မန္တလေးသတင်း

တောင်သာမှာ တော်လှန်ရေးတပ်ဖွဲ့တွေ စီးလာတဲ့ကားကို စစ်အုပ်စု ခြုံခိုပစ်ခတ်လို့ PDF ရဲဘော် ၁၁ ဦး ကျဆုံးပြီး လက်နက်ခဲယမ်းတွေပါ ဆုံးရှုံး

MN/MFP ၊ မေ – ၄

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ဒီကနေ့ မေ ၄ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်းလာတဲ့ကားကို စစ်အုပ်စုက ခြုံခိုပစ်ခတ်ခဲ့တာကြောင့် PDF ရဲဘော် ၁၁ ဦး ကျဆုံးပြီး လက်နက်ခဲယမ်းတွေ ဆုံးရှုံးခဲ့တယ်လို့ မြေပြင်တော်လှန်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

တောင်သာမြို့နယ်အရှေ့ခြမ်းရှိ သံဘိုရွာမ ကျေးရွာအနီးမှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်က မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက တော်လှန်ရေးရဲဘော်တွေ စီးနင်းလိုက်ပါလာတဲ့ 4 Wheel အမျိုးအစား မော်တော်ယာဉ်ကို စစ်အုပ်စုနဲ့ပျူတွေက အသင့်စောင့်ဆိုင်းပြီး ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“ကျွန်တော်တို့ ရဲဘော်တွေ ၁၁ ယောက်ကျသွားပါတယ်ဗျ။ ဒီကနေ့ မနက်ကဖြစ်သွားတာပါ။ လက်နက်ကလည်း သူတို့ထုတ်ပြန်ထားသလိုတော့မဟုတ်ဘူး ၁၄ လက်လောက် ပါသွားတာပါ။ ကားရော ကျည်ပိုတွေရော အတော်များများပါသွားတာပါ။ သူတို့(စစ်အုပ်စု)ဘက်ကတော့ အမှန်တင်မှာမဟုတ်ဘူး (သေနတ်)ခုနစ်လက်ပဲ ချပြထားတာတွေ့ရတယ်”လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းနဲ့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ရဲဘော်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး စစ်အုပ်စုဘက်က ဝါဒဖြန့်ထားရာမှာ ဒီကနေ့ မနက်ပိုင်း ကိုးနာရီဝန်းကျင်က PDF တွေဟာ 4 Wheel မော်တော်ယာဉ်နဲ့ ရွှေစည်ကြီး ကျေးရွာဘက်ကနေ သံဘိုရွာမ ကျေးရွာဘက်ကို မောင်းနှင်လာတာ သတင်းရတာကြောင့် အသင့်နေရာယူထားပြီး စောင့်ကြိုတိုက်ခိုက်ရာ ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။

တိုက်ပွဲအတွင်းမှာ PDF ရုပ်အလောင်း ၁၀ လောင်း၊ MA-1 သုံးလက်၊ MA-3 တစ်လက်၊ Type-81 တစ်လက်၊ BA-63 တစ်လက်၊ BA-100 တစ်လက်၊ BA-100 (၆၀ မမ) ဗုံးသီး ငါးလုံး၊ လက်ပစ်ဗုံး သုံးလုံး၊ ကျည်ကာဦးထုပ် ကိုးလုံး၊ ကျည်ကာအင်္ကျီ ခုနစ်ထည်၊ ကျည်ဘောက်မျိုးစုံ ရှစ်ဘောက်၊ 4 Wheel Extra cup မော်တော်ယာဉ် တစ်စီး သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်အုပ်စုက ဆိုထားပါတယ်။

စစ်အုပ်စု ခြုံခိုချောင်းမြောင်း တိုက်ခိုက်ခဲ့တာကြောင့် ကျဆုံးခဲ့တဲ့ ရဲဘော် ၁၁ ဦးထဲမှာ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တစ်ဦးလည်း ပါဝင်တယ်လို့ နောက်ထပ် တော်လှန်ရေး သတင်းရင်းမြစ်ကလည်း MFP ကို ပြောပါတယ်။

“မနက်က (စစ်အုပ်စု)ကင်းပုန်းနဲ့တွေ့ပြီးတော့ သံဘိုရွာမြောက်ဘက်နားမှာ ချောင်းအပစ်ခံရတာ။ ကားပေါ်မှာဆိုတော့ ဘာမှပြန်မလုပ်နိုင်တော့ဘူးပေါ့။ ကျဆုံးခဲ့တဲ့ ၁၁ ယောက်ထဲမှာ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် တစ်ဦးလည်း ပါပါတယ်။ လက်နက်ခဲယမ်းတွေလည်း ပါသွားတာ ဟုတ်ပါတယ်။ တော်လှန်ရေးရဲဘော်တွေ အားလုံးအနေနဲ့လည်း စနစ်တကျ သတင်းရယူတာ၊ စစ်ကိုလည်း စနစ်တကျနဲ့ပြင်ဆင်၊ စနစ်တကျနဲ့ ပြန်ပြီးတော့ အားဖြည့်ပြီး ပြန်တိုက်မှရမှာ။ အမှန်ကတော့ စစ်ဆိုတာ ကိုယ့်ရဲ့အားနည်းချက်ကို ရန်သူမသိမှ စစ်ကနိုင်တာ။ ခံစစ်ကို မပိုင်ပဲနဲ့ ထိုးစစ်ကိုသွားလုပ်ရင် ဟိုရန်သူ့ဘက်ကနေ တန်ပြန်လာတဲ့အခါမှာ ကိုယ်ဘက်က ဘာမှမတတ်နိုင်တော့ဘူးဖြစ်သွားတာ။ ကိုယ်ဘက်က အားနည်းချက်အခြေအနေကိုလည်း သိထားဖို့လိုတာပေါ့”လို့ တောင်သာနယ်အခြေစိုက် တော်လှန်ရေးရဲဘော်က ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက တောင်သာမြို့နယ်ထဲမှာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး မေ ၂ ရက်က ခလဗျားကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဒီကနေ့ မေ ၄ ရက် ညနေပိုင်းမှာလည်း သံဘိုရွာက ကျန်နေသေးတဲ့ နေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။

တောင်သာနယ်ထဲမှာ စစ်အုပ်စု ကျေးရွာတွေကို စီးနင်းလုယက်မီးရှို့နေဆဲဖြစ်တာကြောင့် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ သောက်သုံးရေ စတဲ့ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#ချင်းပြည်နယ် #မြင်းခြံ #တောင်သာ #PDF၁၁ဦးသေ

Related Articles

Back to top button