုင်း၊ ချောင်းဆုံလမ်းခွဲ အနီးမှာ တော်လှန်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အသေအပျောက် များတယ်လို့ ပေါက်မြို့နယ် မြေပြင်သတင်းမှန် ပြန်ကြားရေးအဖွဲ့က နတ်ဆိုးနဂါး က ပြောပါတယ်။
“မနက်အစောပိုင်း ကပစ ၂၂မှ အင်အား၅၀ခန့် ကင်းပတ်ထွက်တာကို ကျနော်တို့ မဟာမိတ်ဖွဲ့များမှ စောင့်ကြို တိုက်ခိုက်ခဲ့တာပါဗျ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကပစ-၂၂ ကို ပြန်ပို့ပြီး ထပ်ဖြည့်အင်အား ၂၅ ယောက်လောက်နဲ့ ပေါက်နယ်ကို စစ်ကြောင်း ထပ်ထိုးလာတာ”
မိုင်းထိကာ စစ်အုပ်စု ရှစ်ယောက်ခန့် သေပြီး ဒဏ်ရာရသူလည်း များတယ်လို့ ဆိုပါတယ်။

အဲ့ဒီ မိုင်းဆွဲတိုက်ခိုက်မူကို ပေါက်တောင်ပိုင်း ဗိုလ်နားပေါက်အဖွဲ့၊ ပေါက်မြို့နယ် ပကဖနဲ့ ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မေလ ၃ ရက် ဒီနေ့မှာတော့ စစ်အုပ်စုဟာ ပေါက်မြို့နယ်တောင်ပိုင်း သပြေရေရွာကို စီးနင်းဝင်မွှေနေပြီး သပြေရေရွာ အပါအဝင် ဒေသတွင်း ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေကြရပြန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်နယ်တောင်ပိုင်းမှာ စစ်အုပ်စု သစ္စာခံ ပျူစောထီးရွာတွေ ရှိပြီး စစ်အုပ်စုနဲ့ ပျူတွေက ကျေးရွာတွေကို မကာခဏ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်တာကြောင့် ဒေသခံပြည်သူတွေ မကြာခဏ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။


ပေါက်မြို့နယ် လမ်းပိုင်းတစ်ခုနဲ့ စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ပေါက် #ကပစ



